Learning စာဖတ်ခြင်း

• စာဖတ်နည်းမေးကြတယ်။ မေးကတည်းက မေးသူဟာ ပညာလိုချင်နေပြီမို့ လမ်းပေါ်ရောက်နေပြီ။ ဆက်လျှောက်ပါလေ။ တယောက်နဲ့တယောက် မတူတူတာသဘာဝပါ။
• ဘယ်လိုအနေအထားနဲ့ စာဖတ်သလည်းမေးတယ်။ အဲတာလည်း တယောက်တမျိုးပဲပေါ့။
• ၁၉၉ဝ တုံးက ပခုက္ကူကိုရောက်တော့ ကျမ်းပြုဆရာတော်တပါးကို ဝင်ဖူးဖြစ်တယ်။ မတ်တတ်ရပ်ပြီး စာဖတ်တယ်။ စာရေးတယ်။ စာအုပ်တင်စရာကိုလည်း သူ့အရပ်နဲ့အနေတော်တွေလုပ်ထားတာ တွေ့ခဲ့ရတယ်။ ဆရာတော်လိုတော့ မလုပ်နိုင်ပါ။
• ကျွန်တော်က ခါးနာတတ်လို့ ပုလဲမှာနေကတည်းက ကြိမ်ခင်းပါဆက်တီခုံမှာ ငါးထပ်သားပြားခင်းထိုင်ရတယ်။ ဒေလီရောက်တော့ ကူရှင်ပါဆက်တီခုံအရှည်မှလည်း ငါးထပ်သားလောက်ထူတဲ့သစ်သားပြား ခင်းထားတယ်။ ပြန်မာပက်လက်ကုလားထိုင်ကို သဘောကျပေမဲ့ ဒေလီမှာ အဲတာမျိုးဝယ်မရဘူး။ သားအကြီးဆုံးက လုပ်ပေးထားတယ်။ ခါးကြောင့်တော့ ကြာကြာထိုင်မရဖူး။ ရသလောက်တော့ ထိုင်ဖတ်တာပဲ။ အိပ်ယာကုတင်မှာ ခေါင်းရင်းမှာ ကျောနောက်က အနေတော် ခေါင်းအုံးနဲ့လည်းစာဖတ်တယ်။ အိပ်ယာဘေးမှာ မီးပိတ်လို့လွယ်အောင် လုပ်ထားရတယ်။ အခုနေရာမှာတော့ အဲလိုကုတင်မျိုး မရှိပါ။ ဘယ်တတ်နိုင်မလည်း။

• စာကို တမျိုးတည်းဖတ်တတ်တဲ့အလေ့ရှိကြတယ်။ ကျွန်တော်လည်းပါတယ်။ ဝတ္ထုဆို ဝတ္ထု၊ သုတဆိုသုတချည်း။ ရီစရာဆို ဟာသချည်း၊ ဘာသာရေးဆိုလည်း ဆက်ဖတ်နေမိတတ်ကြတယ်။ ငယ်တုံးကပါ။
• ကျွန်တော်က ဘလော့ပေါ်လာကတည်းက ဆေးပညာစာတွေရေးနေတယ်။ စာတပုဒ်ကို ရေးလိုက်။ နားလိုက်။ တခြားဘာသာရပ်ကို ပြောင်းလိုက်လုပ်တာကောင်းတယ်။ နားပြီးမှ ရေးနေတာကိုပြန်စစ်တယ်။ စာဖတ်တာလည်း အဲလို ပြောင်းတာကောင်းတယ်။
• (ကန်တော့်ပါရဲ့) ကိုယ်လက်သန့်ရှင်းခန်းဝင်ရင် ဖတ်စရာမပါပဲ မဝင်တတ်ဘူး။
• မနက်လင်းရင် သတင်းစာဖတ်တဲ့အကျင့်က ဒေလီမှာ အနှစ် ၂ဝ ကျော်ရှိခဲ့တယ်။ အခုနေရာမှာတော့ မရှိတော့ပါ။ ဒီမှာက သတင်းစာဆိုတာ တမျိုး။ ဝါရှင်တန်ဖက်မှာ သတင်းစာက အထူကြီး။ ဈေးလည်းမနည်းဖူး။ ဒီမှာက ဒေသခံသတင်းစာသာ ရှိတယ်။ တီဗွီလည်း ဒေသခံသတင်းပဲပြတယ်။ ဖက်ဒရယ်စနစ်ဆိုတာအဲလိုပဲ။ ကျွန်တော့် အတွက်တော့ သတင်းနဲ့သုတအတွက် အဲဒီစနစ်ကိုမကြိုက်ပါ။ နိုင်ငံတကာသတင်းတွေပါသိချင်တာ ငယ်ငယ်လေးကတည်းကပါ။ ဗီယက်နမ်စစ်ကြီး၊ ဆိုဗီယက်နဲ့ အမေရိကန်ပြိုင်ကြတဲ့စစ်အေးခေတ်ကြီးမှာ ကြီးလာရလို့ နေ့တိုင်းသတင်းတွေ ကြားသိနေခဲ့တာမို့ နိုင်ငံတကာမှာ ဘာဖြစ်နေလည်း သိပ်စိတ်ဝင်စားတာ။ ဒေသတွင်းချည်းထဲမှာ လှောင်ခံနေရတာကို မကြိုက်ပါ။

• အယူအဆရေးမှာလည်း တခုတည်းမှာသာ ကိုယ့်ကိုယ်ကို အသေသော့ခပ်ထားတာမျိုး သဘောမကျပါ။ ဘာသာရေးမှာလည်း လွန်ကဲအောင်မလုပ်ပါ။ အဲလိုပြောတာကို အကောက်တော့ မလွဲစေချင်ပါ။ ပြတ်သားမှုမရှိတာလို့တော့ (ကိုယ့်ကိုယ်ကို) မထင်ပါ။ တခြားဘာသာတွေလည်း နည်းနည်းပါးပါးသိအောင်လုပ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုးကွယ်ရာဘာသာကို ရေအရောမခံပါ။ နိုင်ငံရေးမှာလည်း သူများဟာတွေလည်း သိအောင်လုပ်ပေမဲ့ ကိုယ်ယုံကြည့်တဲ့၊ ကိုယ်ထောက်ခံအားပေးတဲ့ ပါတီဖက်ကနေ ရပ်တည်မှုက နည်းနည်းလေးမှ မကျပါ။

• English စာ တိုးတက်ဖို့ ဘယ်လိုစာတွေ ဖတ်ရင်အဆင်ပြေမလည်းမေးတယ်။ ကျွန်တော်က အင်္ဂလိပ်စာ မတော်ပါ။ တွေ့တာမှန်သမျှဖတ်ပါတဲ့။ သတင်းစာ၊ ကာတွန်း၊ ဝတ္ထု။ ကောင်းထက် စစ်တာရွေးဖတ်တဲ့။ အင်္ဂလိပ်အစစ်က ရေးတာကို ပြောတာပါ။ အင်ဒီယန်း-အင်္ဂလိပ်၊ မြန်မာ-အင်္ဂလိပ် သိပ်မဖတ်နဲ့။ စားလုံးပေါင်း၊ ဝေါဟာရ၊ အသံထွက် တက်တက်စင် လွဲတတ်တယ်။

ဒေါက်တာတင့်ဆွေ
၁၈-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ