Human Ecosystem လူ့ခန္ဓာကိုယ်နဲ့ ပိုးမွှားများ

မြန်မာပြည်မှာ တုပ်ကွေးအမျိုးမျိုးက ဒုက္ခပေးနေချိန်ဖြစ်တယ်။ ဆောရီး။ ဟိုအသားမစားရဲ၊ သည်အသားမစားရဲလို့ ရေးကြတယ်။ နေစရာမရှိသလို စားစရာမရှိသလို ထင်မှတ်နေကြတယ်။ ဗိုင်းရပ်စ်တွေဟာ ရာသီဥတုအပေါ်မူတည်ပြီး ပေါက်ပွါးကူးစက်ပါတယ်။ ဥတုပြောင်းတာနဲ့ ကူးစက်တာတွေမဖြစ်တော့ပါ။ နောက်ရာသီမှာ နောက်တမျိုးလာတတ်တယ်။ ဆောရီး။ ပိုးမွှားတွေကို အဝေးသွားမရှာဘို့ ရေးပါရစေ။

လူ့ခန္ဓာကိုယ်မှာ ဆဲလ်ပေါင်း ၁ဝဝ ထရီလီယန်ရှိတယ်။ ဆဲလ်ဆိုတာ အရေပြားဆဲလ်၊ ကြွက်သားဆဲလ်၊ အရိုးဆဲလ်၊ ဦးနှောက်ဆဲလ် စသဖြင့် အမျိုးမျိုးရှိတယ်။ လူ့ခန္ဓာကိုယ်ဆဲလ်အားလုံးရဲ့ ၁ဝ% သာ လူ့ဆဲလ်တွေဖြစ်ပြီး ကျန် ၉ဝ% က ပိုးမွှားတွေဖြစ်တယ်။ ဗက်တီးရီယားတွေ၊ ဗိုင်းရပ်စ်တွေ၊ ဖန်းဂတ်စ် ခေါ် မှိုတွေနဲ့ တခြား မိုက်ခရိုအော်ဂနင်ဇင်တွေ ဖြစ်တယ်။

လူ့အူတွေထဲမှာ ဗက်တီးရီးယားပေါင်း ၁ဝဝ ထရီလီယန်ရှိတယ်။ သူတို့အလေးချိန်က ၃ ပေါင်။ နောက်လေ့လာမှုတခုအရ ယောက်ျားတယောက်ရဲ့ ခန္ဓာကိုယ်မှာ ဆဲလ်ပေါင်း ၃ဝ ထရီလီယန်ရှိတယ်။ သွေးနီဥတွေက ၈၄% ရှိတယ်။ ဗက်တီးရီးယားပေါင်းက ၄ဝ ထရီလီယန်ရှိနေတယ်။ အစာလမ်းထဲမှာ အများဆုံးနေကြတယ်။ အပြန်အလှန် အမှီသဟဲပြုနေကြတယ်။ လူ့ဂေဟနစ်လို့ ခေါ်တယ်။

ပိုးမွှားလေးတွေက အရွယ်အစားအလွန်သေးငယ်လို့ လူ့ကိုယ်ထုထည်ရဲ့ ၁% ကနေ ၃% သာရှိတယ်။ ပေါင် ၂ဝဝ လေးတဲ့ လူတယောက်မှာ ပိုးမွှားအလေးချိန်က ၂ ပေါင်ကနေ ၆ ပေါင်အထိလေးတယ်။

ဗက်တီးရီးယားတွေထဲမှာ လူတွေလိုပါပဲ အကောင်းတွေနဲ့ အဆိုးတွေရှိတယ်။ ဗိုင်းရပ်စ်တွေကတော့ လူဆိုးက ပိုများတယ်။ အအေးမိတာ၊ နှုတ်ခမ်းအပူကန် ခေါ် ဆေးစာလို အအေးနာ၊ ကြွက်နို့၊ တုပ်ကွေး အမျိုးမျိုး၊ ရေကျောက်၊ ဝက်သက် စတဲ့ ရောဂါတွေကို ဆိုးတဲ့ဗက်တီးရီးယားတွေကနေ ဖြစ်စေတယ်။ ဗိုင်းရပ်စ်လေးတွေက ဗက်တီးရီးယားတွေထက် သေးတယ်။ အဆ ၁ဝဝဝ သေးငယ်တယ်။ ဗိုင်းရပ်စ်တွေဟာ ဆက်ရှင်နေဘို့ လူဖြစ်ဖြစ်၊ အကောင်တွေဖြစ်ဖြစ်၊ ဗက်တီးရီးယားဖြစ်ဖြစ် လိုအပ်တယ်။

ဗိုင်းရပ်စ်ပိုးရှိနေသူဆီကထွက်လာတဲ့ အမှုံအမွှားလေးတွေထဲမှာ အဲဒီဗိုင်းရပ်စ်တွေပါပြီး ရှူမိသူတွေကို ကူးစက်တယ်။ ချောင်းဆိုး နှာချေရာကနေထွက်တာတွေက ကြမ်းပြင် မျက်နှာပြင်တွေပေါ်ကျနေလို့ ထိကိုင်မိသူလက်ဆီ ကူးစက်မယ်။ အဲတာကြောင့် လက်ကို ခဏခဏဆေးဘို့ ပညာပေးပါတယ်။ ချောင်းဆိုးတိုင်း တံတောင်ဆစ်ထဲဆိုးဘို့နဲ့ တစ်ရှူးသုံးဘို့၊ တစ်ရှူးကို စနစ်တကျစွန့်ဘို့ ပညာပေးပါတယ်။ လူ့မျက်နှာပေါ်မှာ မိုက် ခေါ် ပိုးမွှားလေးတွေ Demodex folliculorum နဲ့ D. brevis ခေါ် ၂ မျိုးရှိနေတယ်။ နေ့တိုင်း မျက်နှာသစ်ရတယ်။

နှာခေါင်းစည်းသုံးရတဲ့သဘောက ကိုယ့်အနီးအနား တမီတာဝန်းကျင်မှာ ချောင်းဆိုး နှာချေသူရှိနေရင် ကာကွယ်ပါမယ်။ ကာကွယ်ဆေးထိုးတဲ့သဘောက ခုခံအားရလာစေဘို့ ဖြစ်တယ်။ ဆေးထိုးပြီး ခုခံအားရအောင် စောင့်ရချိန်ရှိတယ်။ အရေးအကြောင်းဆိုရင် အင်တီဘော်ဒီ ထိုးရတယ်။

လူ့ခံတွင်း ခေါ် ပါးစပ်ထဲမှာ ဗက်တီးရီးယားတွေ အများကြီးရှိတယ်။ သွားတွေ သွားဖုံးတွေကြားမှာနေကြတယ်။ အာဟာရဓါတ်တွေရနေကြတယ်။ အပူချိန်လည်းရတယ်။ အစိုဓါတ်လည်းရတယ်။ အစာလမ်းဆင်းသွားရင် အများစုဟာ အက်စစ်ဓါတ်ကြောင့် ပျက်စီးကုန်ကြတယ်။ လေမကြိုက်တဲ့ဗက်တီးရီးယားတွေပါတယ်။ ဖန်းဂတ်းစ် ခေါ် မှိုပိုးတွေလည်းရှိတယ်။ အဲတာကြောင့် ကလေးတွေ မှက်ခရုဖြစ်တယ်။ သွားရည်ကျတယ်။ မသိရင် သူငယ်နာလို့ ပြောကြတယ်။ ခံတွင်းသန့်ရှင်းရေး နေ့တိုင်းလုပ်ကြရတယ်။

ရောဂါဗေဒပါမောက္ခက စာသင်စဉ်က ပြောပါတယ်။ ရောဂါတွေများလွန်းတာ မကြည့်နဲ့တဲ့။ ရောဂါရစရာတွေ များလွန်းပေမယ့် ရောဂါမရကြတာလည်း ကြည့်တဲ့။ တဆိတ်ရှိတိုင်း မျက်ကလူးဆံပြာ မဖြစ်သင့်ကြပါ။ တကိုယ်ရေ သန့်ရှင်းရေးနဲ့ ရောဂါအတော်များများကို ကာကွယ်နိုင်တယ်။ မလိုတာလုပ်တဲ့သူတွေက လိုတာမလုပ်မိ ဖြစ်တတ်တယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၇-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)