HIV Duo Test ဆိုတာဘာလဲ

ဆရာ hiv duo test ဆိုတာ ag/ab ကိုတခါတည်းပေါင်းစမ်းလို့ရတဲ့ ကိရိယာလားဆရာ။  ဒါမှမဟုတ် p24agနဲ့ab  သီးခြားစမ်းပြီးမှရတဲ့အဖြေကိုနှစ်ခုပေါင်းပြီး duo လို့ခေါ်တာလားဆရာ။ သီးခြားလား ပေါင်းစမ်းလို့ရတဲ့စနစ်လားဆိုတာ မရှင်းလို့ပါဆရာ။ ကျေးဇူးပြုပြီးရှင်းပြပေးပါဆရာ ကျေးဇူးတင်စွာဖြင့်။

HIV ဆိုတာ ဗိုင်းရပ်စ်ပိုး ဖြစ်တယ်။ ဗက်တီးရီးယားတွေကို စစ်သလို ဆေးရောင်ဆိုးပြီး ရိုးရိုး အနုကြည့် မှန်ဘီလူး အောက်မှာ ကြည့်လိုမရဘူး။ သွယ်ဝှိုက်ပြီး စစ်ရတယ်။ သွယ်ဝှိုက်ယုံမကသေးဘဲ ကွေ့ဝိုက်ရသေးတယ်။ လူတွေမှာ မသင့်တာ၊ မတည့်တာ တခုခု အဝင်ခံရတိုင်း ကိုယ်ခန္ဓာကနေ တန်ပြန်တဲ့ အစွမ်းထုတ်ပေးတယ်။ အဲလို တန်ပြန်နိုင်စွမ်း အပြည့်ရတာနဲ့ ဒီအရာများကို ခံတိုက်နိုင်လာလို့ ရောဂါမရစေတော့ဘူး။ ကာကွယ်ဆေးတွေဆိုတာလဲ ဒီဖြစ်စဉ်ကိုသိလို့ တမင်တကာ ရောဂါပိုးကို ရောဂါဖြစ်စေတဲ့အထိ မရောက်ဘဲ၊ တန်ပြန်အစွမ်း ထုတ်ပေးနိုင်ယုံလောက်အထိ ပြုပြင်ပြီး ကိုယ်ထဲကို ထိုးပေး၊ သောက်ပေးစေရတယ်။ ဒီလိုဖြစ်လာတယ်ဆိုတာ ကိုယ်ထဲမှာ (အင်တီဘေယ်ဒီ) တွေ ရှိလာတာ ဖြစ်တယ်။ အရင်က အင်တီဘော်ဒီကိုသာ စမ်းနိုင်တယ်။ ခက်တာက အင်တီဘော်ဒီဖြစ်လာအောင် အချိန် စောင့်ရသေးတယ်။ အဲလို စမ်းလို့ မရသေးတဲ့ကာလကို Window period စမ်းလို့မရသေးတဲ့ ကြားကာလလို့ ခေါ်တယ်။ HIV ဗိုင်းရပ်စ်ပိုးမှာပါတဲ့ အင်တီဂျင်ကို သိအောင် လုပ်နိုင်လာတာ သိပ်မကြာသေးဘူး။

Traditional HIV tests အစဉ်အလာသုံး စမ်းသပ်နည်းလို့ သတ်မှတ်တာတွေဟာ Antibodies အင်တီဘော်ဒီကို စမ်းတယ်။

Antigen အင်တီဂျင်ဆိုတာ ပိုးမှာပါနေတယ်။ အင်တီဂျင်နဲ့ တွေ့ပြီးမှ ဒါကိုဆန့်ကျင်မဲ့ အင်တီဘော်ဒီဆိုတာ အလိုလို ဖြစ်လာတယ်။ ဒါကြောင့် Antigen က အရင်ရှိနေမယ်။ ပိုးကူးစက်တာခံရပြီး ၇ ရက်နေရင် Antigen ကို စမ်းရင် တွေ့နိုင်ပြီ။ အချိန်စောင့်ဘို့ လိုတယ်။ လူတွေက တယောက်နဲ့ တယောက် မတူကြဘူး။ တချို့က အချိန်ယူမှာမို့ အချိန်ကြာမှ စမ်းလို့ တွေ့နိုင်မယ်။

HIV Antibodies အင်တီဘော်ဒီကို စမ်းနည်းမှာ EIA (Enzyme immunoassays) နဲ့ ELISA (Enzyme-linked immunoassays) တွေကို အများဆုံးသုံးတယ်။

ELISA test က အပေါင်းပြနေရင် Western blot test နည်းနဲ့ HIV proteins ကို ဆက်စမ်းမယ်။ ဘာလို့လဲဆိုရင် HIV မဟုတ်တဲ့ Non-HIV Antibodies တခြား အင်တီဘော်ဒီတွေသာရှိနေရင် အပေါင်းပြမှာဘဲ။ ထပ်စမ်းလို့ အနုတ်ပြတာဆိုရင် အရင် ELISA test အပေါင်းကို မှားတဲ့အပေါင်းလို့ သတ်မှတ်မယ်။ သေခြာတယ်။ ELISA နဲ့ Western blot tests နည်းအတွက် ၂ ပတ်ကြာမှ အဖြေရမယ်။

HIV Duo စမ်းသပ်နည်းဟာ ELISA စတုတ္ထမျိုးဆက် စမ်းသပ်နည်း ဖြစ်တယ်။ Duo လို့ ခေါ်တာက HIV-1 နဲ့ HIV-2 HIV Antibodies အင်တီဘော်ဒီတွေကိုရော HIV P24 Antigen (အပေါ်ယံမျက်နှာပြင်) ကိုပါ စမ်းလို့ခေါ်တာဖြစ်တယ်။ အင်တီဘော်ဒီကို စမ်းမရသေးခင် ၇-၁ဝ ရက်စောပြီး အင်တီဂျင်ကို စမ်းတွေ့မယ်။ ၁၆ ရက်ဆိုရင် အများဆုံးရှိနေမယ်။ ပိုးအဝင်ခံရပြီးနောက် ၈-၁ဝ ပတ်အထိ များနေမယ်။ ၉၉့၈% တိကျတယ်။ အဖြေရဘို့ ၄ နာရီသာ စောင့်ရမယ်။ ဒါကြောင့် Window period ကို တိုစေတယ်။ အင်တီဘော်ဒီကို ၈ ပတ်မှာ စမ်းတွေ့သူဆိုရင် ၆ ပတ်ခွဲ၊ ၇ ပတ် ကတည်းက အင်တီဂျင်ကို စမ်းတွေ့မယ်။ HIV ပိုး အဝင်ခံရပြီးနောက် ၂၈ ရက်အကြာမှာ စမ်းတွေ့တယ်။ ဒါကြောင့် HIV Duo Test ကို HIV 28 Day Test လို့လဲ ခေါ်တယ်။ ဈေးမကြီးလှဘူး။

နည်း ၃ နည်း (ELISA test + Western blot + HIV Duo) လုံးမှာ အပေါင်းပြနေရင်တော့ ပိုးအဝင်ခံနေရတာ သေခြာတယ်လို့ ဆရာဝန်တွေက သတ်မှတ်တယ်။

HIV INSTI test စမ်းနည်းက ၁ မိနစ်နဲ့အဖြေထွက်တယ်။ ပိုးအဝင်ခံရပြီး ၃ လ (၁၂ ပတ်) အကြာမှာတွေ့မယ်။

HIV RNA PCR test က HIV 1 နဲ့ 2 ပိုးအဝင်ခံရပြီးနောက် ၇ ရက်အနေမှာစမ်းတွေ့မယ်။ အဖြေရဘို့ ၅ ရက် စောင့်ရမယ်။ ပိုက်ဆံ ၂ ဆလောက် ကုန်ကျတယ်။

အမြန်စမ်းနည်းလဲရှိတယ်။ Rapid HIV tests နည်းတွေကနေ အဖြေကို ၂ဝ မိနစ်နဲ့ သိစေတယ်။

HIV PCR Test နည်းက HIV 1 infection ကို ပိုးဝင်တာခံရပြီးနောက် ၁ဝ ရက်မှာ စမ်းတွေ့မယ်။ ၁ဝဝ% တော့ သေခြာတာ မဟုတ်ပါ။ အဖြေကို သိချင်စိတ်စောသူတွေအတွက် သုံးနိုင်တယ်။ ဒိနောက်မှာ HIV Duo Test ကို ပိုးဝင်ခံရတယ်လို့ သံသယရှိတဲ့နောက် ၂၈ ရက် အနေမှာ ထပ်စမ်းရမယ်။

HIV-2 က HIV-1 လောက် အဖြစ်မများဘူး၊ ၅ ဆကနေ ၉ ဆ အထိ နည်းတယ်။ မဆိုးလှဘူး။

Dr. တင့်ဆွေ
၂၄-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး