Lost in Translation (1) ဘာသာပြန် (၁)

မုံရွာကနေ ဆယ်တန်းအောင်ခဲ့လို့ ကျွန်တော်က အင်္ဂလိပ်စာမတော်တဲ့ကျောင်းသားတွေထဲမှာပါတယ်။ မတော်မှန်းသိလို့ ကြိုးစားပါတယ်။

မြန်မာလူမျိုးထဲမှာ အင်္ဂလိပ်စာတကယ်တော်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိခဲ့ပါတယ်။ မကြာသေးခင်က ဒေါ်ခင်မျိုးချစ် စာအုပ်တအုပ် ဖတ်ရတယ်။ အရင်ကလည်း တချို့ကို ဖတ်ခဲ့ဘူးပါတယ်။ ရွှေဥဒေါင်းကနေ ရှားလော့ခ်ဟုမ်းကို မြန်မာမှု ပြုတာမျိုးက အတော်ကောင်းပါတယ်။

တချို့အင်္ဂလိပ်လိုရေးကြတာတွေဖတ်တော့ ကျွန်တော့်မှာ အခက်အခဲတွေရှိတယ်။ သဘောမတွေ့တာလည်း ရှိတယ်။ လူနာမည်၊ နေရာနာမည်တွေကို ဘာသာပြန်တာမှာ တချို့ဟာတွေမသင့်ဘူးထင်တယ်။ တိုင်းပြည်နာမည်တွေ၊ မြို့နာမည်တွေမှာ ခက်စေတာအမှန်ဘဲ။ တူရကီ (တာရ်ကီ)၊ ပေါ်တူကီ (ပေါ်တူဂယ်လ်) တွေက နီးစပ်သေးတယ်၊ ပြင်သစ်နဲ့ တရုပ်က ဘယ်လိုမှ အဆက်အစပ်မရှိပါ။ ပီကင်းကနေ ဘေဂျင်းဖြစ်လာတာ၊ ဘုံဘေကနေ မွန်ဘိုင်း ဖြစ်လာတာမျိုးက ဆိုင်ရာတိုင်းပြည်တွေကနေ တရားဝင်ပြောင်းလို့ဖြစ်ပါတယ်။ အင်္ဂလိပ်လို ဘားမားကနေ မြန်မာ လုပ်တာမှာတော့ ဘဝင်မကျပါ။ နာမ်လား၊ နာမဝိသေသနလား၊ ရောနေတယ်။ စာကိုအလေးမထားတဲ့ ခေတ်ပျက်မှာမို့ အရေးတယူမလုပ်ကြပါ။ အမှားသံသရာမှာသာ နေကြရတော့မယ်။

မြန်မာမှုပြုတာမှာ ပါဠိစာလုံးတွေနဲ့ ထပ်ဆင့်စာလုံးတွေသုံးကြတာကို တချို့နေရာတွေမှာ သဘောမတွေ့လှပါ။ သူများနိုင်ငံက ဂန္တဝင်စာတွေ၊ သမိုင်းဝတ္ထုတွေကို မြန်မာမှုပြုတော့ စာဖတ်သူတွေက ကိုယ့်ဟာလို့ထင်လာစေတယ်။ တဖက်ကကြည့်ရင်ကောင်းသလိုပေမဲ့ သူများဆီမှာ သွားပြောရင် ရှက်စရာကောင်းတယ်။ ဥပမာ ရာမယဏဆိုတာ မူရင်းနဲ့ အတော်ကွဲလွဲတယ်။ မူကွဲတာကအရေးမကြီးပါ၊ ကိုယ့်နန်းတွင်းဇာတ်လိုလို ဗုဒ္ဓဝင်လိုလို ထင်တာမှားတယ်။

နာမည်တွေကို စာလုံးပေါင်းအတွက် အင်္ဂလိပ်လိုပေါင်းနည်း စနစ်ထားတာရှိတယ်။ Ka က၊ Kha ခ၊ စတာတွေကို သတ်မှတ်ထားခဲ့တယ်။ စနစ်ထားတာတော့ ကောင်းပါတယ်။ လက်တွေ့မှာ အဆီအငေါ်မတည့်တာတွေ တွေ့ရတယ်။ နမူနာတွေက အများကြီး၊ တခြားကိုမပေးတော့ပါ။ Tint ကို ကိုယ်ကနေအသံထွက်ပြရတယ်။ Swe ကို ထွက်စေချင်သလို ဘယ်သူမှ မထွက်တတ်ပါ။ သူတို့ မမှားကြပါ။

အင်္ဂလိတ်-မြမ္မာအဘိဓာန်က အစောဆုံး လူသိအများဆုံးဖြစ်မယ် ထင်ပါတယ်။ ဂျဒ်ဆန်ကို ယုဒသန်လို့ ရေးကြတယ်။ အဲတာတောင် ယုဒဿန်မှမှန်တယ် ပြောချင်ကြသေးတာ။ မဟုတ်ပါ။

အိပစ်လို ရှေးဂန္တဝင်ကဗျာရှည်ကြီးတွေကို မြန်မာလိုပြန်ကြတာတွေ မနည်းဘူးထင်ပါတယ်။ အဲတာတွေထဲမှာ အိန္ဒိယက ရာမယနနဲ့ မဟာဘာရတ္ထတွေပါတယ်။ ဂရိက အိလိယဒ်နဲ့ အိုဒက်ဆေးပါတယ်။ အဲတာတွေကို စာလုံးအဆင့်တွေ၊ ပါဠိ၊ သက္ကတတွေနဲ့ ရောပြန်ထားတာ အတော်ကို မဆင်မပြေပါ။ သုတလည်းမှတ်ရတာခက်၊ ရသလည်း ဘယ်မှန်းမသိ။ ဘိုင်ဘယ်ကို မြန်မာလိုရေးထားတာမှာ ဝါကျတည်ဆောက်တာ၊ သဒ္ဒါအရဆိုလိုချင်တာကို ကျွန်တော်တော့ သဘောမပေါက်တာက များတယ်။

လွယ်တာ၊ မှန်တာက ပိုသင့်မယ်ထင်ပါတယ်။ မြန်မာပြည်နယ်နိမိတ်အပြင်ထိကြည့်ရင် ပိုကောင်းမလား ထင်မိပါတယ်။ မသွားဘဲလည်း ကြည့်မြင်လို့ရနိုင်တာတွေရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး