ပိဋကတ်တော်လာ တရား
ပိဋကတ်တော်လာ တရားတွေကို သတ်ပုံမှန်နဲ့သာ ရေးအပ်ပါတယ်။
ကံတပါးကိုလည်းကောင်း ကံတပါးကြောင့်ဖြစ်သော ခန္ဓာအစဉ်ကိုလည်းကောင်း သတ်ဖြတ်တတ်သော ကုသိုလ် အကုသိုလ်စေတနာသည် ဥပဃာတကကံမည်၏။ ယင်းဥပဃာတကကံကို ဥပစ္ဆေဒကကံဟုလည်းခေါ်၏။
ကံတပါးကို တားမြစ်သတ်ဖြတ်တတ်သော ဥပဃာတကကံသည် တပါးသောကုသိုလ်ကံကို တားမြစ်သတ်ဖြတ်တတ်သော အကုသိုလ် ဥပဃာတကကံ၊ တပါးသော အကုသိုလ်ကံကို တားမြစ်သတ်ဖြတ်တတ်သော ကုသိုလ်ဥပဃာတကကံဟူ၍ နှစ်မျိုးရှိသည်။
ထိုတွင် အဇာတသတ်၏ တဘဝလုံး ဘုရားသခင်အား ဆည်းကပ်ခြင်းစသော ကုသိုလ်ကံများကို ဖခင်ဗိမ္ဗိသာရမင်းအား သတ်ခြင်းဟူသော အကုသိုလ်ဥပဃာတကကံက တားမြစ်သတ်ဖြတ်သည်။ ထို့ပြင် မရဏာသန္နအခါ၌လည်း ကုသိုလ်ကံ၏ အစွမ်းကြောင့် သုဂတိနိမိတ်ထင်လာစဉ် တဖန် အကုသိုလ် ဥပဃာတကကံကြောင့် ထင်လာသော သုဂတိနိမိတ်ကို တားမြစ်သတ်ဖြတ်သည်။ ယင်းသို့ တားမြစ်သတ်ဖြတ်ချက်ကြောင့် ဒုဂ္ဂတိနိမိတ်ထင်လာ၍ အပါယ်ဘုံ၌ ဖြစ်စေ၏။
ဒေါက်တာတင့်ဆွေ
၂၂-၇-၂ဝ၁၇

Comments
Post a Comment