Rosacea သတ်ပုံမှားတာကိုတော့ ကော်တီဇုန်းဆေးနဲ့ မပျောက်နိုင်

Hello ဆရာ

မေးနည်းစည်းကမ်း ပို့လိုက်တယ်။

rosacea ရောဂါကသေချာကုရင်ပျောက်လားဆရာ hydrocortisone လို steroid cream တွေက အရမ်းဆိုးရင် လိမ်းသင့်လား ဆရာ ဖြေပေးပါအုန်းနော် ဆရာ 🙏

မေးနည်းစည်းကမ်း ပို့ထားပြီး။ ရောဂါဖြစ်သူ ကလေး လူကြီး မသိ။ ကျား မ မသိ။ အသက် မသိ။ ဖြေရန်မရှိ။ ဆောရီး။

အသက်က ၂၀ ပါဆရာ မိန်းကလေးပါ ပျောက်ပီထင်ပီး moisturizer တွေလိမ်းရင် ပြန်ရဲပီး ယောင်ပီး အပိန့်တွေထွက်နေလို့ပါ ဘာမှ မလိမ်းဘဲထားသင့်လားဆရာ

Rosacea ခေါ် မျက်နှာမှာ အနီမှတ်လိုဖြစ်တာမျိုးက နဖူး၊ မေး၊ ပါး၊ နှာခေါင်းတွေမှာပေါ်တတ်တယ်။ မပျောက်နိုင်ဘဲ ကြာနေတတ်တယ်။ ကြာရင် ပိုနီတယ်။ သွေးကြောမျှဉ်လေးတွေပါမြင်လာရမယ်။ အပေါ်ယံအရေက ထူလာမယ်။ အကျိတ်လေးလိုဖြစ်လာမယ်။ ပိုးဝင်ရင် ပြည်တည်တယ်။ ဆေးပေးနည်း၊ လေဆာနည်း၊ ခွဲစိတ်နည်း၊ Dermabrasion နဲ့ Electrocautery နည်းတွေနဲ့ကုသတယ်။

Hydrocortisone ဟိုက်ဒရိုကော်တီဇုံးဆိုတာ စတီရွိုက်ဆေးဖြစ်တယ်။ သိပ်အစွမ်းထက်ပြီး သိပ်သတိထား သုံးရတာမျိုး။ အရေပြားမှာ ယားယံတာ၊ နှင်းကူနာ၊ အကောင် ကိုက်တာ၊ တခုခုနဲ့ မတည့်တာ၊ စအိုယားတာ၊ ခေါင်းယားတာ၊ စတာတွေအတွက် Hydrocortisone 0.5% or 1% ဆေးတွေ ဝယ်လို့ လွယ်တယ်။ တနေ့ ၁-၄ ကြိမ်သုံးရတယ်။ လိမ်းဆေးညှစ်ဘူး၊ ခရင်မ်၊ လိမ်းဆေးရည်၊ အရည်၊ ဂျဲလ်၊ စပရေး၊ အမြှုပ်၊ စအိုထဲထည့်ဆေး၊ ပါးစပ်ထဲထည့်ဆေး၊ ပုံစံအမျိုးမျိုးနဲ့လာတယ်။ ဆေးအမည်တွကလဲ အမျိုးမျိုး။ ဒီဆေးကို ဆရာဝန် မညွှန်ဘဲ မသုံးသင့်ဘူး။ ဆေးကို များရာနေ တဖြည်းဖြည်ချင်းလျှော့ရတယ်။ တုံးတိမရပ်ရပါ။

ဘေးထွက်ဆိုးကျိုးတွေ တလှေကြီးရှိတယ်။ အရေပြား ခြောက်ကွဲတယ်၊ ပါးတယ်။ ဝက်ခြံထွက်၊ ယားယံ၊ ပူလောင်၊ အရောင်ပြောင်း၊ အမွေးပေါက်တာပိုများ၊ သွေးခြည်ဥမယ်။ အစာမကျေ၊ ဗိုက်အောင့်၊ ခေါင်းမူး၊ ပျို့-အန်၊ အိပ်ရေးပျက်၊ စိတ်ကျ၊ ရာသီထိန်နိုင်တယ်။ အသက်ရှူခက်၊ ရင်ကျပ်၊ အနာကျက်နှေး၊ ချွေးထွက်များ၊ ခေါင်းကိုက်၊ မျက်နှာ၊ လက်မောင်း၊ ခြေထောက်၊ လည်ပင်း၊ ရင်သားဖေါင်းပြည့်၊ ဒါကြောင့် ဝလာ၊ ရောင်လာ၊ ဖေါလာစေမယ်။ အလေးချိန်တိုးမယ်။

လိမ်းဆေးကို ရက်တိုတိုသုံးရင် ရတယ်။ စားဆေး ထိုးဆေးတွေကသာ ဘေးထွက်သက်ရောက်မှုတွေ များတယ်။

ပျောက်ပီထင်ပီး၊ ပြန်ရဲပီး ယောင်ပီးတွေမှာ ရရစ်တွေ ကျနေရစ်တယ်။ အဲလိုရေးနေသူတွေ အတော်ကို များတယ်။ သတ်ပုံမှားတာကိုတော့ ကော်တီဇုန်းဆေးနဲ့ မပျောက်နိုင်။

ဒေါက်တာတင့်ဆွေ
၂၂-၁၁-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ