Complementary feeding ကလေးငယ်များအတွက် ဖြည့်စွက်စာ

မွေးကလေးငယ်တွေအတွက် မိခင်နို့ထက်ကောင်းတာ မရှိပါ။ အကြမ်းပြောရရင် ၆ လသားအထိ မအေနို့တခုတည်းနဲ့ လုံလောက်ပါတယ်။ မိခင်နို့နဲ့မလုံလောက်တော့ချိန်၊ မလုံလောက်တဲ့ အခြေအနေဖြစ်လာရင် ဖြည့်စွက်စာလို့ခေါ်တာကို ကျွေးရမယ်။ တနည်းပြောရရင် မအေနို့တခုတည်း စို့နေတဲ့ကလေးဟာ မိသားစုထမင်းဝိုင်းထဲ ဝင်မစားခင်ကျွေးရတဲ့ အစားအစာကို ပြောတာပါ။

ပုံမှန်ဆိုရင် ကလေးအသက် ၆ လ ကနေ ၁ နှစ်ခွဲ၊ ဒါမှမဟုတ် ၂ နှစ်အထိ ကာလကို ဆိုလိုတယ်။ မကျွေးနိုင်ရင်၊ မကျွေးတတ်ရင် ကလေးမှာ အာဟာရမပြည့်တာကနေစပြီး အလေးချိန်မတက်တာ၊ ကျတာ၊ ရောဂါတွေ ၀င်နိုင်တာတွေ ဆက်ဖြစ်လာနိုင်တယ်။ ကမ္ဘာမှာ အာဟာရမပည့်ဝတဲ့ ကလေးဆိုတာ ၅ နှစ်အောက် ကလေးတွေသာ ဖြစ်တယ်။ WHO ခန့်မှန်းချက်အရ မချမ်းသာတဲ့နိုင်ငံတွေမှာ ကလေး ၅ ယောက်ရှိရင် ၂ ယောက်မှာ အာဟာရ မပြည့်ကြဘူး။

ဖြည့်စွက်စာကို ၆ လကနေစကျွေးပါ။ အစာပမာဏ လုံလောက်ရမယ်။ ကျွေးတဲ့အကြိမ် လုံလောက်ရမယ်။ တသမတ်တည်း ဖြစ်ရမယ်။ အမယ်တွေများစေ၊ စုံစေရမယ်။ အစာပြင်ဆင်ချက်ပြုတ်တာ၊ လက်၊ ပန်းကန်၊ ဇွန်း၊ အိုးခွက်တွေသန့်ရှင်းရမယ်။ ကလေးအရွယ်နဲ့ ကျေချက်နိုင်တာမျိုးဖြစ်ရမယ်။ ကလေးကိုပြုစုသူကလဲ ဘယ်လိုကျွေးရမယ်ဆိုတာ နားလည်ထားဘို့ လိုသေးတယ်။ ကလေးဆာမယ်ဆိုတာ အကဲခတ်တတ်ရမယ်။ ဆာမဲ့အချိန်မီအောင် ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားရမယ်။

၆-၈ လကလေးကို စကျွေးရင် တနေ့မှာ ၂-၃ ခါ၊ ၉-၁၁ လကလေးကို ၃-၄ ခါ၊ ၁၂ လကနေ ၂ နှစ်သားအထိကို ကြားထဲမှာ သွားရည်စာ ၁-၂ ခါပါကျွေးပါ။ ဘယ်ဟာကို ဘယ်လိုဆိုတာမျိုး တကမ္ဘာလုံးအတွက် တပြေးထဲသတ်မှတ်လို့မရဘူး။ တိုင်းပြည်၊ နေရာဒေသ၊ မိသားစုဝင်ငွေ၊ ပညာတတ်မှုအခြေအနေ စတာတွေနဲ့ လိုက်လျောညီထွေစေရမယ်။

လူထုနဲ့ အနီးဆုံးရှိကြတဲ့ ကျန်းမာရေးလုပ်သား၊ အရံသားဖွါးဆရာမ၊ သားဖွါးဆရာမ၊ နယ်လှည့် ကျန်းမာရေးဆရာမတွေအတွက် သင်တန်းတွေ စီစဉ်းပေးထားတယ်။ WHO ကနေ လမ်းညွှန် ထုတ်ထားပေတယ်။

ပဲကျွေးနိုင်တယ်။ ပရိုတင်းပါတယ်။ ကယ်လ်စီယမ်၊ ဗီတာမင် (အေ)၊ (စီ)၊ နဲ့ သံဓါတ်တွေလည်း ပါတယ်။ အစာသစ်ကျွေးတိုင်း ၄ ယောက်စောင့်ကြည်ပါဥပဒေသကိုလိုက်နာပါ။ အစာသစ်နဲ့ မသင့်တာရှိသလားကြည့်ပါ။ အစာသစ်ကျွေးရင် တခါမှာ တမျိုးသာကျွေးပါ။ ၄ ရက်စောင့်ပြီးမှာ နောက်အသစ်ကျွေးပါ။ ကလေးတယောက်နဲ့တယောက် မတူတတ်တာကို သတိထားပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး