တရားကို မတရားမရေးသင့်

ဖေ့စ်ဘွတ်မှာ တရားလည်းဖတ်ရတယ်။ အထင်ကရ ဆရာတော်ကြီးတွေ ဟောကြားတာတွေထဲက ကောက်နှုတ်ပြီး တင်ကြတာ နေ့တိုင်းတွေ့တယ်။ မိုးကုတ်ဆရာတော်ကြီးဟောခဲ့တဲ့တရားတွေလည်းပါတယ်။ ကနေ့တခုတွေ့တာကိုတော့ နည်းနည်းလေးပြောချင်တယ်။ ဆရာတော်က တစ်ယောက်၊ တစ်ခုလို့ ဟောခဲ့သလိုလို ရေးထားတယ်။ မှားတယ်။

မိုးကုတ်ဆရာတော်ကြီးရဲ့သစ္စာလေးပါးတရားတော်၊ အမှတ်စဉ် (၂) စာအုပ်၊ စာမျက်နှာ (၁၇၇) မှာ -

ယခု သစ္စာတရားနာရ၍ ယခု သစ္စာတရားကို ဒကာဒကာမတွေက နှလုံးသွင်းလို့ရှိယင်ဖြင့် အခုဘဝရမယ်။ တိဟိတ်သာ ဖြစ်ပေစေ ရမယ်။ သဘောပါလား (ပါ ပါပြီ)။ ခင်ဗျားတို့မှာ ဘယ့်နှယ်ကြောင့် ဘုန်းကြီးက ရဲရဲတင်တင်း တာဝန်ခံရသတုံး မေးတော့ ကံကြီးငါးပါးလွတ်ပါတယ်။ သဘောကျပလား (ကျပါတယ်)။ အမိသတ်ဘူးတဲ့သူ ဒီအထဲ တယောက်မှ မပါဘူး (မပါပါဘူး)။ အဖသတ်တဲ့သူ (မပါပါဘူးဘုရား)။

မှတ်ချက်
ဆရာတော်ဟောကြားတာကို ၁၉၆၂ ခုနှစ်၊ ယောဂီပုံနှိပ်တိုက်မှာရိုက်နှိပ်ခဲ့ပါတယ်။ တယောက်မှမပါဘူးလို့သာ ရေးတယ်။ တစ်ယောက် မဟုတ်ပါ။ ဒကာဒကာမတွေကလို့ ရေးတယ်။ အခု ဒါယကာ၊ ဒါယိကာလို့မရေးရင် မှားတယ်လို့ ပြောနေကြတယ်။

အဲလို မတော်တရော်တွေ မနက်-နေ့-ည တွေ့နေရတယ်။ ဒါက နမူနာလေးသာဖြစ်တယ်။ မှားတင်ထားတဲ့ပုံကို မသုံးလိုပါ။ အားနာလို့။

ဆရာတော်တွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေရဲ့ စာမူရင်းတွေကို ကိုယ်လိုသလို သတ်ပုံတွေကိုပြင်ပြီး ရောင်းချတာ၊ မျှဝေတာ မလုပ်ကောင်းကြောင်း ထပ်လောင်းပြောပါရစေ။

ဒေါက်တာတင့်ဆွေ
၂၂-၆-၂ဝ၁၇
ည (မနက်) ၁ နာရီ၊ ၃ဝ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး