Oestrogel အီစထိုဂျဲလ် ဟော်မုန်းဆေး
ဆရာ မင်္ဂလာပါရှင်။ ကျွန်မ အသက် ၄၂ ပါ။ အိမ်ထောင်ရှိပါတယ်။ သာသမီးမရှိပါ။ အသက် ၄၀ မှာ သားအိမ်အလုံးကြောင့် သားအိမ်နဲ့ပတ်သက်တာ အားလုံးထုတ်လိုက်ရပါတယ်။ ထုတ်ပြီးနောင်ပိုင်း ပူလိုက်အေးလိုက်နဲ့ အရမ်းခံရလို့ OG က ဟော်မုန်းဆေး Renorma သောက်ခိုင်းပါတယ် သောက်ချိန် သက်သာပေမဲ့ ဖြတ်လိုက်တာနဲ့ ပြန်ခံစားရလို့ အမြဲသောက်နေရပါတယ်ဆရာ။ အခု OG က ပုံပါ ဂျယ်လိမ်းဆေးကို ညွှန်းပါတယ်ဆရာ။ ဂျယ်လိမ်းဆေးရဲ့ ကောင်းကျိုး ဆိုးကျိုးနဲ့ ဆောင်ရန်ရှောင်ရန်လေး သိချင်ပါတယ်ဆရာ။ သောက်ဆေးနဲ့ လိမ်းဆေး ဘယ်အမျိုးစားက ပိုသင့်တော်လည်းလဲ သိချင်လို့ပါဆရာ။ နောက်ပိုင်းမှာ အရမ်းလဲသတိမေ့ လာပြီး အရမ်းလဲစိတ်တို တတ်လာပါတယ်ဆရာ။ မှတ်ဥာဏ်တွက် ဘာဆေးသောက်သင့်ပါသလဲဆရာ။ ကျေးဇူးတင်စွာဖြင့်။
အီစထိုဂျဲလ်ထဲမှာ Estradiol ခေါ်အမျိုးသမီးဟော်မုန်းပါတယ်။ သွေးဆုံးသူတွေ၊ မျိုးဥအိမ်နှစ်ဖက်လုံး ထုတ်လိုက်ရသူတွေကို ပေးတယ်။ သားအိမ်မထုတ်ရသေးသူတချို့ကို လစဉ် ၁၂ ရက်ကနေ ၁၄ ရက်သုံးစေတယ်။ သားအိမ်မထုတ်ရသေးသူတချို့ကို Progestogen ပရိုဂျက်စတိုဂျင်ဟော်မုန်းနဲ့လည်းတွဲပေးတာရှိတယ်။ သားအိမ်ကင်ဆာကို ကာကွယ်ဘို့ လိုအပ်သူတွေကို ပေးတယ်။ အပြည့်အဝကာကွယ်မှုတော့မဟုတ်ပါ။
အီစထိုဂျဲလ် ဟော်မုန်းဆေးဟာ Osteoporosis ခေါ်အရိုးအားနည်းရောဂါကာကွယ်ရေးအတွက်ပါ အသုံးကျတယ်။
ဆေးကို တနေ့မှာ တခါသာသုံရတယ်။ မျိုးပွါးလမ်းသန့်ရှင်းရေးလိုတယ်။ အမျိုးသမီး တကိုယ်ရေသန့်ရှင်းရေးစာဖတ်ပါရန်။ မလိုပဲအပိုတွေကြောင့် ရောဂါရစေတတ်တယ်။ ဆေးလိမ်းမဲ့မွေးလမ်းခြောက်သွေ့နေတာကောင်းတယ်။ ဆေးလိမ်းတဲ့နေရာ (လက်၊ ပေါင်) မှာ အနာအဆာမရှိတာကောင်းတယ်။ ဆေးလိမ်းပြီး ၅ မိနစ်လောက်သည်အတိုင်းထားရမယ်။ ခရင်မ်၊ ပေါင်ဒါ၊ သနပ်ခါးစသည်ကို နောက်ထပ်တနာရီအတွင်း မသုံးပါနဲ့။ မျက်စိထဲမဝင်စေပါနဲ့။ ဆေးကိုင်တဲ့လက်ဆေးပါ။ ရင်သား၊ မိန်မကိုယ်နဲ့ မျက်နှာမှာ မလိမ်းပါနဲ့။ မိန်းမကိုယ်ထဲထည့်ရတာက သီးသန့်ရှိတယ်။
သန့်ရှင်းရေးသုံးဆေးတွေ (benzalkonium or benzothonium chloride products) ပါတာကို ဆေးလိမ်းတာနဲ့ မတွဲပါနဲ့။ အရက်ပျံများတဲ့ (astringents, sunscreens) နဲ့ (salicylic acid, lactic acid) ပါတဲ့ဆေးတွေလည်း အခုလိမ်းဆေး လိမ်းတာနဲ့ မရောစေနဲ့။ ဆေးကို နေ့စဉ်အချိန်တူမှာလိမ်းသင့်တယ်။
ရင်သားစစ်ဆေးတာ သူများတွေထက်ပိုဂရုစိုက်နေရမယ်။ သွေးကြောထဲသွေးခဲမှုဖြစ်နိုင်ခြေ သူများထက် ပိုများတာသတိပြုပါ။ မိုင်ဂရင်းနဲ့ သွေးတိုလည်း သတိထားပါ။ စိတ်ဓါတ်ကျသလား သတိပြုပါ။ မျိုးပွါးလမ်းရောဂါ တခုခုရှိထားသူတွေက သတိနဲ့သာသုံးရမယ်။ ရင်သားကင်ဆာ၊ Fibrocystic breast disease ဖိုက်ဘရိုဆစ်စတစ် ရင်သားရောဂါ၊ Fibroids သားအိမ်အလုံး၊ Endometriosis အင်ဒိုမီထရီယိုးဆစ်ရောဂါ၊ Endometrial hyperplasia သားအိမ်ရောဂါ၊ Deep vein thrombosis သွေးပြန်ကြောပိတ်ခြင်း၊ Pulmonary embolism အဆုပ်သွေးကြောပိတ်ခြင်း၊ Warfarin သွေးကျဲဆေးသောက်နေသူ၊ Obese အဝလွန်သူ၊ Varicose veins သွေးကြောထုံရှိသူ၊ Smokers ဆေးလိပ်သောက်သူ၊ High blood pressure သွေးတိုးရှိသူ၊ Diabetes ဆီးချိုရှိသူ၊ Cholesterol ကိုလက်စထော များနေသူ၊ Gallbladder disease သည်းခြေအိတ်ရောဂါရှိသူ၊ SLE ရောဂါရှိသူ။
ဘေးထွက်သက်ရောက်မှုများ
ပျို့-အန်၊ ဗိုက်အောင့်၊ ရင်ပြည့်၊ လေတက်၊ အစာမကျေ၊ သွေးနည်းနည်းဆင်း၊ မွေးလမ်းမှိုဝင်ခြင်း၊ ရင်သားနာ၊ ကိုယ်ရောင်၊ ခေါင်းကိုက်၊ အားကုန်၊ လိင်စိတ်ပြောင်းလဲခြင်း၊ ရာသီမလာခင်ဖြစ်တတ်တာမျိုးခံစားရခြင်း၊ စိတ်ဓါတ်ကျ၊ စိုးရိမ်စိတ်ကဲ၊ ခေါင်းမူး၊ ကိုယ်အလေးချိန်ပြောင်းခြင်း၊ သွေးဖိအားတက်ခြင်း၊ ကြွက်တက်ခြင်း၊ အိပ်ရေးခက်ခြင်း၊ အရေပြားအနီကွက်၊ အသားဝါ၊ အရေပြားအစက်အပျောက်၊
• MCI လူကြီးရောဂါ တခု https://doctortintswe.blogspot.com/2016/10/mci.html
• Memory loss သတိမေ့ခြင်း https://doctortintswe.blogspot.com/2015/03/memory-loss.html
• Menopause (1) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၁) https://doctortintswe.blogspot.com/2014/11/menopause-1.html
• Menopause (2) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၂) https://doctortintswe.blogspot.com/2014/11/menopause-2.html
• Vitamins and memory ဗီတာမင်တွေက မှတ်ဥာဏ်တိုးစေနိုင်သလား https://doctortintswe.blogspot.com/2015/03/vitamins-and-memory.html
ဒေါက်တာတင့်ဆွေ
၂၂-၇-၂ဝ၁၇

Comments
Post a Comment