Anti-Fascist Resistance Day မတ်လ တော်လှန်ရေးလ

ကျွန်တော်တို့ လူလားမြောက်ကာစကာလတွေမှာ မတ်လဆိုတာနဲ့ ဥသြတွန်သံထက် ဖက်ဆစ်တော်လှန်ရေး အောက်မေ့ သတိရသံကို ပိုကြားခဲ့ရတယ်။ မတ်လဟာ တော်လှန်တဲ့လလို့ အသေမှတ်စွဲထင်နေခဲ့တယ်။ စစ်အာဏာ စသိမ်းတဲ့ မတ်လ ၂ ရက်ကို တောင်သူလယ်သမားနေ့လုပ်၊ မတ်လ ၂၇ ဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့ လုပ်ကတည်းက မတ်လရဲ့ သမိုင်းဟာရိုင်းလာတော့တယ်။ မေ့စေချင်သူတွေရဲ့လိုဘ ပြည့်ဝနေပြီလား။ မမေ့ကြပါနဲ့။ အမှတ်ရကြစေဖို့ရာ (ဝင်းတင့်ထွန်း) ရဲ့ကဗျာကို ကူးယူတင်ပါရစေ။

ဖက်ဆစ်တော်လှန်ရေး အမှတ်တရ

တော်လှန်ရေး မစမီ
• ရဲဘော်သိန်းတန်တဲ့
• တော်လှန်တဲ့ သူရဲကောင်းဟာ
• ခေါင်းတခြား ကိုယ်တခြား
• ဖက်ဆစ်များရဲ့ဓါးချက်အောက်
• မတွန့်မဖောက် စတေးခံ
• အမိနိုင်ငံအပေါ် သစ္စာရှိ
• စစ်ကိုင်းတံတားကြီး သိပါတယ်
• ဧရာဝတီ ငိုခဲ့ရတဲ့ အဲဒီနေ့
• ဘယ်တော့မှ မမေ့ကြဖို့ မှတ်တမ်းတင်ထားပါ။

• လက်ပံတန်း ဦးဘတင်ကနေ
• သခင် သခင်မ အာရှလူငယ်များ အပါအဝင်
• ရဟန်းရှင်လူ အမြောက်အများ
• ကင်ပေတိုင်များရဲ့လက်ချက်အောက်
• အသက်ပျောက်ခဲ့ရတာတွေလည်း မနည်းလှ
• ရင်နာစရာ ကောင်းလှတယ်။

တော်လှန်ရေးနိဒါန်း
• ပဲခူး စံပြတပ်ရင်းက
• တပ်ရင်းမှူး ဗိုလ်ကျော်ဇောရဲ့ကုတင်ပေါ်မှာ
• သခင်စိုးနဲ့ ဗိုလ်ချုပ်အောင်ဆန်း
• ရည်မှန်းချက်ရှိရှိ ပြင်ဆင်ကြရာက
• ဖတပလဆိုတဲ့ သန္ဓေသား
• ဖက်ဆစ်လှံစွပ်ကြားမှာ အခြေတည်
• ကလလရေကြည် စခဲ့တယ်။

• ကွန်မြူနစ်ပါတီ - ဗမာ့တပ်မတော်
• ပြည်သူ့အရေးတော်ပုံပါတီ
• ဟန်ချက်ညီညီ ပေါင်းစည်း
• ဖဆပလကြီး ပေါ်ထွန်းလာခဲ့တယ်။

တော်လှန်ရေးကြီးအတွင်း
• လွတ်လပ်မှ အမျှဝေပါတဲ့
• ကြေကွဲစွာ မှာကြားရင်း
• အံကိုတင်းပြီး အသက်ပေး
• မော်ကွန်းရေးသွားကြတဲ့ အာဇာနည်တွေဟာ
• ဟောဒီတော်လှန်ရေးကြီးထဲမှာပါ။

• ငါတို့အရိုးတွေပေါ်မှာ
• ခေါင်းပေါင်းစတွေ တထောင်ထောင်နဲ့
• နိုင်ငံရေးခေါင်းဆောင်တွေ စည်းစိမ်ခံ
• တော်လှန်ရေးအပေါ် သစ္စာဖောက်
• လွတ်လပ်ရေးလမ်းကြောင်း ပျောက်ခဲ့ရရင်
• ရောက်ရာဘဝကနေ ကမ္ဘာမကြေ
• လက်စားချေသွားမယ်ဟေ့လို့ ကျိန်စာတိုက်
• သေနတ်ကို ပိုက်ပြီး စစ်မြေအတွင်း
• ရင်မြေကတုတ်ခင်းပြီး ရှေ့ကိုတက်
• အသက်နဲ့လဲပြီး စွန့်ခဲ့ကြ
• ကျဆုံးသွားကြတဲ့ သူရဲကောင်းတွေဟာ
• ဟောဒီတော်လှန်ရေးကြီးထဲမှာပါ။

• နိုင်ငံရေးသမား - တပ်မတော်သား
• အလုပ်သမား - လယ်သမား
• ကျောင်းသားနဲ့ ရဟန်း
• နိုင်ငံတဝှန်းက မျိုးချစ်တွေ
• ကျရာနေရာကနေ ပါဝင်ပြီး
• ဟောဒီတော်လှန်ရေးကြီးအတွင်း စွန့်ခဲ့တာ
• အမိဗမာပြည်ရဲ့လွတ်မြောက်ရေး
• လွတ်လပ်ရေးကြီးအတွက်သာမက
• လောကပါလနဲ့ ဗြဟ္မစိုရ်တရား
• တရားမျှတမှုနဲ့နိုင်ငံတော်
• ပေါက်ဖွားပေါ်ထွန်းလာရေး ဖြစ်ပါတယ်။

တော်လှန်ရေးအပြီး၊ လွတ်လပ်ရေးကြီးနောက်
• ဖက်ဆစ်တော်လှန်ရေးကြီးရဲ့ဂုဏ်အရှိန်နဲ့
• အဟုန်တထိန်ထိန် ဆက်ပြီးသွေး
• လုံးဝလွတ်လပ်ရေးဆီ ဆက်ပြီးရှု
• မျက်မှောက်ပြုနိုင်ကြတော့တဲ့အချိန်မှာ
• ပထမဆုံးသော လွတ်လပ်ရေးနေ့အထိမ်းအမှတ်
• အလံတော်တဖျပ်ဖျပ် စင်မြင့်ထက်
• အကျအန တက်ပြီးထိုင်နေကြ
• လွတ်လပ်သော မြန်မာနိုင်ငံတော်အစိုးရတဲ့
• ခေါင်းပေါင်းစ တထောင်ထောင်နဲ့
• အဆောင်အယောင်တွေ အပြည့်ဆွဲ
• အိနြေ္ဒကြီး တခွဲသားနဲ့လူတွေထဲ
• ဖက်ဆစ်တော်လှန်ရေးကြီးထဲတုန်းကပါဖူးသူ
• လူဆယ်ဦး ပြည့်အောင်တောင်မရှိဆိုပါကလား။

လွတ်လပ်ရေး ကြေညာပြီးစ
• ဖက်ဆစ်တော်လှန်ရေးနေ့ ညစာစားပွဲကြီး
• စားပြီးလို့မှ လက်မခြောက်သေးချင်
• ရင်နာစရာ မိုက်ရိုင်း၊ သမိုင်းတကွေ့အဖြစ်
• ပြည်တွင်းစစ် တရားခံအစစ်တွေဟာ ဘယ်သူလဲ
• တရားခံအစစ်တွေဟာ ဘယ်သူလဲ။

• ဖက်ဆစ်တော်လှန်ရေး သူရဲကောင်း
• နိုင်ငံ့သားကောင်းတချို့
• သူပုန်လို့ အမည်တွင်
• သောင်းကျန်းသူလို့ စာရင်းတင်
• ကမ္ဗည်းဆင်သွားခဲ့ရ
• ရိုင်းလှတဲ့အဖြစ်၊ တရားခံအစစ်တွေက ဘယ်သူလဲ။

• ခုချိန်ထိလည်း
• ကြေကွဲစရာ အဖြစ်ဆိုးနဲ့
• ရင်ကျိုးစရာတွေချည်း ကြုံနေရ
• ဖက်ဆစ်ဟောင်းကနေ ဖက်ဆစ်လက်သစ်
• စစ်အာဏာရှင်စနစ်အလီလီရဲ့လက်အောက်
• မိုးမသောက်နိုင်သေးတဲ့ နိုင်ငံတော်
• လင်းကြက်ဆော်ဖို့ ဝေးနေဆဲ
• ရောင်နီပေါ်ဖို့ ဝေးနေဆဲ။

• ဖက်ဆစ်တော်လှန်ရေး သူရဲကောင်းတို့ရဲ့ကျိန်စာ မှာတမ်း ရည်မှန်းချက်
• ပျက်ခဲ့ပြီလော ပြည့်ပြီလော
• အတိတ်တောအုပ်ထဲက ပဲ့တင်သံ
• တညံညံ ကြားနေရ မတ်လရောက်တိုင်း ပိုကျယ်လာ။

ဟိုတုန်းက
• ဖက်ဆစ်တော်လှန်ရေးရဲ့အောင်ပွဲကို
• အရှက်နည်းသူတွေက အချောင်ပိုက်
• ကြောင်တောင်နှိုက်တာ ခံခဲ့ရသလို
• အခုကျတော့ စစ်ဓါးပြတွေက မောင်ပိုင်စီး
• တော်လှန်ရေးနေ့ကြီးရဲ့နေရာ
• စစ်တပ်နေ့ကြီးပါလို့ အတင်းထူ
• သူခိုးတွေက လူလူဟစ် ဖက်ဆစ်လက်သစ်။

• မူလဖက်ဆစ်တော်လှန်ရေးကြီးရဲ့ပဲ့တင်သံ
• တကျော့ပြန် ကြားနေရဆဲ
• ဒုတိယ ဖက်ဆစ်တော်လှန်ရေးကြီးအတွက်
• ရက်ချိန်း ထပ်မံရွေးကြရဦးမလား
• သမိုင်းဒဏ်ရာများနဲ့ အမိပြည်
• မျက်ရည်ရှိုက်သံ မဆုံးနိုင်သေးပါတကား။ ။

ဝင်းတင့်ထွန်း

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး