Scars of Memory ထင်ကျန်ဒဏ်ရာအမာရွတ်များ

သတင်း = ၂ဝ၁၂ ခုနှစ်က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ရာမှာ အကြမ်းဖက် နှိမ်နှင်းခံရသော သံဃာတော်များ၏ ထိခိုက်နစ်နာမှုများကို တရားဥပဒေအရ တောင်းဆိုသွားမည်ဖြစ်ကြောင်း သံဃာတော်များက မတ်လ ၁၆ ရက်နေ့ ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပါသည်။

• ဘယ်တစ်ရှူးမဆို နှလုံးအပါအဝင် ပျက်စီးကြတယ်။ အမာရွတ်ကတော့ ဘယ်တော့မှပျက်မသွားဘူး။
• အမာရွတ်ကို အချိန်ကနေကုစားမယ်လို့ပြောကြတယ်။
• အချိန်ကကုစားတယ်ဆို ဒီမှာ အမာရွတ်က ခုထိမပျောက်ပါလား။
• အမာရွတ်ကျန်နေတယ်ဆိုတာ အချည်းအနှီးမဟုတ်တာကိုပြနေတာပဲ။
• ဘဝမှာ တချို့သောစိတ်ဒဏ်ရာတွေက အမာရွတ်လိုထင်ကျန်ရစ်တယ်။ ကြာကြာနေပေမဲ့ မပျောက်တော့တာရှိတယ်။ အမာရွတ်မကျန်ပဲသေချင်ပါတယ်လို့လည်း တမ်းတကြတယ်။
• ထုတ်မပြောပေမဲ့ အတွင်းထဲမှာ အမာရွတ်မရှိတာမဟုတ်ပါ။ အကောင်းဆုံးသောလူတွေမှာ အမာရွတ်တမျိုးမျိုး ရှိနေသူတွေ ဖြစ်ကြတယ်။
• လူသားတွေဆိုတာ တလွဲအသုံးခံရတာမျိုးကို မှတ်မိနိုင်စွမ်းရှိကြတယ်။
• အမာရွတ်ကျန်နေပါစေ။ အမာရွတ်ကိုနမ်းပါလို့ ပြောကြသူတွေရှိတယ်။
• ကလေးတွေဟာ သူတို့ရလာတဲ့ဆုတံဆိပ်တွေကို ထုတ်ပြကြသလို အမာရွတ်ကိုလည်းပြတတ်ကြတယ်။
• အမာရွတ်ကိုမြင်ရင်ကြည့်ရင် အတိတ်ဒဏ်ရာက ပြန်ပြီးဆန်းသစ်လာတယ်။
• အမာရွတ်ဆိုတာ ဘဝသင်ခန်းစာဖြစ်ပြီး အသိဥာဏ်ကိုပေးတယ်။
• အမာရွတ်ဆိုတာ ဒဏ်ရာလို့မအောက်မေ့နဲ့၊ ပျောက်သွားတဲ့အခြင်းအရာလို့မှတ်ယူပါ။
• ကိုယ့်ခံစားချက် (ချစ်ခြင်း) ကို ခိုင်မာကြောင်း သက်သေပြချက်အနေနဲ့ အမာရွတ်ကိုပြတတ်ကြတယ်။
• အမာရွတ်ဆိုတာ ငါအမြင်ကတော့ ဘယ်တော့မှ ရုပ်မဆိုးဘူး။ မင်းရောငါပါ အမာရွတ်ကို အလှလို့ မြင်ကြရအောင်လေ။ ဟုတ်တယ် အမာရွတ်ဆိုတာ တို့လွတ်မြောက်ခဲ့ကြတယ်၊ ရှင်သန်နိုင်ကြတယ်လို့ ပြောနေတာပဲ မဟုတ်လား။
• အမာရွတ်ဟာ နာကျင်မှုကိုပြနေတယ်။ ဒါပေမဲ့ အဲတာကိုယ်ပိုင်သမိုင်းမဟုတ်လား။
• အမာရွတ်ဆိုတာ ငါတို့ဘယ်မှာရောက်ခဲ့လည်းဆိုတာကိုပြောပြနေတယ်။ ဒါပေမဲ့ အမာရွက်ကနေ တို့ကို ဘယ်မှာနေစေလို့ အမိန့်မပေးနိုင်တာမဟုတ်ဖူး။
• ကျွန်တော်တို့ဟာ နေ့တိုင်းနေ့တိုင်း သေနေကြတယ်။ မတူမှုနဲ့ပြန်ရှင်နေကြတာပဲ။ အဝတ်စားတူဝတ်ထားကြပေမဲ့ အိုမင်းကြီးရင့်လာနေကြတာပဲ။ အဲ့ အမာရွတ်ကတော့ ပြောင်းမသွားဖူး။
• အမာရွတ်ဆိုတာ ဘဝရဲ့သက်သေဖြစ်တယ်။ ဒဏ်ရာရဲ့သက်သေဖြစ်တယ်။ ကိုယ့်ရွေးချယ်မှုလည်းဖြစ်တယ်။ အမှားကို ပြောနေတာလည်းဖြစ်နိုင်တယ်။ ကိုယ့်အမှားကြောင့် ဖြစ်ရတာဆိုရင် နောက်ထပ်အမှားမလုပ်မိအောင် သတိပေးနေတာ ဖြစ်တယ်။ မတော်မတရားပြုခံရတာကို ပြနေတာလည်းဖြစ်နိုင်တယ်။
• Scars of Memory မေ့မရတဲ့အမာရွတ်ဆိုတာ ၁၉၃၂ ခုနှစ် အယ်လ်ဆာဗာဒိုနိုင်ငံလေးမှာဖြစ်ခဲ့တယ်။ ၁၉၃၁ ခုတုံးက Martínez မာတိနစက်စ်က စစ်အာဏာသိမ်းခဲ့တယ်။ ဆန့်ကျင်မှုတွေကိုနှိမ်နင်းခဲ့တယ်။ ၁၉၃၂ ခု တောင်သူလယ်သမား အုံကြွမှုကြီးကထင်ရှားတယ်။ လူတွေထောင်ပေါင်းများစွာကိုသတ်ပြစ်လို့ La Matanza (The Massacre) ဆိုပြီး သမိုင်းတွင်လာတယ်။
• မြန်မာပြည်မှာ ၂ဝဝ၃ မေလ ၃ဝ ရက်ည ဒီပဲယင်းအနားက ကြည်ရွာမှာ စစ်အစိုးရကနေ လူတွေကိုရိုက်သတ်တာကို Depayin massacre လို့ နိုင်ငံတကာမီဒီယာက သုံးနှုန်းတယ်။ နောက်နေ့မနက်မှာ အမေရိကန်သံရုံးကလာမကြည့်ခင်မှာ လမ်တွေပေါ်က သွေးကွက်တွေကိုဆေးကြောပြစ်လိုက်လို့ ပျောက်သွားပေမဲ့ အဲဒီဒဏ်ရာအမာရွတ်ဟာ ခုထိ မြန်မာ့ ဒီမိုကရေစီ သမိုင်းထဲမှာ ထင်းထင်းရှားရှားကျန်ရစ်ပါတယ်။
• ၂ဝ၁၂ နိုဝင်္ဘာ ၂၉ ရက်ည၊ ချင်းတွင်းမြစ်အနောက်ဖက်က၊ လက်ပတောင်းကြေးနီမိုင်းဆန္ဒပြသူ ဘုန်းတော်ကြီးတွေနဲ့ လူတွေကို မီးလောင်ဗုံးနဲ့ ဖြိုခွဲနှိမ်နင်းတဲ့တဲ့ မီးလောင်ဒဏ်ရာတွေကလည်း ခံရတဲ့ဘုန်းကြီးတွေရဲ့ကိုယ်ပေါ်မှာရော သမိုင်းထဲမှာပါ ပျောက်ကွယ်စရာမရှိတော့ပါ။ Posttraumatic stress disorder (PTSD) ထိခိုက်ဒဏ်ရာရပြီးနောက် စိတ်ဖိအားရောဂါဆိုတာ ကုသရတာခက်ခဲလှတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၃-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး