Heads ခေါင်းတရာသားစား
ခေါင်းတရာသားစားဆိုတာ ဘာလဲဆရာ။
ကျန်းမာရေးမေးခွန်းအနေနဲ့မေးတာတော့ မဟုတ်လောက်ပါ။ ရှေးလူကြီးသူမတွေကရဲ့ဆုံးမစကားထဲကဖြစ်ပါတယ်။ ဟိုအရင်က သူငယ်တန်းဖတ်စာထဲမှာလည်း ပါခဲ့တယ်။
ခေါင်းတရာသားဆိုတာ ခေါင်းရော အရိုးပါစားလို့ရတဲ့ ငါးသေးသေးလေးတွေကို စားသင့်ကြောင်းပြောတာ။ အကုန်အကျလည်းသက်သာ ကျန်းမာရေးအရလည်းကောင်းတယ်။ ဆုံးမစာထဲမှာ ဉာဏ်မသုံးတတ်သူက သားကြီး ငါးကြီးတွေ အကောင်တရာပြည့်အောင်စားသတဲ့။
အိမ်နောက်ဖေး ဈေးဆိုင်တည်ဆိုတာတော့ အတော်များများကြားဖူးပါမယ်။ တကယ်ဈေးဆိုင်ဖွင့်ဘို့ မဟုတ်။ နေ့တိုင်း ဝယ်စားနေရတဲ့ ဟင်းသီးဟင်းရွက်တွေကို ကိုယ့်အိမ်နောက်ဖေး (ဘေးဖက်၊ ရှေ့ဖက်မှာလည်း နေရရှိရင်) စိုက်ပျိုးထားပါလို့ ပြောတာ။ ဗိုလ်ချုပ်အောင်ဆန်းက နမူနာပြခဲ့တယ်မဟုတ်ပါလား။
တနေ့ ပုဆိုးသုံးခါလဲ။ တကယ်ပဲ ပုဆိုး၊ ထဘီကို နေ့တိုင်းသုံးခါလဲဘို့မဟုတ်ပါ။ နေရာလှည့်ဝတ်ခိုင်းတာ။
ပတ္တမြား ခေါင်းပေါ်တင်ဆိုတာ ပိုနားလည်ရခက်နိုင်တယ်။ နေမွန်းတည့်ချိန်မှာ နေ့လည်စာစားခိုင်းတာ။ ဆာနေချိန်မှာ စားရင် ထမင်းမြိန်တယ်။ ဆီးသီးချိုချိန်လို့လည်း ပြောကြတယ်။ ချဉ်နေတဲ့ဆီးသီး ဆာနေချိန်မှာစားရင် စားကောင်းတယ်။ ဆာလောင်ခြင်းသည် ဟင်းကောင်းတခွက်ဖြစ်၏။
မသိရင် ခေါင်းသုံးလုံးနဲ့လူကို မေးလို့နဲ့ အဆုံးအမကို အဆုံးသတ်ထားတယ်။ အခုမေးတဲ့သူ ကျွန်တော့်မှာ ခေါင်းအပိုပါတယ်လို့ ထင်မှာမဟုတ်ပါ။ အဲဒီအဆုံးအမ ရှိတာတောင် သိမယ်မထင်။ အသက်ကြီးသူတွေ ဇက်တွေ ခါးတွေ ကုံးနေကြလို့ ထိုင်နေရင် ဒူးနှစ်ခုံးကြားက ငိုက်နေတဲ့ခေါင်းပါမြင်တဲ့ ကလေးတွေ မြေးတွေက ခေါင်းသုံးလုံးလို မြင်ကြရတယ်။ အသက်အရွယ်ကြီးသူတွေက အတွေ့အကြုံနဲ့ ပညာကြီးကြတယ်လို့ ဆိုလိုတာ။
အဲတာတော့ ကျွန်တော်က နည်းနည်းသဘောမတူချင်။ အသက်ကြီးပြီး အချိန်မစီးသူတွေ မကြာခဏတွေ့နေရလို့။ ကန်တော့ပါ။
ဒေါက်တာတင့်ဆွေ
၃-၂-၂ဝ၁၇

Comments
Post a Comment