How to address people အမည်သညာခေါ်စရာကား

• အမျိုးမတော်ပဲနဲ့ တဖက်လူကို အကို၊ ဦးလေး၊ အဘ၊ စဖြင့်ခေါ်တာနဲ့ ကိုယ့်ကိုယ်ကို သမီး၊ သားလို့ ပြောတာမျိုးဟာ ကျွန်တော့်အတွက်တော့ အခက်အခဲရှိပါတယ်။
• ကျန်းမာရေးမေးလာသူတွေကနေ ကိုယ့်ကိုယ်ကို သမီးလို့ရေးလာရင် ဖြစ်နေတာက ရေးတဲ့သူကိုယ်တိုင်လား၊ သူ့သမီးလား၊ သူ့မြေးမလေးလား ထင်နိုင်တယ်။ အဲလိုစဉ်းစားရတာ ၉-၁ဝ ခါရှိပါပြီ။
• ဆရာဝန်ကို ဦးလေးလို့ခေါ်ပြီး သူ့ဦးလေးအကြောင်းကို မေးနေတာလဲ ဝေခွဲရခက်ပါတယ်။
• ကိုယ့်ကိုယ်ကို သမီးလို့သုံးနေသူတွေမှာ သားသမီးရတဲ့ အချိန်ရောက်တာတောင်မှ အပြောင်းရခက်ကြပုံရတယ်။ မျက်စိအောက်မှာတင် ကလေးအမေဖြစ်သွားတဲ့သူတွေကလဲ သူ့တို့ကိုယ်သူတို့ သမီးလို့ပြောတုံးပဲ။ အဲဒီသဘာဝကိုတော့ ပြောစရာမရှိပါ။ ကျွန်တော့်ကို ရေးလာ၊ ပြောလာရင်တော့ ဂွကျတယ်။
• မနေ့ပဲ ယောက်ျားတယောက်လာလည်တယ်။ သူ့ကိုယ်သူသားလို့ပြောတယ်။ သူ့သားက ၅ နှစ်ရှိပြီတဲ့။
• ဆရာလို့သုံးတာက အရွယ်မရွေး၊ ကျား-မ မရွေးတင့်တယ်ပါတယ်။ လေးစားရာကျတယ်။ ယဉ်ကျေးတယ်။
• ဆရာကြီးဆိုရင်တော့ မမှန်ပါ။ ဆရာဝန်လောကမှ အထူးကုတွေကိုမှ ကြီးထည့်လေ့ရှိလို့ပါ။ ကျွန်တော်က ရိုးရိုးဆရာဝန်ပါ။
• ပိုဆိုးတာက အဘလို့ခေါ်တာဖြစ်တယ်။ ကျွန်တော် အသက်ငယ်ချင်လို့မဟုတ်ပါ။ ဖေ့စ်ဘွတ်မှာ မွေးနေ့ကို အတိအကျ ရေးထားပါတယ်။ (အဘ) ဆိုတာ တပ်ရင်းမှူးကိုခေါ်ကြတယ်။ စစ်အစိုးရထဲက လူကြီးတွေကိုလည်း အဘခေါ်ကြတယ်။ နိုင်ငံရေးလုပ်သူတွေကို ဖမ်းဆီး၊ နှိပ်စက်၊ ထောင်ချခဲ့သူ သူကိုယ်တိုင်က ထောင်ကျပြီးလွတ်လာတော့ သူ့ကိုယ်သူ အဘတဲ့။ အဲသည်ကတည်းက ကျွန်တော့မှာ အဘဆိုတာကို ခါးသီးလာတော့တာပဲ။
• ဒေါက်တာဆိုတာ နားယဉ်နေကြပါပြီ။ ကျွန်တော့်နာမည်ရှေ့မှာ ဒေါက်တာထည့်တာက အကြောင်းရှိပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်အရှုံးစာရင်း ထုတ်ပြန်တုံးကရော၊ အစိုးရဂေဇက်ထဲမှာပါ ရွေးကောက်ပွဲဝင်ဘို့ မှတ်ပုံတင်အတိုင်း ဒေါက်တာတင့်ဆွေ လို့ပါတယ်။ ၂ဝ၁၂ နာမည်မည်းစာရင်းတွေ ဖျက်ပေးတော့လဲ သည်အတိုင်းပါတယ်။ ၁၉၉ဝ ရွေးကောက်ပွဲကို စစ်အစိုးရတွေက ဘယ်လိုပဲ တန်ဘိုးကျအောင်လုပ်လုပ်၊ ကျွန်တော်က ဂုဏ်ပြုချင်လို့ ဖြစ်ပါတယ်။
•ကျွန်တော့်နာမည်မှာ တခါတလေ Dr. လို့ရိုက်ပါတယ်။ေ (သဝေထိုး) ကို ကွန်ပြူတာက ဖတ်တာတမျိုးဖြစ်နေလို့ပါ။
• ကျွန်တော့်ဆီ စာရေးရင်လဲ Sir လို့ မသုံးစေပဲ၊ Sayar လို့သာ ပြင်ပေးပါတယ်။
• ဆရာ-လူနာ ဆက်ဆံရေးမှာ စည်းခြားရပါတယ်။ ဆရာဝန်နဲ့ လူနာကြားမှာ တွယ်ကပ်မှုကို အထူးသတိထားရပါတယ်။ Doctor-patient relationship ဆရာ-လူနာ ဆက်ဆံရေး (၂) ပုဒ်ရေးထားပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး