Myanmerese မှားသလား

ဆရာရှင်။ နိုင်ငံနဲ့ နိုင်ငံသား အခေါ်အဝေါ် အသုံးလေးတွေ မေးပါရစေဆရာ။ ဥပမာ China and Chinese, Singapore and Singaporean, Japan and Japanese စသည်ဖြင့်ပေါ့ဆရာ။ အရင်က ဘားမားနဲ့ ဘားမိစ်။ အခုနောက် မြန်မာလို့ ပြောင်းသွားပြီး မြန်မာနိုင်ငံသားကျတော့ကော Myanmar citizen လို့ဘဲ ခေါ်ကြရတာလားဆရာ။ အထက်က ဖော်ပြခဲ့သလို ဘားမားနဲ့ ဘားမိစ် ဖြစ်ခဲ့သလို မြန်မာနဲ့ မြန်းမိစ်လို့ မကြားဖူးမိလို့ ဆရာအချိန်ရရင် ရှင်းပြပေးပါလားရှင်။ ဆရာသက်ရှည်ကျန်းမာပါစေ ဆုတောင်းရင်း ကျေးဇူးတင်စွာဖြင့်။

ဗြိတိန်အင်္ဂလိပ်စာမှာ နာမ်စာလုံးအဆုံးသတ်ကနေ နာမဝိသသေနလုပ်ဖို့အတွက် စည်းစနစ်ထားတယ်။ နောက်ဆုံး အက္ခရာနဲ့ နောက်ဆုံးရှေ့က အက္ခရာတွေ ကြည့်ရတယ်။
• India – Indian
• Malaysia – Malaysian
• Indonesia - Indonesian
• Singapore – Singaporean
• China – Chinese
• Myanmar - ဘယ်လိုရေးမလဲ။

နိုင်ငံပေါင်း (၂ဝ၅) နိုင်ငံထဲမှာ Myanmar ကလွဲရင် East Timor တနိုင်ငံတည်းက (r) နဲ့အဆုံးသတ်တယ်။ အဲတာကို Timor-Leste လို့ပြောင်းလိုက်ပြီ။ Timor လို့ခေါ်တုံးက အဲဒီကလူမျိုးတွေကို အင်္ဂလိပ်လို Timorese လို့ ရေးပါတယ်။
အဲတာကြောင့် အိန္ဒိယမှာ အင်္ဂလိပ်သတင်းစာတွေက Myanmar – Myanmerese လို့ရေးကြတယ်။ သူတို့ကိုမှားတယ်လို့ မပြောသင့်ပါ။ ကန့်ကွက်လို့မရပါ။

မြန်မာစာအဖွဲ့မူပိုင် ၂ဝဝ၆ ခုနှစ်ထုတ်၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ Myanmar စာလုံးမပါ။ ၂ဝဝ၁ ထုတ်၊ မြန်မာ-အင်္ဂလိပ် အဘိဓာန်မှာတော့ ပါတယ်။ နာမ် = လူမျိုးလို့ဆိုထားတယ်။ နာမဝိသေသန = မြန်မာနာရီ၊ မြန်မာနိုင်ငံ၊ မြန်မာပြန်၊ မြန်မာမှုလို့ ဥပမာပေးထားတယ်။

I am a Myanmar, I speak Myanmar and I live in Myanmar. လို့ပြောနေကြတယ်။
I am an English, I speak English and I live in English country (England). လို့သာရေးရတယ်။
I saw a saw that saw a saw. ကိုအမှတ်ရစေတယ်။ ဒီအသုံးက ပြောကောင်းမလားလို့သုံးတာဖြစ်ပြီး၊ တိကျတဲ့အဓိပ္ပါယ် မရပါ။ ဒီစာကြောင်းရဲ့အဓိပ္ပါယ်က အမျိုးမျိုးထွက်တယ်။
1. I saw a saw sawing a saw.
2. I saw a cut in a saw.
3. A famous person also has problems.

Citizen သုံးတာက ရုံးသဘောဆန်တယ်။ ရှေ့မှာ နာမဝိသေသနခံရမယ်။ မြန်မာနိုင်ငံသားကို အင်္ဂလိပ်လို ကျွန်တော်တော့ မသိပါ။ Myanmar လို့တော့ ဟုတ်ပါ့မလား စဉ်းစားနေတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၇

Comments