Peas ဆင်းရဲသား ပဲစား၏

ဆန်အကြောင်းရေးရာကနေ ဆက်ရေးပါတယ်။ ဆန်က အားရှိတယ်၊ ပဲက အားရှိတယ်၊ အသားက အားရှိတယ် စသဖြင့် ပြောကြတယ်။

လူဆိုတာ အစုံစားပါတယ်။ နေရာဒေသ ယဉ်ကျေးမှုအရတော့ စားတာသောက်တာ မတူပါ။ ဟိန္ဒူဘာသာဝင်တွေက အသားမစား ပဲများများစားကြတယ်။ အမေရိကန်တွေက Red beans, Kidney beans ခေါ် ပဲနီသာ စားတတ်ကြတယ်။ တောင်အမေရိကကနေ လာနေသူတွေက ကျွန်တော်တို့နဲ့ ပဲစားတာ အတော်ဆင်တယ်။ ကျွန်တော်တို့ဆိုတာ အကုန်မဟုတ်ပါ။ ဆင်းရဲသားသာ ပဲစားတယ်ဆိုတဲ့ အပြောမျိုး မကြာမကြာ ကြားရတယ်။ အဲလိုပြောလည်း စားတယ်။ မွေးကတည်းက စားလာတာ။

ပဲအမျိုးမျိုးဆိုတာ အာဟာရတန်ဖိုး မကွာလှပါ။ တောင်ကြီးပဲလို့ခေါ်တာက G6PD ရှိသူတွေနဲ့ မသင့်ပါ။ တိုဟူးဟာ Bean curd ဖြစ်တယ်။ soy milk ပဲနို့ကို ခဲစေအောင်လုပ်ထားတယ်။ အပျော့အမာ စိတ်ကြိုက်လုပ်ထားတယ်။ ကောင်းပါတယ်။

ပဲနို့ကို အပင်တွေကထုတ်တယ်။ ပဲအမျိုးမျိုးကဖြစ်တယ်။ ပဲပုပ်ကထုတ်တာများတယ်။ မရှိမဖြစ် ဖက်တီးအက်စစ်၊ ပရိုတင်း၊ ဖိုက်ဘာ၊ ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေပါတယ်။ အဆီဓါတ်တိုးတက်စေတယ်။ နွားနို့နဲ့ မတူတာတွေရှိတယ်။ နွားနို့မှာ ပြည့်ဝဆီနဲ့ ကိုလက်စထောများတယ်။ ပဲနို့မှာ မပြည့်ဝဆီသာပါပြီး ကိုလက်စထော မပါ။ သွေးကြော အားကောင်းစေတယ်။ အိုမီဂါ ၃ နဲ့ ၆ ပါလို့ဖြစ်တယ်။ အမျိုးသမီးတွေ သွေးဆုံးချိန်မှာ ခံစားရတာတွေ နည်းစေတယ်။ သဘာဝ အီစထိုဂျင်ဟော်မုန်း ပါလို့ဖြစ်တယ်။ အရိုးအားနည်းတာ သက်သာစေတယ်။ ကယ်လစီယမ် စုပ်ယူမှုကို ကောင်းစေလို့ဖြစ်တယ်။ ကိုယ်အလေးချိန်နည်းစေနိုင်တယ်။ သကြားဓါတ်နည်းလို့ဖြစ်တယ်။ နွားနို့တခွက်က သကြားဓါတ် ၁၂ ဂရမ်ရပြီး ပဲနို့က ၇ ဂရမ်သာရတယ်။ ယောက်ျားဆီးကျိတ်ကင်ဆာ အဖြစ်နည်းတယ်။ ပဲနို့တခွက်မှာ ဗီတာမင် ၂ လိုအပ်ချက်ရဲ့ ၃ဝ% ပါတယ်။

ပဲပုပ်ကို အမျိုးမျိုးလုပ်စားလို့ရတယ်။ အသီးဆွတ်ပြီး ချက် ကြော် ပြုတ် သုတ်စားနိုင်တယ်။ အထဲကပဲကိုလည်း ကြော် လှော် ချက် ပြုတ် သုတ်စားနိုင်တယ်။ ပဲငပိလုပ်နိုင်တယ်။ ပဲပင်ပေါက်ဖေါက်တာလည်း ကောင်းတယ်။ လူနို့နဲ့ နွားနို့၊ ကျွဲနို့ထဲမှာပါတဲ့ လက်တို့စ်ဓါတ်ကို ခံနိုင်ရည် မရှိသူတွေ တိုက်ရ သောက်ရတယ်။ အမျိုးသမီးတွေနဲ့ သင့်တယ်။ သဘာဝ အီစထိုဂျင်ဟော်မုန်းပါတယ်။ ပဲပုပ်နဲ့လုပ်တဲ့ အစာတွေ ဆေးတွေက ကျန်းမာရေး အကျိုးကျေးဇူးတွေ ရစေတယ်။ သွေးဆုံးခါနီးနဲ့ သွေးဆုံးပြီး ခံစားရတာတွေကို သက်သာစေတယ်။ အရိုးရောဂါတွေ အတွက်ပါ ကောင်းစေလဲပါတယ်။ အရိုးအားကောင်းစေတယ်။ နှလုံးရောဂါ ဖြစ်လာမှာကို ကာကွယ်တယ်။ ကင်ဆာဖြစ်မှာကို နည်းစေတယ်။ ရင်သားကင်ဆာကိုပါ ကာကွယ်တယ်လို့ ဆိုပါတယ်။

ပဲပိစပ်ကို ပုန်းရည်လုပ်တယ်။ ပဲပုပ်ထဲက Isoflavones ရဲ့ ဓါတုတည်ဆောက်ပုံဟာ အီစထိုဂျင်ဟော်မုန်းနဲ့ ဆင်တယ်။ ဒါကြောင့် ကိုယ်ခန္ဓာကနေ ထုတ်နေတဲ့ အီစထိုဂျင်ကို ဟန့်တားရာ ရောက်နိုင်တယ်။ ကောင်းစေတာရော ဆိုးစေတာပါ ဖြစ်နိုင်တယ်။ သဘာဝကနေရတဲ့ အင်တီအောက်စီဒင့် ဖြစ်တယ်။ ကင်ဆာကိုကာကွယ်ရာမှာ အသုံးကျတယ်။

အမေရိကန်အင်္ဂလိပ်စာမှ ပဲဆိုရင် Bean တလုံးတည်းသုံးကြတာများတယ်။ အိန္ဒိယမှာ Pulses and Legumes တဲ့။ ကျွန်တော်တို့မှာက အလွန့်အလွန် ပဲများတယ်။ ကျွန်တော်က အကုန်မသိ။
ငါးစေ့ပဲ
စွန်တာနီပဲ
စွန်တာပြာပဲ
စားတော်ပဲ
တိုင်ထောင်ပဲ
နတ်တော်ပဲ
ပဲကတိုး
ပဲကတ္တီပါ
ပဲကျပ်ပျဉ်
ပဲကျား
ပဲချဉ်ပေါင်
ပဲငံပြာရည်
ပဲငါးပိ
ပဲစင်းငုံ
ပဲစိမ်းစားဥ
ပဲစုန်းကြူး
ပဲစုန်းပြူး
ပဲတလက်
ပဲတီချဉ်
ပဲတီစိမ်း
ပဲကြီးခွံတွန့်
ပဲဒလက်
ပဲနံ့သာ
ပဲနပြား
ပဲပိစပ်
ပဲပုစွန်
ပဲပုပ်
ပဲကြီး
ပဲယွံ
ပဲယဉ်း
ပဲပြားပုပ်
ပဲလင်းမြွေသီး
ပဲလွမ်း
ပဲလိပ်
ပဲစောင်းလျား
ပဲဆေးလုံး
ပဲတောင့်ရှည်
ပဲနောက်
ပဲလေးညှင်း
ဗိုလ်စားပဲ
မြေပဲ

ပဲများတယ်ဆိုတာကတော့ အညာသူ အောက်သူ အဝါ အညို အဖြူ အတူတူပဲ။ အိမ်မှာ ကနေ့ စားတောပဲပြုတ်။ မနေ့က ကုလားပဲဟင်း ဆင်းရဲသားများ ပဲစားကြ၏။

ဒေါက်တာတင့်ဆွေ
၃၀-၃-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး