Coronavirus Task Force အိမ်ဖြူတော် နေ့စဉ် ကိုရိုနာဗိုင်းရပ် ဘရိဖင်း

ဘာတွေလုပ်နေကြသလဲ ပြောတယ်။ အလားအလာ၊ လိုနေတာတွေ၊ အားနည်းချက်တွေ၊ မေးတာတွေ ဖြေကြတယ်။

သူတို့ဆီက ကျွန်တော်တို့တိုင်းပြည်နဲ့ လားလားမှ မတူပါ။ တူတာတခုက ပိုးကူးစက်မှု ရှိနေခြင်း။ သူတို့က ပိုကြီး ပိုချမ်းသာတယ်။ အရေးပေါ်ငွေ $2tn stimulus package ၂ ထရီလီယန်ဒေါ်လာ။

သူတို့ဆီမှာ ကူးစက်မှုလည်း အလွန်များနေတယ်။ ပြည်နယ်တခုချင်း၊ ကောင်တီ ခေါ် ရပ်ကွက်တခုချင်းအလိုက် လုပ်နေတာတွေကို ၂၄ နာရီ ဆန်းစစ်မှုတွေရှိတယ်။ အင်တာနက်စနစ်က ပါဖက်ဆိုတော့ လွယ်တယ်။ ဘာမဆို ဒိုင်းကနဲ။ ဒက်ကနဲ။ ကွက်တိ။ အံကျ။ နည်းနည်းချော်တာနဲ့ တန်းသိတယ်။ ဝိုင်းပြီး ပြစ်တင်တာခံရတယ်။

ဒီရောဂါကပ်ကြီးက တခြားကပ်ရောဂါတွေနဲ့ မတူ။ ဖြစ်တဲ့နေရာ ရွေ့နေတယ်။ များတဲ့နေရာ နည်းတဲ့နေရာတွေ ရှိတယ်။ နယူးယောက်ပြည်နယ်ကနေ နယူယော့မြို့တော်ဆီ အာရုံစိုက်လာရတယ်။ နောက်ဘယ်လဲ မပြောနိုင်။

ရီဆို့စ် ခေါ် ရင်းမြစ်တွေ
လူသားရင်းမြစ် ခေါ် ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဗော်လန်တီယာတွေ။ ရုပ်ပိုင်းရင်းမြစ် ခေါ် ဆေးရုံတွေ၊ ဆေးရုံသုံးပစ္စည်းတွေ၊ ဆေးတွေ၊ စမ်းသပ်နည်း လုံလောက် မြန်ဆန်မှု၊ ကာကွယ်ဆေး အလားအလာ။ အဲတာတွေကို လိုတဲ့နေရာဆီ ပို့မယ်။ အရေးပေါ်ခွဲစိတ်မှုတွေကို ရက်ရွှေ့ခြင်းကနေ လူသားရင်းမြစ်ကို နေရာလှည့်သုံးနိုင်စေတယ်။

သူတို့ဆီမှာ ရှိရဲ့လားက မေးခွန်း မဟုတ်။ ကိန်းဂဏန်းသာတဲ့။ လိုတာဖြည့်ရပါသတဲ့။

အုပ်ချုပ်ရေးက ကျန်းမာရေးပညာရှင်တွေဆီကနေ အကြံပြုချက်တွေယူပြီး ဆုံးဖြတ်ကြတယ်။ အများလေးစား အားထားရတဲ့ မီဒီယာတွေကနေ ၂၄ x ၇ ပြည်သူပြည်သားတွေဆီ ပို့ပေးကြတယ်။

ဒီရောဂါကပ်ကြီးက ဆိုက်ကယ်လ်လိုလာနေတာ။ အခုက ပဌမဆိုက်ကယ်လ်သာ။ လာဦးမယ်။ ဒုတိယ၊ တတိယ။ သူတို့လည်း ကြိုးစားနေကြတယ်။ သူတို့ ကြိုးစားခဲ့ကြလို့ ဒီအခြေအနေရောက်လာတာ။ ကျွန်တော်တို့လည်း အများကြီး အများကြီး ကြိုးစားကြရပါမယ်။

ဒေါက်တာတင့်ဆွေ
၂၅-၃-၂၀၂၀
ညနေ ၇ နာရီ ၄၈ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး