Midwife သားဖွါးဆရာမ

သားဖွါးဆရာမရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်က သားဖွါးပညာရပ်ကို ဆေးပညာနည်းကျ သင်ယူတတ်မြောက်ထားသူ ဖြစ်ပါတယ်။ သားဖွါးဆရာမတွေဟာ မွေးဖွားခြင်းဆိုင်ရာကျန်းမာရေးအတွက် ကာကွယ်ရေးနဲ့ ကုသရေးမှာ ရှေ့တန်းက နေကြရတယ်။ စိတ်ချရအောင်နဲ့ ကုန်ကျစရိတ်နဲ့မျှစေတာကို လုပ်ပေးကြရတယ်။

ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွါးချိန်နဲ့ မွေးဖွါးပြီးကာလသုံးပါအတွက် အတတ်ပညာကို သင်ယူထားသူ ဖြစ်တယ်။ တချို့ နေရာတွေမှာ သားဖွါးခြင်းနဲ့တိုက်ရိုက်မဆိုင်တာကိုပါ လုပ်ရတယ်။ ဒါပေမယ့် မျိုးပွါးခြင်းနဲ့ပတ်သက်တဲ့ ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုကိုသာ လုပ်စေတယ်။ ဥပမာ မီးယပ်ပိုင်းစမ်းသပ်ခြင်း၊ မိသားစုစီမံကိန်းနဲ့ သွေးဆုံးခြင်းကို ပြုစုပေးခြင်းတွေဖြစ်တယ်။ မဖွံ့ဖြိုးသေးတဲ့ တိုင်းပြည်တွေမှာတော့ လူထုကျန်းမာရေးလုပ်သားတွေ လုပ်ရတာတွေကိုပါ လိုအပ်ရင်လုပ်စေတယ်။ အခုလက်ရှိမြန်မာပြည်ကလိုပေါ့။ အဲလိုလုပ်တာမှာ ကောင်းတာရော အားနည်းတာပါ ရှိတတ်တယ်။

မြန်မာပြည်မှာ အရင်ကတော့ သားဖွါးဆရာမကို တနှစ်ခွဲသင်တန်းပေးတယ်။ ဒိနောက်မှာ အလွတ်သင်ကျောင်းတွေက သင်တန်းကာလ အမျိုးမျိုးလုပ်လာတယ်။ အစိုးရခန့်သားဖွါးဆရာမတွေကို ကျေးလက်ကျန်းမာရေးဌာနအောက်မှာဖြစ်ဖြစ် တိုက်နယ် ကျန်းမာရေးဌာနအောက်မှာဖြစ်ဖြစ် တာဝန်ပေးတယ်။ သူတို့အပိုင်နယ်ဆိုတာ ရွာ ၄-၅ ရွာရှိတတ်တယ်။ သားဖွါးကိရိယာ တစုံထက်ပိုပြီး ထောက်ပံ့ပေးတာ မရှိပါ။

သားဖွါးဆရာမတွေလုပ်ကြရတဲ့ ကျန်းမာရေးစီမံချက်တွေက အများကြီးရှိတယ်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးကာကွယ်ဆေး ထိုးလုပ်ငန်းကတော့ သူတို့ရဲ့ ပင်မအလုပ်နဲ့ဆက်စပ်နေတယ်။ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွေက သွယ်ဝှိုက်ပြီးသာ ဆိုင်တယ်။ ကူးစက်ရောဂါ နှိမ်နင်းရေးထဲမှာ ရောဂါတွေကပေါင်းစုံတယ်။ တန်းစီရေးရင် စာအတော်ရှည်သွားမယ်။ ဝမ်းရောဂါ၊ တီဘီ၊ ငှက်ဖျား၊ အိတ်ခ်ျအိုင်ဗွီ။ စာရေးရတာက စာလုံးလေး ၂ လုံး ၃ လုံး၊ ရောဂါတွေက အကြီးစားတွေ။ လုပ်စရာတွေဆိုတာက တရက်တည်းပြီးမဟုတ်။ တလလည်းမဟုတ်။ တသက်စာအလုပ်။

သားဖွါးဆရာမတွေကို စီမံကိန်းအလုပ်တွေနဲ့ မနိုင်ဝန်ကိုထမ်းရတာကို လေ့လာဆန်းစစ်မှုလုပ်ရင် အကျိုးတွေနဲ့ အဆိုးတွေ တွေ့ပါမယ်။ သားဖွါးဆရာမတိုင်းကနေ မွေးလူနာတွေကို အကောင်းဆုံးလုပ်ပေးနိုင်စေချင်တယ်။ တောသူကိုယ်ဝန်ဆောင်တွေက မြို့သူတွေလိုခွဲမမွေးချင်ကြဘူး။ တောက သားဖွါးဆရာမတွေကလည်း မြို့ကအိုဂျီတွေလို ခွဲဘို့မလိုသူတွေကို ခွဲတာမျိုးမလုပ်တတ်သူတွေဖြစ်ကြတယ်။

သားဖွါးဆရာမတွေကိုပေးထားတဲ့ မလွဲမသွေလိုတဲ့ပစ္စည်းကိရိယာတွေ မစုံဘူးလို့ပြောကြတယ်။ တခါသုံးလက်အိတ် အလုံအလောက် ရှိကြရဲ့လား။ တောမှာ HIV နဲ့ ဘီပိုးမစစ်ကြတာများတော့ ပိုးရှိနေတဲ့လူနာဆီကနေ သားဖွါးဆရာမတွေ ကူးစက်ခံရမှာ သေချာတယ်။ ဘီပိုးကာကွယ်ဆေးတော့ ထိုးထားကြ။ စီပိုးကလည်း သွေးကနေကူးတာ။ ကာကွယ်ဆေး မပေါ်သေးဘူး။ ကံတရားသာ အားကိုးကြ။ HIV အရေးပေါ်ကာကွယ်နည်းလည်း လက်လှမ်းမီအောင် လုပ်ထားကြ။ အဲတာတွေက ကိုယ့်အိတ်စိုက်ပဲ။ သူများတွေက အာလ်ထွာဆောင်း သရီး-ဒီ၊ ဖိုး-ဒီတွေနဲ့ ကိုယ်ဝန်ဆောင် စောင့်ရှောက်ပေးနေချိန်မှာ ဆရာမဆို့မှာ ပုံထဲကလို ထရမ်းပက်နဲ့ လုပ်ပေးနေကြရတယ်။ ဆောရီး။

ဒီစာကို ရေးထားတာကြာပြီ။ သားဖွါးခြင်းဆိုတာ လူရှိတဲ့နေရာတိုင်းမှာလိုအပ်တယ်။ သားဖွားဆရာလို တကယ့်ကို အခြေခံကျလွန်းလှတဲ့ သားဖွါးပညာတခုတည်းကိုသာ သင်ပေးထားရပြီး အထောက်အကူ ပစ္စည်းကရိယာတွေလည်း မစုံမလင်တဲ့အခြေအနေကိုအားကိုးနေရတဲ့ လူဦးရေက အတော်ကိုများတယ်။ လူ့အသက် ၂ ချောင်းအတွက်ဖြစ်တယ်။ အဲတာဟာ မဖြစ်သင့်တော့တဲ့ လိုအပ်ချက်ဖြစ်တယ်။ တိုင်းပြည်ကောင်းလာမှသာ ကျန်းမာရေးလည်း ကောင်းမယ်။ ကျန်းမာရေးနဲ့ ပညာရေးမှာ နိုင်ငံသားတွေ ဘယ်မှာနေနေ တန်းတူ အခွင့်အလမ်းရှိရမယ်။ အခုထိ အခြေခံဆိုတာတောင် မပြည့်စုံသေးတဲ့ဘဝ။ တိုးတက်အောင် ဘယ်လိုလုပ်ကြမလဲ။

အားမနာပါးမနာပြောပါရစေ။ စင်္ကာပူသာပြောနေကြတယ်။ ကျွန်တော်တို့အဆင့်က အာဖရိကတိုက်ထဲက ညံ့တဲ့ နိုင်ငံတွေနဲ့သာ နှိုင်းရနိုင်တဲ့ဘဝမှာသာရှိသေးတယ်။ လူတွေကလည်းကောင်းပြီး တိုင်းပြည်ကောင်းမှသာ ဖြစ်မယ်။ လူတွေဆိုတာ ဖျက်ဆီးခံထားရတာကြာလွန်းလို့ အကောင်းအဆိုးခွဲခြားတတ်သူ၊ စိတ်နေသဘောကောင်းသူ နည်းကုန်တာကို ပြောတာ။ ဆောရီး။ ကောင်းအောင် ကြိုးစားကြရမယ်။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂၀၁၉

Midwife သားဖွါးဆရာမ သို့မဟုတ် ၂၅ ရွာစား

ကျေးဇူးပါဆရာ စစ်ကိုင်းတိုင်း ဒေသကြီး ပင်လည်ဘူးမြို့နယ် S/C တခုမှာ ယနေ့ထိ ၂၅ ရွာ ကို M/W တယောက် တာဝန်ယူနေရဆဲဖြစ်ပါတယ်ဆရာ

ကျွန်တော်တို့နိုင်ငံမှာ အခြေခံကျန်းမာရေး သို့မဟုတ် ပဏာမကျန်းမာရေးအတွက် သားဖွါးဆရာမတွေကသာ တာဝန်ယူကြရတယ်။ သူတို့တာဝန်ယူရတဲ့ကျေးရွာက ၁၀ ရွာကနေ ရွာအစိတ်လောက်ထိ ကျယ်တယ်။ သွားရေးလာရေးကလည်း ခက်တယ်။

ကောင်းလာအောင်လုပ်စရာတွေက အများကြီးရှိတယ်။ တိုင်းပြည်ချမ်းသာလာမှသာ ဖြစ်နိုင်တာတွေလည်းပါတယ်။

တိုင်းပြည်ချမ်းသာဖို့ဆိုတာ လူကြီးလုပ်သူတွေချမ်းသာတာနဲ့ ပြောင်းပြန်။ တာဝန်ကြီးယူထားသူတွေသာ ချမ်းသာတဲ့ခေတ် မကုန်သေး။ သူတို့က နောက်ထပ်အာဏာရရေးကို အသည်းအသန်လုပ်နေကြတယ်။

မျိုးဆက်သစ်ထဲကတချို့ကလည်း အလိုတူအလိုပါတွေ။ နာမည်တွေ ပြောစရာမလိုလောက်။ တိုင်းပြည် မကျန်းမာအောင် လုပ်နေကြသူတွေ။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး