ပိုးလမ်းမကြီးနဲ့ ပိုးကောင်လေး
မြန်မာပြည်ဟာ တရုပ်နဲ့ အိန္ဒိယကြားမှာတည်ရှိတဲ့ အသားညှပ်ပေါင်မုံ့လို့ တင်စားလေ့ရှိကြတယ်။ တကယ်တော့ အလယ်က အသားတော့ မဟုတ်ပါ။ ပြုတ်တူနဲ့ ညှပ်ခံထားရတဲ့ မလူးသာမလွန့်သာ သတ္တုချောင်းလေးပမာ။
မဟာအိမ်နီးချင်းတွေအကြောင်းပြောရင် အခြေခံအကျဆုံးအချက်တွေကို မေ့မထားမှသာ မှန်တာနဲ့ နီးစပ်မယ်။ တရုပ်ဘာလဲ။ အိန္ဒိယဘာလဲ။ လတ်တလောဖြစ်တာ၊ လွန်ခဲ့တဲ့ဆယ်နှစ်စုတစုလောက်ကဖြစ်တာာတွေ ကြည်တာနဲ့ မလုံလောက်ပါ။
ဒုတိယကမ္ဘာစစ်လောက်ကိုကြည့်ရင် အိန္ဒိယက အင်္ဂလိပ်ကိုလိုနီ။ တရုပ်ကလည်း မဟာမိတ်တွေဘက်က။ အဲတာနဲ့ မြန်မာပြည်မြောက်ဖျားမှာ စတီးဝဲလ်လမ်းမကြီးဖြစ်လာတယ်။ လွတ်လပ်ရေး ကိုယ်စီရကြပြီး စစ်အေးကာလမှာ အိန္ဒိယက ဆိုဗီယက်လူ။ တရုပ်ကလည်း ကွန်မြူနစ်။ မြန်မာပြည်က ကြားနေ။ ဆိုဗီယက်နဲ့ တရုပ်လမ်းခွဲကြတော့ အိန္ဒိယက ဆိုဗီယက်လူအဖြစ် ကျန်ရစ်ကတည်းက ပြိုင်ဘက်သာမက ရန်ဘက်ဖြစ်လာကြတယ်။
မြန်မာပြည်မှာ စစ်တပ်ကအာဏာသိမ်းကတည်းက တရုပ်ကိုပူးတယ်။ စစ်တပ်အုပ်ချုပ်တာ အလွန်အမင်းကြာတော့ မြွေက အိမ်ဦးခန်းရောက်သလို ဖြစ်လာတယ်။ တကယ့် သုံးပွင့်ဆိုင်။ တကယ့် ရွှေတရိဂံ။ တကယ့် မြွေဟောက်။
အဖြစ်အပျက်တွေကိုသာမက သူတို့တတွေရဲ့ သွေးကိုပါ သိရမယ်။ တရုပ်သွေးနဲ့ အိန္ဒိယသွေးဟာ အသားအရောင်ထက် ပိုပြီးကွဲပြားတယ်။ အိန္ဒိယက သူ့ခြံကိုသူ ကြည့်တယ်။ သူ့ခြေထောက်ပေါ်သူ ရပ်နိုင်အောင်လုပ်တယ်။ သူ့အိမ်သားတွေကို ဝလင်အောင်ကျွေးနိုင်ဘို့ ကြိုးစားတယ်။ သူ့ထုတ်ကုန်ကိုသာ အားပေးတယ်။ တကယ့်ကို ဆိုရှယ်လစ်ဆန်တယ်။ ကွန်မြူနစ်တရုပ်က အော်တော့ မော်။ အမေရိကန်ထက်ပိုပြီး အရင်းရှင်ဆန်တယ်။
အိန္ဒိယလည်း နည်းနည်းပြောင်းလာတယ်။ တံခါးတွေ ပွင့်လာတယ်။ နားစွန့်၊ မျက်စိပို ပွင့်လာတယ်။ တရုပ်ကတော့ ဟိုတုန်းက နယ်ချဲ့လို့ခေါ်တာကို ပိုးသားနဲ့ယက်လုပ်လာတယ်။ ပိုးထည်ကို ဝယ်ချင်အောင် ရောင်းတတ်တယ်။ ပိုးသားမှာ ပင့်ကူအိမ်ပါနေတယ်။
မဟာပိုးလမ်းမကြီးစီမံကိန်းကို အိန္ဒိယက သပိတ်မှောက်လိုက်ပြီ။ ဗမာပြည်က ဆက်ပါတယ်။ ဘာလို့လဲ။ အိန္ဒိယမှာ အထက်ကအကြောင်းခံတွေအပြင် ခုခံစွမ်းအား ရှိလို့ဖြစ်တယ်။ ကျွန်တော်တို့တိုင်ပြည်မှာ ခုခံအားကျနေတာ ကြာပြီ။ မကြိုက်တာရှိတိုင်းလည်း ဆန္ဒပြတာနဲ့ မရနိုင်။ နေရူးပြောခဲ့တာက သူ့ထက်ကောင်းတာမရှိလို့ ဒီမိုကရေစီက အကောင်းဆုံးတဲ့။ အခုက မြန်မာပြည်ကခေါင်းဆောင်တွေက အဲလိုပြောဖို့ဖြစ်လာတယ်။
ကျွန်တော်တို့မှာ ပိုက်ဆံတမတ်သာရှိလို့ ငကြင်းခေါင်းကိုင်ချင်လို့မဖြစ်။ ရှိတဲ့တမတ်ကလည်း သုံးမရ။ ပင့်ကူအိမ်ထဲက ပိုးကောင်လေးမှာ ဒုက္ခ။
ခုခံအားကျရောဂါဆိုတာ တသက်လုံးဆေးသောက်နေရတာ။ ရောဂါဘယ်တုန်းကရခဲ့သလဲ ပြောစရာမလိုပါ။
ဒေါက်တာတင့်ဆွေ
၁၉-၄-၂၀၁၉

Comments
Post a Comment