Kinwunmingyi U Kaung ကင်းဝန်မင်းကြီးဦးကောင်း

(ကွန်မင့် သစ်တခု) = ဧရာဝတီစာပေပွဲဆိုလို့ ကျနော်လည်းရောက်ဖြစ်တယ်ဆရာ။ ဒေါက်တာစိုးလင်း (ရတနာပုံ) က ကင်းဝန်မင်းကြီး ဦးကောင်းအကြောင်း စာတမ်းဖတ်တယ်ဆရာ။ အဲဒီမှာ ဆရာရယ်၊ အခုသမဝန်ကြီးဦးကျော်ဆန်းရယ်က၊ ဦးကောင်းရဲ့အနွယ်တော်တွေလို့ ပြောတယ်။

(ကွန်မင့် ဟောင်းတခု) = သမိုင်းဆရာတော်တော်များများက ကင်းဝန်မင်းကြီးကို သစ္စာဖောက်လို ရေးသားကြတယ်။ ကျမကတော့ အဲလိုမမြင်ဘူး။ သူကနိုင်ငံခြားတိုင်းပြည်တွေ လေ့လာဖူးတော့ အတွေးအခေါ်ခေတ်မှီသူ။ လွှတ်တော် နိုင်ငံရေးစနစ်ကို အကောင်ထည် ဖော်ချင်တဲ့ မျိုးချစ်စိတ်ရှိသူ၊ တိုင်းပြည်ကိုတိုးတက်စေချင်သူလို့မြင်တယ်။ တချိန်မှာ စာရေးဖြစ်ရင် ကင်းဝန်အကြောင်း စာတစ်အုပ်ရေးချင်တယ်။

အမေ့ရွာ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေကဦးကောင်းရဲ့မြေးတော်တယ်။ (ဦးကောင်းမှာ သားသမီးအရင်း မထွန်းကားပါ။) အရင်က (မုံတိုင်ပင်) လို့ ရာဇဝင်-သမိုင်းစာအုပ်ဟောင်းတွေမှာရေးတယ်။ ငယ်ငယ်ကတည်းက ကင်းဝန်ရဲ့ အမျိုးဆိုတာကို နည်းနည်းတော့ကြွားချင်ခဲ့တယ်။ မုံရွာ အထက (၂) မှာ ၉ တန်း၊ ၁ဝ တန်းတုံးက ကဗျာလေးစာလေးရေးတုံးက ကင်းဝန်နွယ် ဘာညာဆိုပြီး ကလောင်နာမယ်ခံယူခဲ့ဘူးတယ်။ ကိုယ်တိုင်ကပန်းချီဆွဲပြီး၊ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကြီးကြပ်ပေးတဲ့ ပုလဲသွယ်နံရံကပ် စာစောင်မှာအဲဒီနာမည်နဲ့ တခါတလေပါဘူးတယ်။ ဆရာ့ကိုရော၊ သူငယ်ချင်းတွေပါ အမှတ်ရလို့ ကျွန်တော့် နိုင်ငံရေး (ဘလော့ခ်) ကို ပုလဲသွယ်လို့ နာမည်ပေးလိုက်တယ်။

နောင် နှစ် (၄ဝ) ကျော်တော့ ကရင်နီလူမျိုး နိုင်ငံရေးမိတ်ဆွေတွေကအသိအမှတ် ပြုတာကိုတော့ ကျေနပ် ဝမ်းမြောက်တာ အမှန်ပါ။ ကယားပြည်ကိုသီးခြားပြည်တခုအဖြစ် သီပေါမင်းကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီး ဦးကောင်းလို့ ကယား-ကယန်း-ကရင်နီတွေကသူများတွေထက် သိကြတယ်။ ကင်းဝန်မင်းကြီးကို အဲလိုအမြင်ရှိသူတွေ အကဲဖြတ်တာကိုရော၊ (ဦးကောင်းလိမ်ထုတ်) ဆိုတာရော၊ နှစ်ခုလုံးကိုသူ့အမျိုးတွေက အမွေခံရမှာပါ။ ကင်းဝန်မင်းကြီးနဲ့ ပတ်သက်ရင် ဆရာမြသန်းတင့်ရဲ့ တောင်သမန်အင်းက လေညှင်းဆော်တော့ထဲမှာ ရေးသားထားတာကိုတော့ မြန်မာ့စွယ်စုံကျမ်းထက် နှစ်သက်ပါတယ်။

ဦးကောင်းအကြောင်းရေးဘို့ တိုက်တွန်းကြတယ်။ ကျွန်တော်က သမိုင်းသမားမဟုတ်ပါ။ သမိုင်းကိုဖတ်တဲ့သူသာဖြစ်တယ်။ နောက်ပြီး ကင်းဝန်မင်းကြီးအကြောင်းကို အမျိုးမစပ်သူတွေကနေရေးတာ ပိုသင့်မြတ်မယ် ထင်ပါတယ်။ ညှာစရာ၊ သာစရာ မလိုပါ။ မင်းတိုင်ပင်ရွာက ဦးကောင်းကောင်းမှု ဘုန်းတော်ကြီးကျောင်းပုံ တနေ့ကရထားတာ ပြန်ရှာမရသေးလို့။ ကျွန်တော် ငယ်ငယ်က ဆော့ကစားဘူးတဲ့နေရာလေးပါ။ မယ်မင်းဆီအုတ်ဂူလေးလဲ ခြုံနွယ်တွေကြားထဲမှာ သွားကြည့်ဘူးသေးတယ်။ ယက်သွား (ရက်ကန်းသုံး) ရောင်းခဲ့တဲ့အမျိုးကလို့လဲ သိရပါတယ်။ ကျွန်တော့်အမေရဲ့ အဖေ ဦးကောင်းရဲ့တူအရင်း (ဦးထင်) က မင်းတိုင်ပင်တိုက်နယ်သူကြီးဖြစ်ပါတယ်။ သူဆုံးတော့ မုံရွာ၊ ဆူးလေကုန်းရပ်မှာပါ။ ဆောင်းတွင်းမှာ ကျွန်တော့် အစ်ကိုကြီးနဲ့ နှစ်ယောက်သား သစ်ကိုင်းခြောက်လေးတွေကို ဘကြီးမီးလှုံဘို့ရာ ဆွဲယူသွားခဲ့ကြရတာ မှတ်မိနေသေးတယ်။

မင်းတိုင်ပင်သူကြီးဦးထင်က ဝန်ကြီးဦးကျော်ဆန်းအမျိုးမဟုတ်ပါ။ ဦးကျော်ဆန်းနဲ့ ကျွန်တော် အမျိုးတော်တယ်လို့သိတာ တနှစ်လောက်သာရှိသေးတယ်။ သူများတွေကမေးလာရင် မဟုတ်ပါဘူးဗျာလို့ဖြေခဲ့တယ်။ အမတယောက် ဗုဒ္ဓဂါယာကို ဘုရားဖူးလာတော့မှ အမျိုးစပ်ပြလို့ နှစ်ဝမ်းကွဲညီအကိုတော်မှန်း သိပါတယ်။

ဦးကောင်းမွေးနေ့ နှစ် (၁၄ဝ) တုံးကဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာပွဲတခုလုပ်ခဲ့ဘူးတယ်။ အဲဒီတုံးက ကျွန်တော်က ဆေးကျောင်းသားပဲရှိသေးတာ။

Dr. တင့်ဆွေ
၁၁-၁၁-၂ဝ၁၃
၃၁-၃-၂ဝ၁၅
Portrait ဦးငွေကိုင်ရေးဆွဲခဲ့တဲ့ ဆီဆေးပန်းချီလက်ရာ ၅၇့၅ စင်တီမီတာ x ၃၈ စင်တီမီတာ။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး