Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ

သူများ ယဉ်ကျေးမှုတွေမှာ ဖို-မ ဆက်ဆံတာမယ် မေတ္ကာတွေ၊ ချစ်တာတွေ အသာထား၊ “တွေ့တဲ့ဟာနဲ့ ကြုံရာကျပန်း၊ တညတာ စခန်းသွား” နေကြလို့ အချစ်ဆိုတာလေး ရှာတော့ ၃ ရာစုမှာ သွားတွေ့ပါတယ်။ ဖေဖေါ်ဝါရီ ၁၄ ရက်ကို သတ်မှတ်တဲ့ Valentine ချစ်သူများနေ့ သမိုင်းဟာ မယုံရင် ပုံပြင်မှတ် အစားထဲကပါ။ မူကွဲ မဟုတ်ဘဲ၊ တခုနဲ့ တခုလဲ မတူကြဘူး။ “မျက်မမြင်ကို ဆေးကုပေးတဲ့ သမားပုံပြင်” က ဆေးပညာနဲ့ နီးစပ်လို့ ဘက်လိုက်ပြီး ရွေးပါမယ်။

ဘာသာရေး ယုံကြည်ချက်နဲ့ ထောင်ကျနေရတဲ့ ချစ်သူများနေ့ဟာ ထောင်အရာရှိ တဦးရဲ့ သမီးကို ဆေးကုပေးစဉ် မေတ္ကာသက်ဝင် ချစ်ခင်လာပါသတဲ့။ ဆေးချက် ကလဲမှန်၊ ယုံကြည်မှုကလဲ ပြင်းထန်တာမို့ ချစ်စရာ ကလေးမ မျက်စိနှစ်ကွင်း အလင်းပြန်ရပြီး၊ “သင့်ရဲ့ Valentine” ဆိုတာကို ဖတ်နိုင်လာသတဲ့။ ဒါပေမဲ့ ဧကရာဇ် Claudius II ကနေ သေဒဏ်ပေးလို့ မသေခင်လေး ရေးခဲ့ရတဲ့ Valentine ရဲ့ စာတစောင်သာ ဖြစ်ပါတယ်။ “မျက်စိမမြင်လဲ အချစ်ရှိတယ်ပေါ့။”
Valentine Foods ဆိုတာက လိင်စိတ်အားပေးတဲ့ အစားအစာတွေပါ။ Aphrodisiac လို့လဲ ခေါ်တယ်။ “အချစ်နဲ့ လိင်ကို စိုးပိုင်တော်မူသော ဂရိ နတ်သမီး” Aphrodite ကနေ လာတာပါ။ သမိုင်းတလျှောက် ဒီအရေးအရာမှာ နာမည်ကြီးခဲ့တဲ့ အသောက်၊ အစား နဲ့ အမူအကျင့်တွေ အများကြီး ရှိခဲ့ပါတယ်။

ညစ်ညမ်းတယ်တော့ မထင်ပါနဲ့။ ကွက်ကနဲ ကွင်းကနဲမြင်အောင် ရေးပါရစေ။ လိင်စိတ်အားပေးအစာနဲ့ ဆေးတွေထဲမှာ ပုံပန်းကိုက လိင်အင်္ဂါနဲ့ တူတာတွေပါတယ်။ ကြံချိုကနေ ထုတ်တဲ့ဆေး ရောင်းကောင်းလှတယ်။ ငှက်ပျောသီး နဲ့ ရေခဲမုံ့ကို မော်ဒယ်လှလှ ပါးစပ်နားတေ့ပြ ကြော်ညာတော့လဲ တမျိုးဘဲ။

ကနု-ကမာဆိုတာ မ-အင်္ဂါနဲ့ တူလို့တဲ့။ ၁၈ ရာစု ဥရောပ နန်းတွင်းနဲ့ အထက်တန်းလွှာ အမျိုးသမီး ကြီး-ငယ် ကြားမှာ ရေပန်းစားခဲ့တဲ့ Womanizer မြာပွေသူလို့ သမိုင်းတင်ခဲ့တဲ့ Giacomo Casanova ဟာ မနက်စာ စားရင် ကနု-ကမာ ၅ဝ အစိမ်း စားတယ်လို့ ပြောစမှတ် ရှိတယ်။ ဒီအစားက သွပ်ဓါတ် များတာမို့ သုက်အား ကောင်းစေတယ်။ D-aspartic acid နဲ့ N-methyl-D-aspartate တွေပါလို့ တက်စတိုစတီရုန်း ကျား-ဟော်မုန်း များစေတယ်။

အလယ်ခေတ်တုံးက “အထင်တခု” ရှိခဲ့တယ်။ ယောက်ျားရဲ့ ဘယ်ဘက်က အစိကို ထုတ်ထားရင် သား ယောက်ျားလေး မွေးစေသတဲ့။ ကနေ့အထိ ယုံနေကြတာကတော့ အထီးကောင်တွေရဲ့ အစိ၊ (ရောကီး) တောင်တန်းကလာတဲ့ ကနု-ကမာ ဒီနေရာမှာ ကောင်းပါသတဲ့။ နွားထီး ဟာကို အများဆုံး စားသုံးကြပါတယ်။

Yohimbine ဆိုတာ အမေရိကမှာ တရားဝင် ရောင်းခွင့်ရှိတဲ့ ယောက်ျား လိင်အားတိုးဆေးပါ။ Bremelanotide ကတော့ အမျိုးသား-အမျိုးသမီး သုံးနိုင်တယ်။ ချော့ကလက်လဲ စာရင်းထဲ ထည့်တယ်။ ဒါပေမဲ့ သူ့ထဲပါတဲ့ Serotonin, Phenylethylamine တွေဟာ ဦးနှောက် ထဲက သာယာမှုရတဲ့နေရာတွေကို သက်ရောက်နိုင်လို့ Sex နဲ့တော့ တူတယ်၊ ဒါပေမဲ့ သူ့ကြောင့် Sex ကို အကျိုး သက်ရောက်တာ ရှာမတွေ့ဘူး။

(ကလပ်) ဆေးတွေလဲ နာမည်ရှိတယ်။ Alkyl nitrites (Poppers) ဆိုတာကို ရှူရတယ်။ ကြွက်သား အနုစားတွေ လျှော့ပေးစေလို့ သွေးပိုလျှောက်ပြီး၊ အထိန်းတွေ ကျယ်စေကာ ဒီစိတ်ကို နိုးဆွပေးပါတယ်။ မူးယစ်အုပ်စုဝင် (ကိုကိန်း) နဲ့ (မက်သမ်ဖတမင်း) တို့လည်း ဒီလိုဘဲတဲ့။ လေ့လာသူတွေက ပြန်ပြောတယ်။ ဆေးခြောက်၊ ကိုကိန်းနဲ့ Ecstasy (MDMA) ဆေးဝါးတွေက ကျားဟော်မုန်း လျှော့စေလို့ ပြောင်းပြန်အကျိုး သက်ရောက်စေသတဲ့။ အရက်မျိုးစုံ နဲနဲဆိုရင် ဖြစ်စေနိုင်ပေမဲ့ များသွားလို့ကတော့ တယောက်ထဲ အိပ်ပျော်သွားမှာ သေခြာတယ်။

Spanish fly ဆိုတဲ့ အင်းဆက်ကို ဆေးပြား၊ ဆေးမှုံ့၊ ဆေးရည်၊ မျိုးစုံကို မပေါ့်တပေါ်ပုံ အဖုံဖုံနဲ့ ရောင်းပါတယ်။ အမှန်က Fly မဟုတ်ဘဲ Beetle ပိုးကောင် ဖြစ်ပါတယ်။ အကောင်တော့ လိုက်ရှာမနေပါနဲ့။ ဒီအကောင်မှာ ဒီအစွမ်း မရှိဘူးလို့ ထောက်ပြတာ ရှိတယ်။ ရောင်းတော့ကောင်းတယ်။ (စာတပုဒ် ရေးထားပါတယ်။)

သဘာဝ လိင်အားတိုး အစာနဲ့ဆေး လို့ နာမယ်ပေးတာတွေလဲ မနည်းပါ။ သစ်ကြံပိုးခေါက်၊ တရုပ်နံနံကြီး၊ တရုတ်နံနံသေး၊ လေးညှင်းပွင့်၊ ကြက်သွန်ဖြူ၊ ချင်း (ဂျင်း)၊ နွယ်ချိုမြစ်၊ ဇာတိပ္ဖိုလ် အသီး-အခွံ-အပွင့်၊ မုံညင်း၊ ငရုတ်ကောင်း၊ ကုံကုမံ၊ သစ်ခွရည်။ နနွင်းထဲမှာပါတဲ့ Crocin ကိုလည်း ကောင်းတယ်လို့ ဆိုပါတယ်။

အနံ့တွေကလဲ အားပေးပါသတဲ့။ နှင်းဆီရိုင်းက ထုတ်တဲ့ရေမွှေး။ Kasturi Mriga သမင်တမျိုးက ထုတ်တဲ့ Musk (Kasturi) ရေမွှေးက “အမျိုးသမီးတွေ ကောက်ကောက်ပါ လိုက်လာစေနိုင်တယ်” လို့ နာမယ်ရနေတာ ရာစုနှစ် တခု ရှိနေပါပြီ။ ကြော်ညာဝင်ပါရစေ။ The Body Shop White Musk, Comptoir Sud Pacifique Cristal dr Musc, Serge Lutens Clair de Musc, Montale White Musk, Les Bains du Maais Musc Blanc, Le Palais des Reines, Il Profumo Musc Bleu တွေက ထိပ်ဆုံး ရေမွှေး ၇ မျိုးပါ။ နောက်ပိုင်း Male musk deer သမင်းဖိုကနေ မဟုတ်ဘဲ တခြားအကောင်တွေရဲ့ အိတ်ကနေ ထုတ်ယူကြတယ်။

လိင်အားပေးတဲ့ ပန်းတွေလဲရှိတယ်။ Morning glory ပန်းရောင်နဲ့ အပြာရောင် ရောပွင့်တဲ့ပန်း၊ ဘိန်းပန်း၊ နေကြာ၊ နှင်းဆီရိုင်း။

ဗီတာမင်ဘီအုပ်စု၊ သွပ်ဓါတ်၊ Kelp ပင်လယ်ရေညှိ၊ L-Tyrosine အမိုင်နိုအက်စစ်၊ Spirulina ပင်လယ် ရေညှိအသေး၊ လူတိုင်းစားတဲ့ ဂျုံ ထဲမှာ မဟော်မုန်း အီစထိုဂျင် နဲ့ ဗိတာမင် အီး ပါတယ်။

တိုင်းရင်းဆေးတွေထဲမှာ Ashwagandha အိန္ဒိယ (ဂျင်ဆင်း) လို့လဲခေါ်တဲ့ ဆေးဘက်ဝင်သစ်မြစ်။ ဗမာတွေ မပူနဲ့ ကွမ်းရွက်၊ ကွမ်းသီးမှာလဲ ဒီတန်ခိုး မဆိုးဘူးတဲ့။

တောင်အမေရိကမှာ ပေါက်တဲ့ Borrachero အပင်၊ အရိုင်းသုံးရင် Get-you-drunk “မူးသွားမယ်နော်” လို့ ပြောနိုင်တယ်။ ဝတ်မှုံရှူတာနဲ့ အိပ်မက်ဆန်းတွေ မက်စေတာက Hallucinogen စိတ်ကို ပြောင်းလဲစေတဲ့သတ္ကိ ပြင်းပြင်း ရှိလို့။ သူ့ထဲမှာ ပါတဲ့ Scopolamine (Hyoscine) ကိုတော့ ဆေးအဖြစ် သုံးတယ်။ အန်ချင်တာ၊ ကားမူးတာ၊ အဆိပ်သင့်တာ၊ အရည်ထွက် များတာ၊ မျက်စဉ်း စတာတွေမှာ သုံးတယ်။ ဒါပေမဲ့ Zombies ဖုတ်ဝင်သလို ဖြစ်စေတဲ့ သတ္ကိရှိလို့ အမေရိကားမှာ ဘာလို့ တရားဝင် ရောင်းခွင့်ပြုသလဲဆိုပြီး Drug Safety Society က မေးခွန်း ထုတ်နေတယ်။

စုံတွဲတွေ စားသုံးဘို့ ချက်နည်း-ပြုတ်နည်း Cookbooks for Lovers စာအုပ်တွေလဲ သပ်သပ်ရှိသေးတယ်။ ဒီထဲမှာ ကညွတ်၊ ငှက်ပျေားသီး၊ မှို၊ (ဒီ သုံးမျိုးက သဏ္ဌာန်အရ ပြောကြတာလား မသိပါ။) Caviar (Sturgeon) ငါးဆားနယ်၊ Creamy wild mushroom soup မှိုရိုင်း (ဆု-ပ်)၊ သင်္ဘောသဖန်းသီး၊ (ဂျင်ဆန်း)၊ ကျောက်ပုဇွန်၊ ကမာ-မုတ်ကောင်၊ Puffer Fish အဆိပ်ရှိ ပင်လယ်ငါး၊ Radish မုံလာဥ ဖြူ-နီ၊ (အဝါ မဟုတ်)၊ Truffles ညိုမဲမဲ မှိုတမျိုး၊ နွားပျိုသားဟင်းစတာတွေပါတယ်။

ဒီလိုအစားအစာတွေမှာ အမျိုးသမီးတွေအတွက်က ပုံမှာပါတာတွေလို့ဆိုပါတယ်။ ကျန်တာတွေက အမျိုးသားတွေအတွက်ဖြစ်တယ်။

လိင်စိတ်အားပေးအစာနဲ့ ဆေးဆိုတာတွေကို သိပ္ပံနည်းကျ ပြောရရင်တော့ စိတ်မှာသက်သာစေတဲ့ ဆေးမျိုးတွေက များတယ်။ ရောဂါ အတော်များများကို ဒီသဘောမျိုး ဆေးတွေ ပေးပါတယ်။ “လူနာကို ညာတာလား” လို့ မေးရင် မှန်လဲ မှန်တယ်။ မမှန်လဲ မမှန်ဘူး။ ရှေးကတည်းက သုံးခဲ့ကြတာပါ။ ဆေးပေးတာတင်မက ခွဲစိတ်ပေးရတာလည်း ပါသေးတယ်။ လူနာရဲ့ စိတ်မှာ သက်သာတယ်လို့ ထင်သွားစေတာကိုက ထိရောက်တဲ့ ကုသနည်းတခု မဟုတ်ပါလား။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး