Health Change ကျန်းမာရေး အပြောင်းအလဲ

• ကျွန်တော်တို့ ဆေးကျောင်းသားဘဝ ပညာတွင်းကနက်လှ၊
• ဆေးစာအုပ်ကရှား လက်ဆင့်ကမ်းပေးသူအနားရှိမှ ဖတ်စရာရ၊
• ကျွန်တော်တို့ ဆရာဝန်ဖြစ်စ ဆေးကုတွင်းကနက်လှ၊
• အစိုးရဆေးရုံတွေမှာ အစိုးရမဟုတ်သူများအတွက် ကျန်းမာရေးတွင်းကနက်လှ။

• မြင်းမြီးကိုသာ လက်ဆောင်ရ၊ ချုပ်ရတဲ့ ကက်ဂတ် ခေါ်တဲ့ကြိုးက မရှိ၊
• ခွဲစိတ်ကရိယာ ဗလာနတ္ထိ၊ ခွဲစိတ်လူက အပြည့်၊
• ဆရာဝန်ခင်မြာ ကြံမိကြံရာ၊ ဆေးကျောင်းမှာမသင်ရတာ နည်းလမ်းရှာ၊
• ဘာရမလဲ၊ ပညာလဲရ၊ တာဝန်လဲကျေ၊ တောသူတောသားတွေ အတန်အသင့် ကျန်းမာကြပါစေ။

• မန္တလေးဈေးချိုရောက် အခေါက်တိုင်းဝယ်၊
• စီရုံကဆေးဆိုင်မယ် ကုန်သွယ်ရေးလို တန်းစီစရာမလို၊
• ကြိုက်တဲ့နံပါတ်ကို ကြိုက်သလောက်ဝယ်လို့ရ၊
• မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြီးက အောင်မြင်လှ။

• သွေးထုတ်တဲ့ပိုက်ကကုန်၊ ၂၁ မိုင်ဝေးတဲ့ တံ့တားဦးဆေးရုံ၊ လူကြုံနဲ့လှမ်းချေး၊
• သွေးစစ်စရာ မိုက်ကရိုစကုပ်ဆိုတာမရှိ၊ နေရောင်ထောင်ကြည့်၊
• အာလ်ထွာဆောင်း မသိ၊ ဓါတ်မှန် မရှိ၊ ဓါတ်ခွဲခန်းက ဝေးလှပါဘိ။

• တောဆေးရုံမှာ ခွဲစိတ်ကိရိယာဆိုတာ ဝေလာဝေး၊
• ရန်ကုန်ကို ဆင်းပြေး၊ လဟာပြင်ဈေးမှာ စစ်စစ်ပေါက်ပေါက်မေး၊
• ကစ်ဒနီထွေး၊ ညှပ်သေးသေး၊ ကပ်ကြေး၊
• ဈေးမဆစ်နဲ့ ပေးသာပေး၊ တောသားတွေကျန်းမာရေးအတွက် သယ်လာလို့မလေး။

• မေ့ဆေးဆိုတာ အီသာ၊ အလွန်တရာနံပါလှ၊
• ဆေးရုံမှာခွဲစိတ်နေတာ အိမ်ကဆရာဝန်ကတော်ကအနံ့ရ၊
• အီသာကိုလဲ အပြင်မှာဝယ်၊ ဈေးချိုတော်ကျေးဇူး ကြီးမားတယ်။

• ဆေးပြား၊ ဆေးဝါး၊ အလွန်ရှား၊
• အားကိုးစရာ ထိုင်းကလာ၊ တရုပ်ကလာ၊ မိုးရေးကလာ၊
• အတုတွေထဲမှာ နည်းနည်းသင့်လောက်တာရွေးရတာက ပညာ၊
• ဝေဒနာကို စေတနာနဲ့သာကုပေးရ၊ ခုချိန်ကျမှ တောင်းပန်ပါရ။

• ဟောက်ဆာဂျင်ဘဝ၊ စစ်ဆေးရုံမှာတာဝန်ကျ၊
• တခါမှမမြင်ဘူး ဗူးခွံလှလှနဲ့ နိုင်ငံခြားကဆေး၊ ပေါသလေားမမေးနဲ့၊
• အရပ်သားလေးတွေမှာ ဘီပီအိုင်ဆေးတောင်မှ မလောက်င၊
• မင်္ဂလာလမ်းကဆေးဂိုဒေါင်မှာ ခင်အောင်မင်အောင်ပေါင်းထားမှ မြွေဆေးကအစ နည်းနည်းပါးပါးပိုလို့ရ။

• ခုခေတ်မှာပြောင်းလဲလာ၊ ငွေကလွဲလို့ ဘာမှမရှား၊
• ပုဂ္ဂလိကဆေးရုံသွား၊ နိုင်ငံခြားသွား၊
• စစ်ဆေးရုံတွေကတော့ ရာသက်ပန် အပျံစား။

• စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီးအပြောင်းအလဲလမ်းမှာ
• ခက်ခဲကြမ်းတမ်းသော ကျန်းမာရေးမှသည့့်
• လွယ်ကူကြမ်းတမ်းသော ကျန်းမာရေးဆီသို့ ချီတက်နေပါပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး