GCBA ဂျီစီဘီအေ

သို့မဟုတ် ပေါ့ရွှတ်ရွှတ်ဖြစ်လာတဲ့ တိုင်းပြည်

General Council of Burmese Associations (GCBA) ဂျီစီဘီအေ ခေါ် မြန်မာအသင်းချုပ်ကြီးဟာ ဗြိတိသျှ ကိုလိုနီခေတ်မှာ ပေါ်ပေါက်လာခဲ့ပါတယ်။ ဝံသာနုအသင်းလို့လည်းခေါ်လာကြတယ်။ ဒီအသင်းကြီးရဲ့ မူလအစဟာ Young Men's Buddhist Associations (YMBA) ခေါ် ၁၉ဝ၆ ခုနှစ်မှာထူထောင်ခဲ့တဲ့ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး ဖြစ်တယ်။ အသင်းရဲ့ရည်ရွယ်ချက်တွေက အမျိုး၊ ဘာသာ၊ သာနာ၊ ပညာ၊ အချက်လေးချက် ဖြစ်တယ်။ ဝိုင်အမ်ဘီအေ အသင်းကို လူထုထောက်ခံမှုအားကောင်းလို့ (၂) နှစ်အတွင်း အသင်းပေါင်း (၂ဝဝ) ဖြစ်လာခဲ့တယ်။

၁၉၂ဝ ပြည်မြို့မှာကျင်းပတဲ့ ဝိုင်အမ်ဘီအေနှစ်ပတ်လည်အစည်းအဝေးမှာ ပိုပြီးကျယ်ပြန့်တဲ့ ဂျီစီဘီအေအသင်းကြီးအဖြစ် ပြောင်းလဲထူထောင်လိုက်တယ်။ ရဟန်းတော်တွေကလည်း ဝံသာနုစိတ်ဓါတ်တွေပေါ်ပေါက်လာလို့ သံဃသာမဂ္ဂီ အသင်းတွေ ပေါ်ပေါက်လာပြန်တယ်။ ဂျီစီဘီအေအသင်းကြီးကို အားပေးထောက်ခံကြတယ်။ ၁၉၂၁ မှာ ဂျီစီဘီအေ အောက်မှာ ဝိုင်ဒဗျူဘီအေ ခေါ်တဲ့ အမျိုးသမီးအသင်းတွေပေါ်ပေါက်လာပြီး၊ (၂ဝဝဝ) ကျော် အထိရှိတယ်။

၁၉၂၃ မှာ ဂျီစီဘီအေအသင်းကြီး နှစ်ခြမ်းကွဲတယ်။ ဗြိတိသျှအစိုးရက ဒိုင်အာခီအုပ်ချုပ်ရေးစနစ် စတင်လိုက်လို့ ဖြစ်တယ်။ မူရင်းကို ဦးချစ်လှိုင်၊ ဦးပု၊ ဦးထွန်းအောင်ကျော်တို့ကဦးဆောင်တယ်။ ကျန်တစုကို ဦးဘဖေ၊ ဦးဘလှိုင်၊ ဦးပု၊ ဦးဘဦးတို့က ခေါင်းဆောင်တဲ့ (၂၁) ဦးအစုဖြစ်တယ်။ ၁၉၂၅ မှာ နောက်ထပ် ကွဲပြန်တယ်။ စင်ပြိုင်တွေလည်းပေါ်လာတယ်။ ခွဲရေးတွဲရေးမှာလည်း အမြင်တွေကွဲခဲ့ကြတယ်။ ၁၉၃၆ ရွေးကောက်ပွဲမှာတော့ ဂျီစီဘီအေနာမည် ပျောက်ကွယ်သွားတယ်။

သင်ခန်းစာယူနိုင်တာက
(၁) မြန်မာနိုင်ငံလွတ်လပ်ရေးရအောင်ဆောင်ရွက်မှုတွေထဲမှာ ဂျီစီဘီအေအသင်းကြီးဟာ အလွန်အရေးပါခဲ့တယ်။
(၂) အရပ်သားတွေ စုစည်းဆောင်ရွက်ခဲ့တာဖြစ်တယ်။ ယောက်ျား၊ မိန်းမနဲ့ ရဟန်းတော်တွေ ပါဝင်ကြတယ်။
(၃) အမျိုး၊ ဘာသာ၊ သာနာ၊ ပညာအတွက်ဦးတည်ခဲ့တာဖြစ်တယ်။ ပညာပါတာကို သတိပြုသင့်တယ်။ အဲတာကလည်း ရဟန်းတော်များသာပါတဲ့ ဝိုင်အမ်ဘီအေရဲ့ ဆောင်ပုဒ်သာဖြစ်တယ်။ လူတွေမပါတဲ့အဖွဲ့သာဖြစ်တယ်။
(၄) အုပ်စိုးသူတွေက အပြောင်းအလဲလုပ်ရင် စုစည်းညီညွတ်နေသူတွေ ကွဲသွားတတ်တယ်။

တို့ဗမာအစည်းအရုံးကြီးရဲ့ ဆောင်ပုဒ်က (၆) ချက်ရှိတယ်။
၁။ ဗမာပြည်သည် တို့ပြည်၊
၂။ ဗမာစာသည် တို့စာ၊
၃။ ဗမာစကားသည် တို့စကား၊
၎။ တို့ပြည်ကို ချစ်ပါ၊
၅။ တို့စာကို ချီးမြှင့်ပါ၊
၆။ တို့စကားကို လေးစားပါ။

ခုတလောကမှာ ကိုယ်လိုရာကိုသာ ဖြတ်တောက်ပြီး သုံးလာကြတယ်။ ဘာသာဆိုတာ ကိုးကွယ်ရာဘာသာ မဟုတ်။ ဘာသာစကား ဖြစ်တယ်။ လူမျိုးဆိုတာလည်း မပါ။ ပညာကို ဖယ်ထုတ်ထားကြတယ်။ စကားနဲ့ စာပိုပါ ပေါ့တန်တန် လုပ်လာကြတာ မကောင်းပါ။ တိုင်းပြည်ပါ ပေါ့ရွှတ်ရွှတ်ဖြစ်စေတယ်။ တိုင်းပြည်မချစ်၊ စာမချစ်၊ ပညာမချစ်သူတွေက အဲလိုလုပ်နေကြတယ်။

ဒေါက်တာတင်ဆွေ
၂၅-၆-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ