Cambodia ကမ္ဘောဒီးယား

ကျွန်တော် ကမ္ဘောဒီးယားကို ၁၉၉၈ ရွေးကောက်ပွဲ နိုင်ငံတကာလေ့လာသူအဖြစ် ပဌမဆုံး ရောက်ခဲ့တယ်။ ကမ်ပေါင်ချနန်ခေါ် တောနယ်အထိ သွားရတယ်။ မဲခေါင်မြစ်ကြီး စီးနေတယ်။ ရေထဲမှာ လှေတွေ၊ မော်တော်တွေ စုန်ဆန်နေကြတယ်။ ကမ်းပေါ်မှာ ပြောင်းဖူးတွေ၊ ငါးတွေ ရောင်းနေကြတယ်။ ဘုန်းကြီးတွေ ဆွမ်းခံနေကြတယ်။ ရှစ်ကြာဝေးနေရတဲ့ ကိုယ့်တိုင်းပြည် ရောက်နေတဲ့အတိုင်းပဲ။

မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ AIPMC ခေါ် အာစီယန်အမတ်များအဖွဲ့နဲ့အတူ ဆယ်နှစ်နီးပါး လုပ်ကိုင်ခဲ့ရပါတယ်။ အာစီယန်နိုင်ငံတွေထဲက ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူနဲ့ ကမ္ဘောဒီးယားနိုင်ငံက အမတ်တွေနဲ့ လက်တွဲ လုပ်ရပါတယ်။ ကမ္ဘောဒီးယားအမတ် ဆွန်ချေးက ဆမ်ရင်ဆေးပါတီကပါ။ သူနဲ့အတော်ရင်းနှီးတယ်။ သူကလိုက်ပြလို့ ကမ္ဘောဒီးယားလွှတ်တော်ကိုရောက်ဖူးတယ်။ အဲဒီအချိန်က နေပြည်တော်မှာ လွှတ်တော်သစ်ကို ဆောက်နေတုန်း။

ကမ္ဘောဒီးယားကို ကမ်ပူးချားလို့လည်းခေါ်ခဲ့တယ်။ လူဦးရေ ၁၅ သန်းသာရှိတယ်။ ၉၅% ဟာ ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ကြတယ်။ ၈ဝ၂ ကတည်းကဘုရင်စနစ်စခဲ့တယ်။ ခမာအင်ပါယာကိုထူထောင်တယ်။ စေတီပုထိုးပေါင်း ငါးထောင်ဆောက်တည်ခဲ့တယ်။ Angkor Wat အန်ကာဝပ်ဟာ အခုထိထင်ရှားတယ်။ ၁၅ ရာစုမှာ အယုဒ္ဓယလက် အောက်ရောက်တယ်။ ၁၈၆၃ မှာ ပြင်သစ်ကကိုလိုနီပြုတယ်။ ၁၉၅၃ ခုနှစ်ကျမှသာ လွတ်လပ်ရေးရတယ်။ ဗီယက်နမ်စစ်မှာ ၁၉၆၉ ကနေ ၁၉၇၃ အထိ အမေရိကန်တွေက ဗုံးကျဲတာခံရတယ်။ ၁၉၇ဝ မှာ အာဏာသိမ်းပွဲဖြစ်တယ်။ ဘုရင်က အရင်ကသူ့ရန်သူ Khmer Rouge ခမာရု ခေါ် ကွန်မြူနစ်တွေကို ထောက်ခံတယ်။ ခမာရုတွေ ၁၉၇၅ မှာ အာဏာရလာတယ်။ ကွန်မြူနစ်တွေက ၁၉၇၅ ကနေ ၁၉၇၉ ခုအထိ လူမျိုးတုံးသတ်ဖြတ်မှုတွေကျူးလွန်တယ်။ ၁၉၇၉-၁၉၉၁ မှာ ဗီယက်နမ်နဲ့စစ်ဖြစ်တယ်။ ဗီယက်နမ်နဲ့ ဆိုဗီယက်လူနီယံက ဝင်ပါလာတယ်။ ၁၉၉၂-၉၃ မှာ ကုလသမဂ္ဂ အုပ်ချုပ်ခံနိုင်ငံဖြစ်လာပြန်တယ်။ ယူအင်က ရွေးကောက်ပွဲလုပ်ပေးတယ်။ ဟွန်ဆန်နဲ့ ပြည်သူ့ပါတီပြိုင်ကြတယ်။ ဟွန်ဆန်က ၂ဝ၁၈ အထိအာဏာရနေဆဲဖြစ်တယ်။ လွတ်လပ်မှုတွေ မရှိပါ။

ကမ္ဘောဒီးယားကို တခြားကိစ္စတွေနဲ့လည်း နောက်ထပ် ၃-၄ ခေါက်ရောက်ပါသေးတယ်။ နောက်ဆုံးအခေါက်မှာ ဘင်္ဂလားဒက်ကိုယ်စားလှယ်အဖွဲ့နဲ့အတူ အန်ကာဝပ်ကို သွားလည်ကြတယ်။ သူတို့က မွတ်ဆလင်တွေမဟုတ်ကြပါ။

အခုတော့ အဲလိုနိုင်ငံတကာမိတ်ဆွေတွေနဲ့ လက်တွဲမလုပ်ရတော့တာကြာပြီ။ မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုအတွင်းမှာ ကူညီရိုင်းပင်းခဲ့ကြတဲ့ နိုင်ငံတကာမိတ်ဆွေတွေကို အလွန်တရာ ကျေးဇူးတင်ပါတယ်။ သတိလည်းရနေတယ်။

၁၉၉၈ ရွေးကောက်ပွဲကတက်လာတဲ့ ဟွန်ဆန်ဟာ အခုထိ ဝန်ကြီးချုပ်ပဲ။ ဒီမိုကရေစီရွေးကောက်ပွဲမှာ အဲတာမျိုးလည်း ရှိတယ်။ အတိုက်အခံခေါင်းဆောင် ဆမ်ရင်ဆေးတို့လင်မယားကတော့ ပြင်သစ်ကို ထွက်ပြေးနေလိုက်ရ၊ ဖနွမ်ပင် ပြန်ဝင်လိုက်ရ။ သူတို့က လစ်ဘရယ်လ်တွေ။ ကျွန်တော်နဲ့ ခင်တယ်။ Sam Rainsy က ကျွန်တော့်ဖေ့စ်ဘွတ်ဖရင်း ဖြစ်တယ်။

Cambodia ကမ္ဘောဒီးယား https://doctortintswe.blogspot.com/2018/08/cambodia.html
Khmer Rouge ခမာရု https://doctortintswe.blogspot.com/2018/08/khmer-rouge.html

ဒေါက်တာတင့်ဆွေ
၂၉-၄-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး