ဒေါက်မြင့်ဖိနပ်နဲ့ သံရိုက်ခြင်း

ကလေးကဗျာ ကြည့်စရာတင်တော့ အတော်များများက စိတ်ဝင်စာကြတာတွေ့ရတယ်။ သတ်ပုံကိုပါ သတိထားသူလည်း ရှိတယ်။ ကောင်းတယ်။ မေးကြသေးတယ်။ ဘားနဲ့ ဖား။ တကောင်နဲ့ တလုံး။

အဲဒီကဗျာတွေက လွတ်လပ်ရေးမရခင်ကတည်းက ရေးထားတာတွေဖြစ်တယ်။ ဘားလို့ ရေးထားတယ်။ လွတ်လပ်ရေးရပြီး နိုင်ငံရေးမှာ စားဖါးဆိုတဲ့အသုံး ရှိလာတယ်။ တကောင်ကို တစ်ကောင်လုပ်တာက ၁၉၈၁ နောက်မှာ။

သတ်ပုံစာလေးတွေရေးတာ တရာ (တစ်ရာ မဟုတ်) လောက်ရှိပြီထင်တယ်။ အကိုးအကားတွေကို ပုံနဲ့ပြပါတယ်။ မှန်တယ် မှားတယ်လို့ ဒိုင်လူကြီး မလုပ်ပါ။ အဟောင်းတွေကက အကုန်မှန်၊ အသစ်တွေမှားလို့လည်း ကောက်ချက်မချပါ။ ဥပမာ အကောင်းစားတွေရှိတယ်။

စာနဲ့ စကား ပြောင်းလဲတာတွေက ခေတ်တိုင်းမှာ ရှိပါတယ်။ ပြောင်းတယ်ဆိုတာ ပိုပြီးလွယ်ကူရှင်းလင်းအောင် ပါဠိတွေ၊ သက္ကတတွေ၊ ထပ်ဆင့်တွေနည်းလာတာက သင့်မြတ်တယ်။ မိုဃ်း၊ ၍့၊ ၏့၊ ကျမ္မာ၊ စွဲး၊ စဲး၊ ထဲး၊ ဆြာ၊ မင်းသ္မီး၊ မဲးဇာ၊ မှု့၊ ယ္ခင်၊ မြမ္မာ၊ သ္ခင်၊ သဲး၊ ဥူး၊ ဧး၊ စတာတွေကို မသုံးကြတော့ပါ။ စွယ်စုံကျမ်းထဲပါ စာလုံးပေါင်းတချို့ကိုလည်း ပြောင်းရေးလာကြတယ်။ ဂျူးလယပ်ဆီဇာ၊ ဆအူးဒီအာရေဗျ၊ ကွန်မျူနစ်၊ စသည်။ ထင်းမီးအစား လျှပ်စစ်နဲ့ ဓါတ်ငွေ့ သုံးလာတာ ကောင်းတယ်။

ထပ်ဆင့်တိုင်းကို လိုက်ပြောင်းတာတော့ မသင့်ပါ။ မန္တလေး၊ မိတ္ထိလာ၊ သလ္လာဝတီ၊ မုတ္တမ စတာတွေကို သည်အတိုင်းသာ ထားသင့်တယ်။

သမတကို သမ္မတလို့ရေးလာတာ တခါတရံကို တစ်ခါတစ်ရံလို့ရေးတာက လွယ်တာကို ခက်အောင်၊ မှန်တာကို မှားအောင်လုပ်တာ ဖြစ်တယ်။ ဒေါက်မြင့်ဖိနပ်နဲ့ သံရိုက်နေကြတာဖြစ်တယ်။

မှန်နေပြီးသားကို ဉာဏ်ကွန့်ပြီး ဒါမှမဟုတ် လူကြီးမျက်နှာလိုမျက်နှာရလုပ်ပြီး ပြောင်းတာမျိုးကို သဘောမတူပါ။ ကနေ့ အတတ်ကြီးလုပ်ပြီး ဟောပြောရေးသားနေကြတာတွေဟာ နိုင်ငံရေးကင့်ပိန်း လုပ်နေတာနဲ့တူတယ်။

ခက်သည်ကို လွယ်စေလော့၊ သတ်ပုံအမှား ရောင်းမစားနဲ့။ အမှားဖက်က ရှေ့နေမလိုက်သင့်။

ဒေါက်တာတင့်ဆွေ
၃ဝ-၆-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ