High hemoglobin သွေးအားများရောဂါ

ရောဂါတွေ ဆုံလာတတ်တယ်။ မနက်ကပဲ အမျိုးသမီးတယောက်က တခြားရောဂါတခုနဲ့အတူ သွေးပျစ်တာကို မေးသေးတယ်။

၁။ မင်္ဂလာပါဆရာ ကျတော် အသက် ၅၇နှစ် ရှိပါပြီ။ ဆေးစစ်တာတွေလည်းစုံနေပါပြီ။ ဆရာဝန်ပြောတာကတော့ သွေးပျစ်တယ်၊ သွေးနီဥတွေများတယ်ပြောပါတယ်ဆရာ။ သောက်ဆေးပေးတယ် မသက်သာဘူးဆရာ။ ခံစားရတဲ့ဝေဒနာက ကြောတွေ၊ ခြေဖဝါးတွေပူတယ်၊ အတွင်းပိုင်းမပူ မပြင်အရေပြားကပူတယ်ဆရာ။ ကိုင်ကြည့်ရင်လည်းအေးနေတယ်။ ဆရာဝန်ညွှန်ကြားချက်အရ သွေးထုတ်ခိုင်းတယ်။ အဲ့လိုထုတ်ပြီး ၁လလောက်ပဲသက်သာပါတယ်ဆရာ။

၂။ ဆရာခင်ဗျာ ကျနော့် အသက် ၃ဝ ပါခင်ဗျ။ သွေးတိုးရောဂါနဲ့ ပတ်သက်ပြီး မေးခွင့်ပြုပါဆရာ။ သွေးဖိအား ၁၃ဝ/၈ဝ ပါခင်ဗျာ။ သွေးတိုးရှိလားခင်ဗျာ။ မျက်ခွံနှစ်ဖက်က အမြဲတမ်းလေးနေတတ်တယ်ခင်ဗျ။ ခြေလက်လဲ ထုံကျင်တတ်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတော့ သွေးစစ်ဖူးပါတယ်။ Triglycride နဲ့ RBC နဲနဲများတယ်ခင်ဗျာ။ သွေးတိုးရှိခဲ့ရင် ဘာဆက်လုပ်သင့်လဲဆိုတာ ညွှန်ကြားပေးပါခင်ဗျာ။ ဆရာ့မိသားစုအားလုံး ကျန်းမာပါစေခင်ဗျာ။

၃။ ဆရာရှင့် သမီးရဲ့ ရင်သွေးလေးကို ၃ဝ ရက်နေ့ ညနေ ၃ နာရီ ၃၈ မှာ လေးပေါင်ဖြင့် မွေးဖွားပြီးပါတယ်။ ကလေး ကျန်းမာရေး ကောင်းတယ် ပေါင်မပြည့်တာ တစ်ခုပဲလို့ ပြောပါတယ်။ ဒီနေ့မနက်မှ ကလေးက သွေးနီဥတွေ အရမ်းများပြီး သွေးပျစ်နေတယ်။ ပုံမှန် ၆၅ ရှိရမှာ ၇၂ ထိရှိနေတယ်လို့ပြောပါတယ်ဆရာ။ ချက်ကနေတဆင့် မြန်မာလို ဆားရည် သွင်းရမယ်ပြောပါတယ်။ ကောင်းကျိုး ဆိုးကျိုးနဲ့ ဖြစ်နိုင်ချေတွေ သိချင်ပါတယ်ဆရာ။ သားဦး ယောက်ျားလေး ဆိုတော့ အရမ်းကို ယူကျုံးမရဖြစ်ရပါတယ်ဆရာ။

၎။ Haemoglobin များများလာလို့ သွေးဖေါက်ထုတ်ရတဲ့ ရောဂါအကြောင်းလဲ အလျှဉ်းသင့်ရင် ပြောပြပေးပါခင်ဗျား။

၅။ ကျွန်တော်အသက် ၅ဝ ပါ။ သွေးတိုရှိပါတယ်။ သွေးစစ်တော့ HGB 20.5(g/dl) ရှိပါတယ်။ သွေးပြစ်တယ်ပေါ့။ လေးလတစ်ကြိမ် သွေးဖောက်ထုတ်တာ လေးကြိမ်ရှိပါပြီ။ clopilet 75mg တစ်နေတစ်လုံး သောက်တာ ၂ နှစ်နီးပါးရှိပါပြီ။ သွေးတိုးအတွက် LOSAR-50 တစ်နေ့တစ်လုံးသောက်ပါတယ်။ HGB မြင့်တာအတွက် နေထိုင်စားသောက်ပုံ ဆောင်ရန် ရှောင်ရန်တွေ ဂဃနဏသိချင်ပါတယ်။ ဆောင်းပါလေးတင်ပေးပါအုံးဆရာ။

သွေးနီဥမှာရှိတဲ့ ဟီမိုဂလိုဘင်များတာကို High hemoglobin count (HGB) လို့ခေါ်တယ်။ သွေးနီဥများတာနဲ့တော့ မတူပါ။ သွေးနီဥဆိုတာ ပုံမှန် ယောက်ျားလူကြီးတွေမှာ RBC 700,000 to 5.2 million per mcL ရှိရတယ်။ ပုံမှန်လူကြီး အမျိုးသမီးတွေမှာ 500,000 to 4.6 million per mcL ရှိတယ်။

ဟီမိုဂလိုဘင် ဘယ်လောက်ရှိသလဲ၊ အသက်၊ ကျား-မ အရမတူကြဘူး။
• မွေးကာစကလေး =17-22 gm/dl
• ၇ ရက်အရွယ်ကလေး = 15-20 gm/dl
• တလသားကလေး = 11-15gm/dl
• ကလေးအရွယ် = 11-13 gm/dl
• လူကြီး ယောက်ျား = 14-18 gm/dl
• လူကြီး မိန်းမ = 12-16 gm/dl
• အသက်ကြီး ယောက်ျား = 12.4-14.9 gm/dl
• အသက်ကြီး မိန်းမ = 11.7-13.8 gm/dl

အောက်စီဂျင်ရတာနည်းခြင်းနဲ့ သွေးနီဥထုတ်ပေးတာများခြင်းတွေကနေဖြစ်စေတယ်။ ကျောက်ကပ်မကောင်းတာနဲ့ တခြားရောဂါတွေရှိနေလို့လည်းဖြစ်နိုင်တယ်။ အောက်စီဂျင်နည်းတယ်ဆိုတာ နှလုံးရောဂါ၊ နှလုံးအလုပ်မနိုင်တော့တာ၊ မြင့်တဲ့အရပ်ဒေသမှာနေရတာ၊ Pulmonary fibrosis အဆုပ်ရောဂါ၊ အအိပ်ပျက်ရောဂါ၊ ဆေးလိပ်သောက်တာ၊ မူးယစ်ဆေးတမျိုး သုံးစွဲတာ၊ ကာယဗလတိုးဆေးသုံးတာ၊ သွေးသွင်းတာ၊ Erythropoietin သွေးနီဥများဆေး ထိုးတာ၊ သွေးပျစ်တာ တွေကနေလည်း ဖြစ်စေတယ်။ ရေဓါတ်နည်းလွန်းတာနဲ့ ကျောက်ကပ်ရောဂါ ကနေလည်း ဖြစ်စေနိုင်တယ်။ ရိုးတွင်းခြင်ဆီထုတ်လုပ်မှုလွန်ကဲတာ Polycythemia vera ရောဂါ ကနေလည်း ဖြစ်စေတယ်။

ဒီအခြေအနေတွေမှာ ဟီမိုဂလိုဘင် ရှိသင့်တာထက်နည်းမယ်။
1. Anemia (အနီးမီးယား) သွေးအားနည်းခြင်း = ဟီမိုဂလိုဘင် နည်းခြင်း၊
2. Erythropoietin deficiency = ဟီမိုဂလိုဘင် ချို့ယွင်းခြင်း (ကျောက်ကပ်ရောဂါ)၊
3. Blood transfusion = သွေးသွင်းရာမှ သွေးနီဥပျက်စီးခြင်း၊
4. Bleeding = သွေးယိုခြင်း
5. Lead poisoning = ခဲဆိပ်သင့်ခြင်း၊
6. Malnutrition = အစာအာဟာရချို့တဲ့ခြင်း၊
7. Iron, Folate, Vitamin B-12, B-6 deficiencies = သွေးတည်ဆောက်ဘို့လိုတဲ့ဓါတ်တွေချို့ယွင်းခြင်း၊
8. Over hydration = ရေဓါတ်လွန်ကဲခြင်း။

ဟီမိုဂလိုဘင် ရှိသင့်တာထက်များနေခြင်းဟာ နည်းလမ်း ၂ ခုကနေဖြစ်စေတယ်။ သွေးနီဥတွေ ထုတ်လုပ်တာ လွန်ကဲခြင်း၊ သွေးကနေ အောက်စီဂျင်ကို သယ်ယူနိုင်စွမ်းနည်းလို့ အလျှင်မီအောင် ထုတ်ပေးနေလို့ ဖြစ်ရတယ်။ သွေးရည်ကြည်က နည်းနေလို့ သွေးနီဥကယှဉ်ကြည့်ရင် များတာ၊ နှိုင်းရအများလို့ ပြောမယ်။

Hematocrit = <0.50 (Hemoglobin value of 160 g/L) ဆိုရင် နောက်ဆက်တွဲတွေဖြစ်လာနိုင်တယ်။ အဓိကအားဖြင့် သွေးခဲပြဿနာဖြစ်တယ်။ ဟီမိုဂလိုဘင် ရှိသင့်တာထက်များနေရင် သွေးပျစ်ခြင်းကြောင့် ဒါတွေ ခံစားရနိုင်တယ်။
(၁) Peripheral cyanosis ခြေဖျား-လက်ဖျားပြာနှမ်းလာခြင်း၊
(၂) စိတ်ပိုင်အလုပ်လျှော့နည်းလာခြင်း၊ အသိဥာဏ်နည်းခြင်း၊ မူးဝေခြင်း၊ စိတ်ရှုတ်ထွေးခြင်း၊
(၃) Thromboembolism သွေးခဲပိတ်ခြင်းဖြစ်တာ သူများထက် သိသိသာသာများတယ်။ ဖြစ်တဲ့နေရာမှာ ရောင်မယ်၊ ထုံမယ်၊ အမြင်-အကြားချို့ယွင်းမယ်။

ဒီလိုဖြစ်တာကို ရောဂါကြီးရယ်လို့ မသတ်မှတ်ပါ။ ဖြစ်စေတတ်တဲ့ အကြောင်းရင်ကိုလဲ ကုသတယ်။ ခံစားရတဲ့ လက္ခဏာတွေကို ကုသပေးရတယ်။

Polycythemia သွေးနီဥများခြင်း http://doctortintswe.blogspot.com/2016/03/polycythemia.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး