Kidney cysts ကျောက်ကပ်ရေအိတ်

၁။ မင်္ဂလာပါ ဆရာရှင် ကျမက ကျောက်ကပ်ရေအိတ်တည်လို့ မေးမြန်းဖူးတဲ့လူနာပါရှင့်။ ဆရာရဲ့ ကျောက်ကပ်ရေအိတ် ဆောင်းပါးကို လည်း ဖတ်ရပါတယ်ရှင့်။ ဆရာကိုလည်း  အရမ်းကျေးဇူးတင်ပါတယ်။ ကျမတို့ ကျောက်ကပ်ရေအိတ် လူနာတွေအတွက် ဆောင်ပါးတွေ တော်တော်များများ ရှာရခက်ပါတယ်ရှင့်။ ကျောက်ကပ်ရေအိတ်လူနာတွေဟာ  ကျောက်ကပ်နာတာရှည် ဖြစ်လာနိုင်ပါသလား။ အမျိုးသမီးဆိုရင် ကလေးယူရင် အဆင်ပြေနိုင်ပါသလား။ ကျောက်ကပ်ရေအိတ်လူနာဟာ ကျောက်ကပ်ကျောက်တည်တဲ့ လူနာနဲ့တူနိုင်ပါသလား။ ကျောက်ကပ်ရေအိတ်ဟာ  အရွယ်မကြီးရင် ဆေးစားပေးခြင်းဖြင့် အမြစ်ပြတ်နိုင်ပါသလား စသဖြင့်။ ကျောက်ကပ်ရေအိတ်သမားတွေရဲ့ နောက်ဆက်တွဲဖြစ်လာနိုင်သော အခြေနေများကို  ဆောင်းပါးရေးသားပေးစေလိုပါတယ်ဆရာ။ အားကိုးစွာဖြင့် ဆေးကုသိုလ်အကျိုးပြုသောဆရာ ကျမ္မာပါစေချမ်းသာပါစေ။

ကျောက်ကပ်ရေအိတ်နဲ့ ကျောက်တည်တာ မတူလို့သာ အမည်တမျိုးစီပေးတယ်။ ကိုယ်ဝန်အတွက် တားမြစ်ချက် လုပ်တော့မထားပါ။ လူတဦးချင်းစီကိုကြည့်ရမယ်။ ရောဂါဘယ်လိုပျောက်မလဲ စာထဲမှာပါထားတယ်။ နောက်ဆက်တွဲ ဖြစ်နိုင်တာတွေလည်း စာထဲမှာပါရှိ။

၂။ ကျမ အခု ထွာလ်ဆောင်းရိုက်ထားတဲ့ပုံပါ။ ကျောက်ကပ်ရေအိတ်တည် တာလို့ပြောပါတယ်။ စိုးရိမ်ရပါသလားဆရာ။ ကျမအသက်က 32 ပါ။ ဓမ္မတာမှန်ပါတယ်ဆရာ။ ဗိုက်တွေတော့ ပြည့်တင်းနေသလို အမြဲခံစားရပါတယ်။

အသက်-ကျား-မ-အိမ်ထောင်ရေး အရင်ဆုံးမရေးတာတိုင်းကို ၂ ခါထပ်ဖတ်ရတယ်။ အချိန် ၂ ဆကုန်နေရတယ်။ မေးတဲ့သူ ရာသီ မသိ။ အိမ်ထောင်ရေး စတာ မသိပါ။ ဖြေရန်မလိုတော့ပါ။

၃။ မင်္ဂလာပါဆရာ။ ကျမ အသက် ၃၄နှစ်ပါ။ အိမ်ထောင်မရှိ။ ရာသီတလထဲတွင်နှစ်ခါ ရက်ပိုင်းနှစ်ဆယ်လောက်သာ ခြားလာပြီး မေ (၁၆) တွင် ဆယ်ရက်တကြိမ်လာနေ၍ OG နှင့်ပြခဲ့ပါသည်။ OG မှ သွေးဆေးမသောက်ရန် မှာကြားပြီး Vizicon ဆေး ပြီး Ultrasound ရိုက်ပြီး ပြန်လာပြခိုင်းပါသည်။ အဖြေမှာ ညာဘက်ကျောက်ကပ်တွင် အမှုန်အနည်းငယ်ရှိ၍ ဘယ်ဘက် ကျောက်ကပ်တွင် ရေအိတ်သုံးလက်မခန့်ရှိနေလို့ ဆီးနှင့် ကျောက်ကပ်ဆရာထံ ထပ်လွှဲပါသည်။ ထိုဆရာမှ EvoFix 400mg ပေးပြီး တပတ်စောင့်ကြည့် ပြီး အခြေအနေမကောင်းရင် ထုံဆေးနဲ့ ဖောက်ထုတ်မယ် ပြောပါသည်။ ဖောက်မထုတ်ပဲ သောက်ဆေးအမျိုးအစားအမည်ရယ်၊ အကယ်၍ မဖောက်ထုတ်ပဲ ဒီတိုင်းဆက်ထားမယ်ဆို ဆိုးဆိုးဝါးဝါး ခံစားရမှုမျိုးတွေဘာတွေဖြစ်နိုင်ပါလဲ။ ကလေးမရနိုင်တာ တွေထိပါရှိလာနိုင်မှာလား။ ရေအိတ်ကြောင့် ရာသီခဏခဏလာနေရခြင်းလား။ ရှေ့ဆက်လုပ်သင့်တာ ပြုမှုနေထိုင်သင့်တာတွေကို ကျေးဇူးပြု၍ညွှန်ကြားပြီးရှင်းပြပေးပါဆရာ။ Ultrasound  Result ကို ပုံနှင့်တကွ ပူးတွဲပေးလိုက်ပါတယ်ရှင်။

ကျောက်ကပ်ရေအိတ်ဟာ ရှားရှားပါးပါး အရေးကြီးတဲ့မူမမှန်ရောဂါနဲ့ တွဲရှိနေနိုင်တယ်။ ဒါပေမယ့် အများအားဖြင့် ဒုက္ခမပေးပါ။ တဖက်တည်းရော နှစ်ဖက်လုံးမှာပါရှိနိုင်တယ်။ ဘာလို့ဖြစ်သလည်း ရှင်းရှင်းလင်းလင်းမသိပါ။

Polycystic kidney disease ခေါ်အရည်အိတ်လေးတွေအများကြီးရှိတာနဲ့ မတူပါ။ (ပေါ်လီဆစ်စတစ်) ကျောက်ကပ် ရောဂါဆိုတာ မျိုးဗီဇရောဂါတခု ဖြစ်ပါတယ်။

ရိုးရိုးရေအိတ်က တခြားအကြောင်းတခုခုအတွက် စမ်းသပ်ရင်း တွေ့တာများတယ်။ ခံစားနေရတာလည်းမရှိတာများတယ်။ ခံစားရတာရှိတယ်ဆိုရင် ခါးနောက်ကထုံပြင်းပြင်းနာမယ်။ ဖျားမယ်။ ဗိုက်ပါအောင့်မယ်။

ကံမကောင်းရင် ဆက်တွဲဖြစ်နိုင်တာတွေတော့ရှိတယ်။ ရေအိတ်ကိုပိုးဝင်လို့ ကိုယ်ပူမယ်။ နာမယ်။ ပေါက်ထွက်လို့ ဆီးလမ်းကြောင်းကို ဆို့နေနိုင်တယ်။

ခံစားနေရတာရှိမှသာ ကုသဘို့လိုတယ်။ ဖေါက်ပြီးအရည်ထုတ်ပေးနည်းလုပ်တယ်။ အထဲကို (အယ်လ်ကိုဟော) ထိုးထည့်ပေးမယ်။ ကျောက်ကပ်အရည်အိတ်ကကြီးနေရင် ခွဲထုတ်ပေးရတာလည်းရှိတယ်။ ကင်မရာပါကိရိယာသုံး ခွဲနည်းလည်း ရှိတယ်။

ဒေါက်တာတင့်ဆွေ
၆-၆-၂ဝ၁၆
၁၇-၇-၂ဝ၁၇
၂၈-၇-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ