ညံ့ရခြင်းအကြောင်း

၁။ ဆရာမင်္ဂလာပါ။ မြန်မာစာ မှန်မှန်ကန်ကန် ပြောပြနေလို့ ကျေးဇူးတင်ရပါတယ်။ တွေ့နေရတာ ပျက်ချော်ချော် များရေးနေတာလား၊ တကယ်မတတ်တာလား၊ ဝေခွဲမရပါဘဲ မြန်မာလူမျိုး မြန်မာစာမရေးတတ်ဘူးဆိုရင် ရှက်စရာကောင်းနေတာ။ ပညာမဲ့စာမတတ်တာတွေများနေတာလား၊ သို့လောသို့လောနှင့် ဝမ်းနည်းနေမိပါတယ်။ ဆရာ ရေးပြရှင်းပြလို့ ကျေးဇူးတင်နေရပါသည်။

၂။ မြန်မာပြည်မှာ မြန်မာလူမျိုးတွေက မြန်မာစကားကို ပြောင်သလို ပျက်သလိုနဲ့ တလွဲတွေ ပြောဆိုရေးသားရင်း အမှားက အမှန်ဖြစ်ကာ မြန်မာစာ မြန်မာစကားပျက်မှာ မြင်ယောင် စိုးရိမ်မိနေတယ် ဆရာရေ။

ကျွန်တော်လည်း မြန်မာ (ဗမာ) စကားကို ပြည်တွင်းမှာနေသလို မပြောရတာ (၂၇) နှစ်ပြည့်တော့မယ်။ အိန္ဒိယနိုင်ငံ ရောက်ကတည်းက စကားကိုချပြောနေရတာ။ မိသားစုအတွင်းသာ အရင်ကလို ပြောလို့ရတယ်။ အဲတော့ သူများတွေဆီက သင်သူနိုင်တာ မရှိသလောက်နည်းတော့ ကျွန်တော့စကား တိုးတက်ရှင်သန်မှု ရပ်တန့်သွားတော့တယ်။

လူတွေကြားဆက်သွယ်မှုဟာ စကားဖြစ်တယ်။ စကားမှန်ကန်မှသာ လိုရာရောက်တယ်။ တချို့အကြောင်းအရာနဲ့ ဘာသာရပ်တွေမှာ စကားနဲ့စာ တိကျမှသာ အဲဒီသုတနဲ့ ပညာတတ်တယ်။ အထွေထွေသိပ္ပံကို ငါးတန်းအထိ နေဘူးသူတိုင်း သင်ကြရတယ်။ စကားစု၊ ဝေါဟာရတွေ တသွေမတိမ်းမှတ်ယူရတာမျိုးရှိတာ သိကြမယ်။

အရပ်ထဲမှာတော့ ခပ်ပေါ့ပေါ့ပြောကြတာများပါတယ်။ စကားတခွန်းကို တယောက်ဆီကနေ တယောက် လက်ပြောင်းတာနဲ့ အစက တိတိကျကျသိမထားတဲ့ အကြောင်းအရာဟာ တဆင့်ဆိုတမျိုး ကွဲလွဲနိုင်တယ်။ ခလုတ်တိုက်၊ တရုတ်ရိုက်၊ ဖါးပြုပ်ကိုက်။

စာက အခြေခံကျတယ်။ ပညာရေးကို အလေးမထားတာနဲ့ တန်ဖိုးချရာကနေ စကားလည်း မလေးနက်၊ ပေါ့ပျက်ပျက်နဲ့ အလွယ်လိုက်ပြောကြတယ်။ ခေတ်စကား၊ ဘန်းစကားတွေက ခေတ်တိုင်းမှာရှိတာမို့ ပြောစရာမရှိပါ။ ရိုးရိုးတန်းတန်း ပြောတာမှာ ထင်တာကိုသာပြောကြတယ်။ ကြားတဲ့သူလည်း ရမ်းသန်းမှန်းယူလိုက်တယ်။ ကြာတော့ စကားအဓိပ္ပါယ် ဖေါ်မရတာတွေ အမှားမှားအယွင်းယွင်းတွေကိုသာ အဟုတ်မှတ်လာကြတယ်။ အဲလိုလူတွေ များများလာတဲ့အခါ စာတန်ဖိုး၊ စကားတန်ဖိုး၊ လူမျိုးတန်ဖိုး ကျတယ်။

ငယ်ငယ်ကဆိုရင် စာအုပ်တွေဖတ်ပြီး အရေးအသားနဲ့သတ်ပုံ လေ့လာခဲ့ရတယ်။ သတ်ပုံမှန်နဲ့ စာအုပ်ကောင်းတွေ မဖတ်ရတော့တဲ့ကျွန်တော် ခုနေမှာ ကနေ့ထုတ်စာအုပ်တွေသာ ဖတ်ရရင့့်

ငယ်ငယ်ကဆိုရင် လူကြီးတွေစကားပြောတာနားထောင်ပြီး မှတ်သားခဲ့ရတယ်။ စကားအရာ လေ့လာသင်ယူမှု နည်းနေတဲ့ ကျွန်တော် ခုနေမှာ ပြည်တွင်းကလူတွေနဲ့သာ စကားပြောရရင့့်

ဒေါက်တာတင့်ဆွေ
၃ဝ-၆-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ