BCG ဘီစီဂျီကာကွယ်ဆေး နှင့် ကိုရိုနာဗိုင်းရပ်စ် သတင်း

ဘီစီဂျီ ခေါ် တီဘီရောဂါကာကွယ်ဆေးကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်နည်းအဖြစ် သုံး ရ မရ စမ်းသပ်နေတဲ့သတင်းတွေ ထွက်လာတယ်။ တချို့ကလည်း ဝမ်းသာအားရ ရေးကြတယ်။ အတိုင်းအတာသိအောင် ရေးပါမယ်။

မြန်မာပြည်မှာ မွေးကတည်းက ကလေးတိုင်းထို ဘီစီဂျီကာကွယ်ဆေး ထိုးနေတာကြာပါပြီ။ ထိုးနှံမှုရာနှုန်းလည်း အတော်မြင့်မားတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ စဖြစ်တဲ့ တရုပ်ပြည်မှာလည်း ထိုးထားပြီးဖြစ်တယ်။ ၁၉၈၂ ခုထုတ် ဆေးပညာဂျယ်နယ်မှာ ဆောင်းပါးရေးထားတယ်။ ၁၉၃၀ ကျော်ကစတင်အသုံးပြုခဲ့တဲ့ BCG ကာကွယ်ဆေးကို ကျေးလက်ဒေသတွေအထိ ရောက်အောင်ထိုးပေးခဲ့တယ်။ ၁၉၄၉ မှ ထိုးနည်းပြုပြင်တယ်။ အခုထိ ပြည်နယ်ပေါင်း ၂၉ ခုမှာ ထိုးပေးနေတယ်။ ၁၉၇၉ ခုစာရင်းအရ အသက် ၁၅ နှစ်အောက် ကလေးပေါင်း သန်း ၅၀၀ ကိုထိုးထားပြီးပြီ။ ဘေဂျင်းမှာ မွေးစကလေးပေါင်း 2,004,933 ယောက်ကို ထိုးပေးခဲ့တယ်။ လွှမ်းခြုံမှု 97% ရှိတယ်။

ဘီစီဂျီကိုပဌမဆုံး အသုံးပြုခဲ့တာက ၁၉၂၁ ခုနှစ်မှာဖြစ်တယ်။ Bacillus Calmette–Guérin (BCG) vaccine ကာကွယ်ဆေးကို အဓိကအားဖြင့် Tuberculosis (TB) ရောဂါ ကာကွယ်ဘို့ဖြစ်ပါတယ်။ တီဘီရောဂါနဲ့ Leprosy လက်ပရိုစီ ခေါ် အနာကြီးရောဂါ နှစ်မျိုးထူပြောတဲ့တိုင်းပြည်တွေမှာ မဖြစ်မနေထိုးစေတယ်။ တီဘီသိပ်မဖြစ်တဲ့ တိုင်းပြည်တွေမှာ မထိုးမနေရကာကွယ်ဆေးအဖြစ် မသတ်မှတ်ပါ။

ယူအက်စ်အေမှာ မထိုးပါ။ အီတလီမှာ မထိုးပါ။ ပြင်သစ်မှာ ၁၉၅၀ နဲ့ ၁၉၇၀  ကြား မထိုးမနေရ။ ၁၉၄၇ နဲ့ ၂၀၁၀ ကြား ကျန်းမာရေးဝန်ထမ်းတွေကို ထိုးထားစေတယ်။ နော်ဝေမှာ ၁၉၄၇ နဲ့ ၁၉၉၅ အတွင်း မထိုးမနေရ။ ယူကေမှာ ၁၉၅၃ ကတည်းက မထိုးမနေရ။ ၂၀၀၅ မှာ ၁၀-၁၄ နှစ်အရွယ်ကျောင်းသားတွေကို ထိုးပေးတယ်။ မွေးစကလေး ရွေးထိုးတယ်။ ဆိုဗီယက်ယူနီယန်မှာ မထိုးမနေရ။ တောင်ကိုရီးယား၊ ဟောင်ကောင်၊ တိုင်ဝမ်၊ စင်္ကာပူနဲ့ မလေးရှားမှာ မထိုးမနေရ။ ဂျပန်မှာ ၅-၈ လကလေးတွေကို ထိုးပေးတယ်။ ထိုင်း ကလည်း မြန်မာပြည်လို။ တောင်အာဖရိက၊ အိန္ဒိယနဲ့ ပါကစ္စတန်မှာ မထိုးမနေရ။

တချို့နိုင်ငံတွေမှာ နည်းနည်း အပြောင်းအလဲ လုပ်ထားတယ်။ သြစတေးလျမှာ ဘီစီဂျီ မထိုးခဲ့ပါ။ အခုစမ်းသပ်မှုကို သြစတေးလျနိုင်ငံ မဲလ်ဘန်းမှာ လုပ်နေတယ်။

တချို့တိုင်းပြည်တွေမှာ Bladder cancer ဆီးအိမ်ကင်ဆာ ကုသရာမှာ 1977 ခုနှစ်ကတည်းက သုံးနေတယ်။ non–muscle-invasive bladder cancer (NMIBC) ခေါ်တဲ့ ကင်ဆာအတွက်ဖြစ်ပါတယ်။ ကင်ဆာပြန်ဖြစ်နှုန်း 67% ကို ကာကွယ်တယ်လို့ တွေ့ရတယ်။

အချုပ်တင်ပြရရင် ဘီစီဂျီကာကွယ်ဆေးကို ကိုရိုနာအတွက် ဘီစီဂျီမထိုးတဲ့တိုင်းပြည်မှာ စမ်းနေတဲ့ဆင့်သာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၃၁-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး