Prison မုံရွာအကျဉ်းထောင်

နှစ်ဆန်းတရက်နေ့တွေမှာ လွတ်ငြိမ်းချမ်းသာခွင့်လာတတ်တယ်။ ကျွန်တော် ထောင်မကျဖူးပါ။ ၁၉၉ဝ မှာ စင်ပြိုင်အစိုးရဖွဲ့ရေးလုပ်လို့ လာဖမ်းတော့ လွတ်မြောက်ပြီး တိုင်းပြည်ကနေထွက်ပြေးတဲ့အတွက် ကျွန်တော့်ဇနီးကို ခိုးမှုပုဒ်မတပ်ပြီး စစ်ဆေးခဲ့တာ မုံရွာထောင်ထဲမှာ။ ကျွန်တော့်ကို ကူညီသူတွေနဲ့ အမျိုးတွေ စုစုပေါင်း(၇) ယောက်ကိုလည်း မုံရွာထောင်မှာပဲ ထိန်းသိမ်းစစ်ဆေးပါတယ်။ ကျွန်တော်လွတ်သွားလို့ ကျွန်တော့်ညီအရင်းကို လေးနှစ်တိတိချတာလည်း မုံရွာထောင်မှာပဲ။

ထောင်ထဲမှာနေခဲ့ရသူတွေကတော့ ထောင်ကို စိတ်ကူးထဲမှာတောင် မထည့်ချင်ကြလောက်ပါ။ ကျွန်တော်ကတော့ မုံရွာ ထောင်ထဲသွားပြီး ဆေးကုပေးချင်မိတယ်။ ထောင်ထဲကရောဂါဝေဒနာတွေကို ကျွန်တော်ကောင်းကောင်းသိတယ်။ ၁၉၇၃-၇၄ ခုနှစ် မုံရွာဆေးရုံမှာ တာဝန်ကျစဉ်က မုံရွာထောင်ကို အလှည့်ကျသွားကြည့်ပေးခဲ့ရပါတယ်။

သုမနကျောမှာ ဒဏ်ရာတွေနဲ့ဆိုတဲ့အသုံးကို နောက်လူတွေက စိမ်းနေကြမယ်ထင်တယ်။ ကျွန်တော်တို့ငယ်ငယ်က အသံချဲ့စက်ကနေ ဖွင့်လို့ ဇာတ်တွေထဲက ငိုချင်းစာသားကို သိနေရတယ်။ နှိပ်စက်တာတွေ ခံရပေါင်းများလှပြီ၊ ကျောသာကြည့်ပါတော့လို့ ဆိုလိုတာပါ။ မဆလ ခေတ်မှာ သုမနကျောမှာ ဒဏ်ရာတွေနဲ့ဆိုတဲ့အသုံးက အတော် တာစားခဲ့ပါတယ်။

စစ်အစိုးရခေတ်မှာတော့ ကျောနာတာလောက်များ စာဖွဲ့မနေနဲ့တော့ဆိုတဲ့ အခြေအနေဖြစ်လာတယ်။ မြန်မာပြည်မြေပုံမှာ ကျောရော ဗိုက်ရော ခြေရော လက်ပါ နာနေတာ နာတာရှည်။ အမြစ်က တွယ်နေဆဲ။

ဒေါက်တာတင့်ဆွေ
၁၇-၄-၂ဝ၁၆
၁၇-၄-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ