Next pregnancy နောက်ကိုယ်ဝန် ဘယ်တော့ယူသင့်သလဲ
ရောဂါတူတွေ စုလာတတ်တယ်။ တနာရီအတွင်း ဆင်တူမေးခွန်းနှစ်ခုက ကိုယ်ဝန်ပျက်ပြီးနောက် ဘယ်တော့ နောက်ကိုယ်ဝန်ယူသင့်သလဲတဲ့။
၁။ ဆရာမင်္ဂလာပါရှင့်၊ ကျမအသက် ၂၆ ပါ၊ အိမ်ထောင်ရှိပါတယ်၊ ဆီးခဏခဏအောင့်ပါတယ်ဆရာ၊ ကိုယ်ဝန်၂ ခါပျက်ဘူးပါတယ်၊ OG ကဆီးပိုးဝင်တယ်ပြောတယ်ဆရာ၊ ပိုးသတ်ဆေး ၁၀ ရက်ပေးလို့သောက်ပြီးပါပြီ၊ ကိုယ်ဝန်ပြန်ယူလို့ရပြီးလားဆရာ၊ ပျက်ပြီးတာ ၆ လကျော်ပါပြီ၊ ကျေးဇူးပြု ၍ဖြေပေးပါရှင့်။
၂။ အသက်က ၂၀။ ဆေးဖြက်ထားတာ ၄လရှိပြီ။ ယခု ရာသီလာရင်း အသားစပါလာပါတယ်။ ကလေးပျက်ကျတယ်လို့ထင်တယ်။ နောက်ထပ်ကလေးယူရင် ဘယ်လောက်စောင့်ကမလဲ ဆရာ။
အရင်ကတည်း အများကြီးမေးထားတယ်။ နမူနာသာထည့်ပါမယ်။
၃။ မင်္ဂလာပါဆရာ ကျွန်မအသက်က ၂၆ နှစ်ပါဆရာ။ အိမ်ထောင်သက်က ၁ နှစ်နဲ့ ၂ လပါ။ ၅ လပိုင်း ၂၂ရ က်နေ့က သားအိမ်ပြင်ပ သန္ဓတည်လို့ ကိုယ်ဝန် ၁ လမှာ ခွဲထားပါတယ်ရှင်။့ နောက်ထပ်ကိုယ်ဝန်က ဘယ်တော့လောက် ပြန်ယူလို့ရမလဲ ဆိုတာလေး သိချင်လို့ပါဆရာ။ အမြဲလေးစားလျှက်။
၎။ ဆရာ ကျမအသက်က ၂၃နှစ်ပါ။ ကလေးပျက်ကျပြီးရင် ချက်ချင်းကလေးပြန်ယူဖို့အဆင်မပြေဘူးဆို။ အဲ့ဒါ ဟုတ်ပါသလားရှင်။
၅။ မင်္ဂလာပါဆရာ။ ခွဲမွေးပြီး ဘယ်လောက်ကြာရင် နောက်ကလေးယူလို့ ရပါသလဲ။ ကျွန်မအသက်က ၂၉ပါ။ ပထမကလေးက မွေးပြီး ၂ ရက်နဲ့ဆုံးသွားလို့ပါ။ ကျေးဇူးပြု၍ ဖြေကြားပေးပါဆရာ။
၆။ ဆရာရှင့် ပထမကလေးခွဲထားတာကို နောက်ကလေးကြိုမန်မြန်ပြန်ယူချင်ပါတယ်။ ဘယ်တော့လောက်ယူရမလဲဆရာ။ အမြန်ဆုံးကို။
၇။ ဒေါက်တာရှင့် သမီးလေးက ၁ နှစ် ၃ လရှိပါပြီ။ အခုမထင်မှတ်ပဲ ဒုတိယကိုယ်ဝန်ရလာတော့ သမီးလေးကို မိခင်နို့ ဆက်တိုက်လို့ရမရ သိချင်ပါတယ်ဆရာ။ နောက်ပြီးတော့ ခွဲမွေးထားတဲ့သူတွေက ၂ နှစ်နေမှ နောက်ကလေးယူလို့ရတယ် ဆိုတာ ဟုတ်ပါသလားဆရာ။ အမြန်ဆုံး ဖြေကြားပေးပါနော်ဆရာ။
၈။ မင်္ဂလာပါဒေါက်တာရှင့် သမီးနံမည့့် ဖြစ်ပါတယ်ရှင့်၊ အခုအသက်က (၃၃)နှစ်ထဲမှာပါ။ ဟိုအရင် ဆရာကို မေးဖူးပါတယ်ရှင့်။ အဲ့တုန်းက သမီးစပျစ်သီးသန္ဓေလဲဖြစ်ခဲ့ပါတယ်။ သားအိမ်လဲခြစ်ခဲ့ပါတယ်။ အခု ကိုယ်ဝန်ဆောင်ပြီး ကလေးဗိုက်ခွဲမွေးထားပါတယ်။ ကလေးက (၆)လထဲမှာပါ။ ကလေးဗိုက်ခွဲမွေးပြီး ဘယ်နှစ်လကြာ ကိုယ်ဝန်ပြန်ဆောင်လို့ ရပါသလဲရှင့်။ အကယ်၍ ကလေး (၆) လထဲမှာ ကိုယ်ဝန်ရှိခဲ့မယ်ဆိုရင် ဘယ်လိုလုပ်ရပါမလဲရှင့်။
၉။ ဆရာရှင့် ပထမကိုယ်ဝန်ခွဲမွေးထားတဲ့ အမျိုးသမီးဟာ ဒုတိယကိုယ်ဝန်ကို အစောဆုံး ဘယ်အချိန်မှာယူရင် သင့်တော်ပါသလဲဆရာ။ လက်ရှိ ကလေးအသက်ဘယ်လောက်မှာ ဒုတိယကိုယ်ဝန်ယူရင် သင့်တော်ပါသလဲဆရာ။
ကလေးနောက်တယောက်ယူဘို့ ကန့်သတ်ချက် မရှိပါ။ မိခင်လောင်း ကျန်းမာရေးကောင်းရင် စိုးရိမ်စရာမရှိပါ။ လူမှုရေးနဲ့ စီးပွါးရေးကိုလည်း ထည့်စဉ်းစားကြပါတယ်။ အသက်မငယ်တော့ရင် မစောင့်သင့်ပါ။
လေ့လာမှုတွေအရ ပဌမကိုယ်ဝန်နဲ့ နောက်ကိုယ်ဝန် ၆ လသာခြားသူတွေမှာ မွေးဖွါးခြင်းဆိုင်ရာ ပြဿနာတွေ ပိုများတာ တွေရတယ်။ သားအိမ်ကွဲတာ၊ စောမွေးတာ၊ ကလေးသေးတာ။ လူမှုရေးဘက်ကတွက်ရင်လဲ ကလေးပြုစုဘို့ ပိုများလာတာ၊ အလုပ်အကိုင်၊ ငွေကြေး၊ မိခင်ကအသက်ရလာတာ၊ စိတ်ပိုင်း စတာတွေကိုလဲ ထည့်တွက်သင့်ပါသေးတယ်။ ဒါပေမဲ့ ပြောထားတဲ့ ၁၈ လထက်စောပြီး နောက်ကိုယ်ဝန်ရှိတယ်ဆိုရင် နည်းနည်းလေးမှ စိတ်မပျက်ပါနဲ့။ တချို့လင်မယားတွေမှာ အသက်အရွယ်အရ သိပ်မကြီးကြခင် ကလေးတွေမွေးထားချင်ကြပါမယ်။ ရပါတယ်။ အနည်းဆုံး ၁၂ လအထိစောင့်နိုင်ရင် ပိုသင့်ပါမယ်။ အသက် ၃၅ နှစ်ကျော်လာရင် ကိုယ်ဝန်ရဘို့ ခက်လာသူတွေ ရှိတယ်။ တယောက်နဲ့တယောက်တော့ အတော်ကို မတူကြပါ။
WHO ကနေအကြံပြုချက်ကတော့ ၂ နှစ် ဖြစ်ပါတယ်။ ဒါကလဲ အရင်ကလေးကို ခွဲမွေးတာ ဟုတ်ဟုတ်-မဟုတ်ဟုတ် အတွက် သတ်မှတ်ချက်ပါဘဲ။ တချို့အစိုးရတွေက ၃ နှစ်အထိခြားဘို့ အကြံပြုထားတယ်။ ကလေးတွေ ၂ နှစ်ကြီး၊ ၂ နှစ်ငယ်တာက စံပြပုံစံလို့ပြောနိုင်တယ်။ အိန္ဒိယမှာ ၈% သောကိုယ်ဝန်ဆောင်တွေက ဗိုက်ခွဲမွေးနေတယ်။ ဗိုက်ခွဲမွေးတယ်ဆိုတာ အကြီးစား ခွဲစိတ်ကုသမှု ဖြစ်ပါတယ်။ ခွဲပြီးနာနေမယ်။ အားတွေကုန်ခမ်းသလိုနေမယ်။ ရင်းစားရအောင် အချိန်ယူမယ်။ အဲတာမှာ တယောက်နဲ့ တယောက် မတူကြပြန်ပါ။ ကလေးတယောက်နဲ့တယောက်ကြား ခြားနိုင်လေလေ သင့်လေလေ ဖြစ်တယ်။ အိန္ဒိယမှာလဲ ဆရာဝန်တွေက ၁၈ လ စောင့်စေချင်တယ်။
ကလေးဗိုက်ခွဲမွေးပြီး ဘယ်တော့မှာ နောက်ကိုယ်ဝန်ဆောင်သင့်သလဲ၊ ယေဘုယျပြောရရင် ၁၈-၂၃ လလို့ ဆိုနိုင်ပါတယ်။ ဒီလိုကာလကို ရိုးရိုးမွေးလမ်းကနေမွေးထားသူတွေအတွက်လဲ မှန်ပါတယ်။ ကြာလှချေလားထင်နိုင်ပါတယ်။ အစအစ အသားကျအောင်၊ ကိုယ်ခန္ဓာကလဲ အဆင်သင့်ဖြစ်အောင် စောင့်စေချင်တာပါ။ အဲဒီစောင့်စေချင်တာထဲမှာ သွေးအား မနည်းစေချင်တာက ထိပ်ကပါ။ ဗိုက်ခွဲမွေးရသူတွေဟာ ရိုးရိးမွေးသူတွေထက် သွေးထွက်တာ နှစ်ဆရှိတယ်။
ဗိုက်ခွဲမွေးပေးတဲ့အခါ ဆီးစပ်နေရာမှာ ဒေါင်လိုက်ဖြစ်ဖြစ် ဘီကီနီကတ် ခေါ် အောက်နားကကန့်လန့်ဖြစ်ဖြစ် ခွဲတယ်။ အထဲရောက်ရင် သားအိမ်ကို အားလုံးလောက်ကို ကန့်လန့်သာခွဲမွေးပေးတယ်။ အဲဒီခွဲတာတွေကို ပြန်ချုပ်သမမှ ၃ လနေရင် နဂိုလို ပြန်ဖြစ်ပါပြီ။ကြာလေလေ ခိုင်မာ၊ ခိုင်မြဲလေလေဖြစ်တယ်။ ကောင်းကောင်းခိုင်မြဲနေတာကြာလေလေ၊ နောက်တခါ ခွဲစိတ်ရရင် နောက်ဆက်တွဲနည်းလေလေဖြစ်ပါမယ်။ အရင်ခွဲမွေးသူ နောက်တခါ ဗဂျိုင်းနားကနေမွေးတာကို VBAC ဘီးဘက်လို့ ခေါ်တယ်။
သုတေသန သိပ်မစုံလှသေးပေမဲ့ ၁၈ လထက်စောမွေးရသူတွေမှာ အောင်မြင်မှုနှုန်း ၇၉% နဲ့ ၁၈ လစောင့်ပြီး နောက်ကလေးမွေးသူတွေမှာ အောင်မြင်မှုနှုန်းက ၈၆% ရှိတာတွေ့ရတယ်။ နောက်တယောက်ကို သိပ်မခြားဘဲ မွေးသူတွေမှာ နောက်သတိထားစရာတခုက အချင်းအောက်ပိုင်းမှာနေတာ အချင်းရှေ့ရောက်ပိုဖြစ်တာတွေ့ရတယ်။ စာဖတ်ပြီး ကြောက်စရာလို့ မထင်စေချင်ပါ။ အချင်းကွာနိုင်တာက အလွန်ဖြစ်ခဲပါတယ်။
နိဂုံးချုပ်လိုက်ရင် ကိုယ်ဝန်ဖျက်ထားသူ ဆက်ယူလည်းရတယ်။ ရာသီ ၂ လလောက်မှန်စေပြီးမှယူတာ ပိုအဆင်ပြေမယ်။ တခါဖျက်ဖူးသူ နောက်ပိုသတိထားရတယ်။ သတိထားဆိုတာ အပြောရခက်တယ်။ ဘာလို့ပျက်သလဲ မသိတာများတယ်။ ကံတရားလည်းပါမယ်။
ကလေးရပြီးသူ နောက်ကလေးတယောက် ဘယ်တော့လောက် ထပ်မွေးသင့်သလဲ ဆရာဝန်တွေက တိတိကျကျ မပြောနိုင်ပါ။ ၁၈-၂၃ လ စောင့်တာအကောင်းဆုံးဖြစ်ပါတယ်။ နောက်မွေးမယ့်ကလေးရဲ့ ကံဇာတာလည်းပါမယ်။ Smile!
ဒေါက်တာတင့်ဆွေ

Comments
Post a Comment