Defenses Against Infection ရောဂါပိုးတွေကို ဘယ်လို ခုခံတိုက်ဖျက်သလဲ

ကိုရိုနာဗိုင်းရပ်စ်စာတွေ ဖတ်ပြီး မေးကြတယ်။ ရောဂါပိုးမှန်သမျှကို လူ့ကိုယ်ခန္ဓာက ဘယ်လို ခုခံတိုက်ဖျက်သလဲ ပေါ့ပေါ့ပါးပါး ရေးပါရစေ။

လူတိုင်းမှာ သဘာဝခံတပ်နဲ့ ခုခံအားစနစ်လို့ နှစ်ပိုင်းရှိတယ်။ သဘာဝခံတပ်ဆိုတာ တကိုယ်လုံးကို ဖုံးပေးထားတဲ့ အရေပြား၊ ရိုးရိုး၊ အပါးစားနဲ့ အထူစား။ မျက်ရည်၊ နားဖါ၊ အစာအိမ်ထဲက အက်စစ်ရည်တွေပါတယ်။ အရေပြား အပါးစားဆိုတာ ပါးစပ်၊ နှာခေါင်း၊ မျက်ခွံ၊ စတာတွေကို ဖုံးနေတာ။ အဲတာလေးတွေကနေ ပိုးတွေကို အရည်လေးတွေ ထုတ်ပေးနေတယ်။ အင်ဇိုင်းမ် ခေါ်တာပါလို့ ခုခံပေးနိုင်စွမ်းရှိတယ်။

လေထဲမှာပါလာတဲ့ မလိုတာတွေကို အသက်ရှူလမ်းကနေ စစ်ထုတ်ပေးနေတယ်။ မြူးကပ်စ် လို့ခေါ်တယ်။ ပိုးမွှားလေးတွေ အဲဒီထဲ နစ်မြုပ်သွားကြတယ်။ အဲတာရှိလာတိုင်း ချောင်းဆိုးထုတ်ကြတယ်။ နှာချေတယ်။ ထွက်ကုန်စေတယ်။ အသက်ရှူလမ်းမှာ စီလီယာ ခေါ် အမွှေးအနုစားလေးတွေရှိတယ်။

အစာလမ်းမှာ အစာအိမ်အက်စစ်ရည်၊ သဲခြေရည်၊ သရက်ရွက်အင်ဇိုင်းမ်းနဲ့ အူထဲကအရည်တွေကနေ ခုခံပေးတယ်။ ဗက်တီးရီးယား အတော်များများကို သေစေတယ်။ မျိုးမပွါးနိုင်အောင် လုပ်နိုင်စွမ်းရှိကြတယ်။

ကန်တော့ ဆီးသွားခြင်းကနေလည်း ပိုးတွေ စွန့်ထုတ်ပေးနေတယ်။ ယောက်ျားဆီးသွားလမ်းက ပိုရှည်လို့ ဆီးလမ်း ပိုးဝင်တာကို ပိုပြီးခံနိုင်ရည်ရှိတယ်။ အမျိုးသမီး ဗဂျိုင်းနား ခေါ် မွေးလမ်းမှာ အက်စစ်ဓါတ်ရှိလို့ ဗက်တီးရီးယား အတော်များများကို ခံနိုင်စွမ်းရှိတယ်။

ခုခံအားစနစ်ဆိုတာ သွေးဖြူဥတွေနဲ့ အင်တီဘော်ဒီ ခေါ် ကိုယ်ပိုင်စစ်သားတွေ။ သွေးဖြူဥ အဓိကကျတယ်။ နူထရိုဖီးလ်က အရင်လုပ်ပေးတယ်။ ကြာလာရင် မိုနိုဆိုက်ကပါ လုပ်ပေးတယ်။ အီယိုဆင်နိုဖီးလ် ခေါ်တာက အလာဂျီ ခေါ် မတည့်တာ မသင့်တာဖြစ်ရင် ခုခံပေးတယ်။ ပါရဆိုက် ခေါ် ကပ်ပါးကောင်းကိုလည်း လုပ်ပေးတယ်။ ဗက်တီးရီးယားနဲ့ သူနဲ့ မဆိုင်။

ထူးခြားတဲ့ရောဂါပိုးတွေ
တိုက်ဖွိုက် ခေါ် အူရောင်ငန်းဖျား၊ ဗိုင်းရပ်စ် ပိုးတွေ ဝင်ခံရရင် တမျိုးလုပ်ပေးတယ်။ သွေးဖြူဥတွေ နည်းစေတယ်။

ရောင်ရမ်းဖြစ်စဉ်
ပိုးတမျိုးမျိုးဝင်လာတာကို အင်ဖလ်မေးရှင်ခေါ်တယ်။ ထိခိုက်ဒဏ်ရာရတိုင်း ဖြစ်ရတယ်။ ကိုယ့်လက်ဖျံကို တဖက်က လက်ဝါးနဲ့ ရိုက်ကြည့်ပါ။ ဆောရီး။ အရိုက်ခံရတဲ့နေရာမှာ နာ၊ နီ၊ ပူ၊ ရောင်လာမယ်။ ပိုးမွှားဝင်ခံရတိုင်း အဲတာတွေ ဖြစ်တယ်။ ပျက်စီးသွားတဲ့ တစ်ရှူး ခေါ် ဆဲလ်အစုအဝေးကနေ ဓါတ်ပစ္စည်းတွေ ထုတ်ပေးလာမယ်။ ခုခံအားစနစ်က လုပ်ပေးမယ်။ အဲဒီနေရာကို ကာကွယ်ထားပေးမယ်။ ဝင်လာတဲ့ပိုးမွှားတွေကို ခံတိုက်မယ်။ သူသေ ကိုယ်သေ သေတာတွေကို ရှင်းလင်းရေးကြိုးစားမယ်။ အနိုင်ရတဲ့ နေရာတွေကို နဂိုအနေပြန်ရောက်အောင် တဆင့်ပြီး တဆင့် လုပ်မယ်။ ဒဏ်ရာကြီးလေ အချိန်ယူလေ။ ပိုးအမွှား များလေ ဆိုးလေ မခံနိုင်လေ။ ဆောရီး။

ရောင်ရမ်းဖြစ်စဉ်အတွင်း သွေးပိုပြီး စီးလျှောက်လာမယ်။ နီရဲပြီး ပူလာတယ်။ အဲတာကြောင့် ခုခံစစ်သားတွေကို ရောက်လာနိုင်တယ်။ အရည်အပိုတွေ ထုတ်ပေးလို့ ရောင်လာမယ်။ ရန်သူပိုးတွေနဲ့ ကိုယ့်တပ်သားတွေ စစ်ခင်းနေကြပြီ။

သွေးခဲစနစ် အလုပ်ပိုလုပ်လာရတယ်။ ပိုးတွေနဲ့ ပိုးကနေထုတ်တဲ့ အဆိပ်လိုအရာတွေကို တခြားနေရာတွေဆီ မရောက်စေအောင် လုပ်ပေးကြတာ။ ကျေးဇူး။ အနားက အာရုံကြောသေးလေးတွေ နာမယ်။ ဆောရီး။

ခုခံအားစနစ်ကနေ တီဆဲလ် ခေါ် သွေးဖြူဥတမျိုး ထုတ်ပေးတယ်။ ဝင်လာတဲ့ပိုးကို မှတ်ထားမယ်။ အင်တီဘော်ဒီတွေ ထွက်လာမယ်။ ပိုးတမျိုးအတွက် အင်တီဘော်ဒီတမျိုးစီ ထုတ်ပေးတယ်။ နောက်တခါဝင်လာရင် အဆင်သင့်။ ရောဂါပြီးစနစ် ခေါ်တယ်။ ခုခံအား ကမောက်ကမ ရောဂါတွေ အများကြီးရှိတယ်။ အိတ်ခ်ျအိုင်ဗွီဆိုတာ အဲဒီစနစ် ပျက်စီးတာ။

ကိုယ်ပူနိုင်တယ်။ ချမ်းနိုင်တယ်။ ဖျားနိုင်စွမ်းရှိတာ ကောင်းတာ။ အရက်သောက်များသူတွေ၊ အသက်ကြီးသူတွေနဲ့ အသက်သိပ်ငယ်သူတွေက မဖျားနိုင်ကြပါ။

ခုခံအားအစွမ်း လူတွေက မတူကြပါ။ မျိုးဗီဇနဲ့ ဆိုင်တယ်။ ခုခံအားကောင်းဆေး မရှိပါ။ အစားအသောက် လုံလောက် + မျှတအောင် စားသောက်ရမယ်။ စားသောက်တာတွေ သန့်ရှင်းရမယ်။ နေထိုင်ရာတွေ သန့ှ်ရှင်းရမယ်။ တကိုယ်ရေ သန့်ရှင်းရေး နေ့စဉ်လုပ်ရမယ်။ ကိုယ်လက်လှုပ်ရှားမှု ရှိနေရတယ်။ စိတ်လည်း ကျန်းမာရမယ်။ အဆန်းတွေ မဟုတ်ပါ။ အခြေခံကျတာတွေသာ။

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ခုခံအားကောင်းကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၂-၃-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး