FillyMor ဖြေရတာမောတဲ့ဆေး

မင်္ဂလာပါဆရာ သမီး fillymor အကြောင်းသိချင်လို့ပါ ရေအိတ်ရှိတယ်ပြောလို့ သမီးကလည်း ကလေးလိုချင်လို့ပါ Fillymor သောက်ရင်အဆင်ပြေတယ်ပြောလို့ သမီးသောက်တာ ၁ လပြည့်တော့ပါမယ် မှားသွားမှာလည်းကြောက်လို့် မေးကြည့်တာပါရှင့် ကျေးဇူးတင်ပါတယ်ရှင့်

တကယ်ကို မောလှပြီ။ တခါတရာလောက်ဖြေထားပြီးပြီ။ ဆေးအစစ်ကို အဲလိုမမေးကြပါ။ မေးခွန်းနမူနာ နည်းနည်းသာ ထည့်ပါမယ်။ မောလွန်းလို့။

1. ဆရာရှင့် သမီးအသက်က ၃၁ပါ ဆရာ။ အိမ်ထောင်ကျတာ ၄ နှစ်ရှိပါပြီ။ ကလေးလိုချင်တာမရသေးဘူး။ အသိတယောက်က Filly more သောက်ပါလို့ပြောတယ်။ သောက်သင့်ပါသလားဆရာ။

2. နောက်တခုက online မှာ ကြော်ငြာနေတာတွေရတဲ့ ဆေးတွေပါ။ ရင်သားပြန်လည် တင်းရင်းတယ်၊ မိန်းမကိုယ် ကျဉ်းစေတယ်၊ သားအိမ်ကို v shape ဖြစ်စေတယ် စသဖြင့် ကြော်ငြာအားကောင်းကောင်းနဲ့ ကြော်ငြာနေတဲ့ ဖီလီမောစ်၊ အခြားတံဆိပ်မျိုးစုံ (မမှတ်မိတော့ပါ) တို့လို ဆေးတွေက အပျိုစင်ကဲ့သိုဖြစ်စေတယ်ဆိုတာတွေက အမှန်ဟုတ်နိုင်ပါ့လား။ သုံးစွဲရင် ဘေးဥပဒ် ရှိနိုင်ပါသလား ဆရာရှင့်။ FDA အသိအမှတ်ပြုဆိုတာလဲ ပြောပေမယ့် မယုံလို့ပါရှင်။

3. ဆရာရှင့် သမီးတခုလောက်မေးချင်လို့ပါ မေးခွင့်ပြုပါဆရာ။ Online မှာကြော်ငြာထားတဲ့ ဖလီမောလ် ၊ ကာဗာမောလ် ဆေးအကြောင်းလေးပါဆရာ။ အဲ့ဆေးတွေသောက်ရင် ကလေးရဖို့လွယ်ကူတယ်လို့ ကြားဖူးလို့ပါ။ သောက်သင့် မသောက်သင့် သမီးကိုညွှန်ပြပေးပါဆရာ။ ဝယ်သောက်ဖို့ဆိုတာလဲ မယုံရဲလို့ပါဆရာ။ သမီးကို ဖြေပေးပါနော်။ ဆရာ့ကို အားကိုးယုံကြည်လို့မေးလိုက်မိတာပါဆရာ။

4. မင်္ဂလာပါဆရာ။ သမီး မေးချင်တာလေးရှိလို့ပါ။ အယ့်ဆေးက အွန်လိုင်းမှာ ကြော်ငြာတာတွေ့လို့ပါ။ သမီးက မိန်းမကိုယ် အတွင်းဘယ်ဘက်တခြမ်းက တပတ်ကို တခါနှစ်ခါ ယားတယ်ဆရာ။ ကန်တော့ဆရာ အရင်တုန်းက အဖုလေးတွေ ပေါက်တယ်ဆရာ။ အခုတာ့သက်သာတယ်။ အခုက ယားတာမပျောက်ဘူးဆရာ။ အခုပြထားတဲ့ဆေးကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ သောက်လို့ရပါ့မလားဆရာ။ သမီးအခု လက်ရှိဖြစ်နေတာနဲ့ရော သက်ဆိုင်ပါသလားဆရာ။

5. ဆရာရေ တခုလောက်မေးချင်လို့ပါ။ ရင်သွေးရလိုသူများအတွက်ဆိုပြီးညွှန်းတဲ့ Fillymor (အမျိုးသား)၊ Covermor (အမျိုးသမီး) အဲဒီဆေးတွေက သောက်သုံးလို့ရပါလားရှင့်။ သောက်ရင် အခြားဘေးထွက် ဆိုးကျိုးတွေရော ရနိုင်ပါလားရှင်။

6. ဒီကြော်ငြာထဲကဆေးက သောက်လို့ရပါသလားရှင်။ သမီးက ကလေးအရမ်းလိုချင်တော့ ကလေးရဖို့ အမျိုးသားရော အမျိုးသမီးရော ဘာဆေးတွေသောက်ဖို့လိုဘဲရှင်။ သမီးက ၂၁ နှစ် အမျိုးသားက၂၅ ပါ။ သမီး ၁၈ နှစ်တုန်းက သားအိမ် ခြစ်ဖူးပါတယ်။့။့။

7. ဆရာရှင့် success more ကထုတ်တဲ့ဆေးတွေအကြောင်း သိချင်ပါတယ်။ ရာသီမမှန်ပါဘူး။ အပျိုဖော်ဝင် ကတည်းကပါ။ တခါတလေ နှစ်လမှတခါ သုံးလမှတခါ လာပါတယ်။ ကွှန်မအသက်က ၃၅ ပါ။ ဒီဆေးကို စမ်းသောက်ကြည့်ချင်ပါတယ်။ ကျေးဇူးပြု၍အကြုံပြုပေးပါရှင့်။ ကျေးဇူးတင်ပါတယ်။ ဖြစ်နိုင်ရင်ဖြေပေပါရှင်။

8. ဒီဆေးက မိန်းကလေးတွေ တကယ်သောက်သင့်တဲ့ဆေး ဟုတ်ပါသလားရှင့်။ Side effect ရှိမရှိ သိချင်လို့ပါ။

9. ဆရာရှင့် ခုခေတ်စားနေတဲ့ ဖီလီမော်ဆေးက ကောင်းမကောင်းသိချင်ပါတယ်ရှင်။ ဆေးဝါထောက်ခံချက် FDA ရပြီးသားပါရှင့် အမျိုးသမီးတွေတွက် ကောင်းတယ်ဆိုလို့ ကိုယ်တိုင်လည်သောက်သုံးနေလို့ ရှင်းပြပေပါရှင့်။

10. အခုခေတ်စားနေတဲ့ FillyMor ဆိုတဲ့ ဆေးလေးအကြောင်း ဆရာ့ ထင်မြင်ချက်လေး သိချင်လို့ပါရှင့်။ အဲ့ဒီ fillymor က မိန်းကလေး သားအိမ်ကိုအားပြုပေးတယ်၊ ကလေးရအောင်လဲ စွမ်းဆောင်နိုင်တယ်၊ မိန်းကလေး ဟော်မုန်းကိုလဲ ထိန်းညှိပေးတယ်ဆိုပြီး နံမည်ကြီးနေလို့လေ။ ထိုင်းက ပါရဂူဆရာဝန်ကြီးကိုယ်တိုင်ထုပ်လုပ်ပြီး မြန်မာနိုင်ငံ တရားဝင် ရောင်းချခွင့် လုပ်ငန်းလိုင်စင်လဲ ရှိထာတယ်လို့တော့ ပြောတယ်ဆရာ။ ဒါပေမယ့် အဲ့ဒီဆေးရဲ့ အာနိသင်ကို ဆရာ့ထင်မြင်ချက်လေး သိချင်လို့ပါရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။

11. ဆရာရေ မင်္ဂလာပါ Online က ကြော်ငြာတဲ့ဆေးတွေက စိတ်ချရပါသလားရှင်။ သမီးရဲ့ သူငယ်ချင်းက သားအိမ် ပြန်ကျဉ်းတဲ့ဆေး Fillymor ကိုသောက်ချင်လို့ပါတဲ့။ ဘေးထွက်ဆိုးကျိုးတွေရော ရှိနိုင်ပါသလား ဆရာ။

12. ဒီဆေးက မိန်းကလေးတွေတကယ်သောက်သင့်တဲ့ဆေး ဟုတ်ပါသလားရှင့်။ Side effect ရှိမရှိ သိချင်လို့ပါ။

13. ဒီကြော်ငြာထဲကဆေးက သောက်လို့ရပါသလားရှင်။ သမီးက ကလေးအရမ်းလိုချင်တော့ ကလေးရဖို့ အမျိုးသားရော အမျိုးသမီးရော ဘာဆေးတွေသောက်ဖို့လိုဘဲရှင်။ သမီးက ၂၁ နှစ် အမျိုးသားက၂၅ ပါ။ သမီး ၁၈ နှစ်တုန်းက သားအိမ် ခြစ်ဖူးပါတယ်။

14. ဆရာရှင့် ဒီဆေးလေးအကြောင်းသိချင်ပါတယ်ရှင်။ ကျေးဇူးပြု၍ဖြေကြားပေးပါရှင်။

FillyMor ဟာကြော်ငြာဆေးသာဖြစ်ပါတယ်။ ထိုင်းနဲ့ မြန်မာ ၂ ဘာသာနဲ့ ဝဘ်ဆိုက်လုပ်ထားတယ်။ ထိရောက်မှုနဲ့ ဘေးထွက်သက်ရောက်မှုတွေကို မပြောနိုင်ပါ။ ဆေးကြော်ငြာ ဖေ့စ်ဘွတ်မှာ Fillymor FinFin - Vitamins/Supplements လို့ရေးထားတယ်။ ဗီတာမင်နဲ့အာဟာရအမျိုးအစားမှန်သမျှ FDA ကမကန့်ကွက်ပါ။ လူကို အန္တရာယ်မပေးလောက်တာကို ပြောတာ။ ရောဂါပျောက်မှာကို အာမခံချက်ပေးတာ မဟုတ်ပါ။

ဆေးကြော်ငြာတွေထဲက မိန်းကလေးတွေဟာ ဆေးမထုတ်ခင်ကတည်းက လှနေတာဖြစ်ပါတယ်။ ဆေးအကြောင်းလဲ သိကြသူတွေမဟုတ်ပါ။ သက်သေခံချက်ဆိုတာတွေ ကြော်ငြာဆေးတိုင်းမှာ ဘယ်သူကတော့ ဘယ်လိုကောင်းပါတယ် ကိုတော့ အတည်မယူသင့်ပါ။

မေးခွန်းတွေကိုဖတ်ပါ။ ကလေးရဖို့မေး၊ ရင်သားလှဖို့မေး၊ သားအိမ်ကောင်းဖို့မေး၊ တင်းတိတ်နဲ့ ဗွီရှိပ်၊ ဝက်ခြံ၊ ရေအိတ်၊ သားအိမ်ခေါင်းကင်ဆာ။ ဖြစ်စေတဲ့အကြောင်းတွေတခြားစီကို ဆေးတမယ်တည်းနဲ့ ပျောက်မယ်လို့ ယုံကြည်ကြပါသလား။ မေးတဲ့သူတွေ အခြေခံခြင်း တူပါသလား။ အပျိုနဲ့ အအို၊ ရာသီမှန်သူနဲ့ မမှန်သူ၊ ရိုးရိုးမွေးနဲ့ ခွဲမွေး၊ ပိန်သူနဲ့ ဝသူ၊ ရောဂါရှိသူနဲ့ မရှိသူ၊ အိမ်ထောင်ကျကာစနဲ့ သွေးဆုံးပြီး၊ ကလေးအမွေးများထားသူ၊ ကလေးရချင်နေသူ၊့သူနဲ့သူ။့သူနဲ့သူ။

သူများစီးပွါးရေးကိုတော့ ထိခိုက်စေချင်တာမဟုတ်ပါ။ ဒါပေမယ့် စီးပွားရေးလုပ်သူတွေမှာ ပူစရာမရှိပါ။ အဲတာမျိုးကို ဝယ်ချင်သူတွေက အတော်ကိုများတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၆-၂ဝ၁၇
နေ့ ၂ နာရီ၊ ၁၁ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး