အလေးပြုခြင်း နှင့် ဂါဝရပြုခြင်း

ဆရာခင်ဗျာ ကျွန်တော်ထင်နေတာ မှန်လား မှားလား ဝေခွဲရခက်နေလို့ပါ။ အလေးပြုတာနဲ့ ဂါဝရပြုတာ ကွာခြားချက်လေး သိချင်လို့ပါခင်ဗျာ။ ဥပမာ အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်အပေါင်း တို့အား ဂါဝရပြုပါသည် (သို့) အလေးပြုပါသည်။ အလေးပြုတာနဲ့ ဂါဝရပြုတာ ပြည်သူတယောက် အနေနဲ့ မည်သည့် စကားလုံးက ပိုပြီး အဓိပ္ပါယ် ပြည့်ဝသလဲဆိုတာ ကျေးဇူးပြု၍ ပြောပြပေးပါဆရာ။

ဂါရဝပြုသည် = အရိုအသေပေးသည်၊ အလေးအမြတ်ပြုသည်။

အလေးပြုသည် = လက်နက်ကိုင်အဖွဲ့တွေမှာ အသုံးပြုတဲ့ တိတိကျကျသတ်မှတ်ထားတဲ့ လက် (ကိုယ်) အနေအထားနဲ့ အရိုအသေပြုခြင်း။

အရပ်သားတွေမှာလည်း အလေးပြုလို့သုံးနိုင်ပါတယ်။ မတ်တတ်ရပ်ပြီး ဦးခေါင်းငုံ့ ခါးကွေးညွတ်ပြီး အရိုအသေပြုတာကို အလေးပြုတယ်လို့ သုံးပါတယ်။ ဂါရဝတရား (၁ဝ) ပါး ခေါ် ဘုရားကအစ မိတ်ဆွေအပေါ် လေးစားရခြင်းတွေနဲ့ မတူပါ။ ဂါရဝေါစ နိဝါတောစ အပြန်အလှန်ရိုသေ နှိမ့်ချခြင်း မင်္ဂလာတရားနဲ့တော့တူမယ်။ မေလှမြိုင်သီချင်းနဲ့ ဆရာ မင်းသုဝဏ် ကဗျာထဲမှာလည်း အလေးပြုသည်လို့သုံးပါတယ်။

ငါတို့အတွက် ကိုယ့်အသက်ကို
မကွက်မညှာ၊ စွန့်ကြရှာသည်၊
ဇာနည်နွယ်ဘွား၊ သူတို့အားလျှင်၊
ညွတ်တွားသမှု၊ အလေးပြု၍၊
သာဓုနုမော်၊ ကောင်းချီးခေါ်သည်၊
ခြောက်ဖေါ်နတ်က ကြားစေသော်ဝ်။ (မင်းသုဝဏ်)

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ