Expected due date ကလေး ဘယ်တော့မွေးမလဲ

ဆရာရှင့် ကျွန်မအသက်က ၂၉ နှစ်ပါဆရာ။ အာယ်ထွာဆောင်းရိုက်ထားတာလေး ဖြေပေးပါဦးရှင့်။ ဆရာက အာယ်ထွာဆောင်းမှာ ပုံမပို့ရဘူး မှတ်ချက်ပဲပို့ရမှာဆိုလို့ မှတ်ချက်ပဲပို့လိုက်ပါတယ်ဆရာ။ အာယ်ထွာဆောင်း ရိုက်ထားတဲ့ အနေထားအရ ရိုးရိုးမွေးလို့ရပါသလားဆရာ။ ဖြစ်နိုင်ရင် ရိုးရိုးမွေးချင်လို့ပါဆရာ။ အာယ်ထွာဆောင်းရိုက်ပေးတဲ့ဆရာက အနေထားမမှန်ဘူးပြောနေလို့ပါဆရာ။ ကျေးဇူးပြူပြီး ဖြေပေးပါဆရာ။

ကလေး တင်ပါးဆုံပြုအနေအထားဖြစ်။ ခြေကဖွါးလို့ခေါ်။ တချို့ကိုယ်ဝန်တွေ အနေအထားပြောင်းလာတတ်။ တချို့ အိုဂျီတွေက အပြင်ကနေလှည့်ပေတတ်။ တချို့ကို ရိုးရိုးမွေးနိုင်။ တချို့ကို ခွဲမွေး။

နောက်ထပ် အာထွာဆောင်းပြန်ရိုက်ဖို့ လိုပါသလားဆရာ။

ကိုယ်ဝန်အပ်တဲ့ဆရာဝန်က ညွှန်ပါမယ်။

အာထွာဆောင်း နှစ်ခါရိုက်ရင် မွေးမယ့်ရက်က နှစ်မျိုးဖြစ်နိုင်လားပါသလားဆရာ။

ဖြစ်။

ပထမရိုက်တာကို အတည်ယူရမှာလား ဒုတိယ ရိုက်တာကို အတည်ယူရမှာလား ဆရာ ဖြေပေးပါဦးရှင့်

အယ်ထွာဆောင်းတွေကို အာထွာဆောင်းလို့ပြင်လိုက်ပါတယ်။

၁။ ဆရာရှင့် OG မှန်းထားသော due date နှင့် ultrasound due date ၂ပတ်ခန့်ကွာပါသည်၊ ultrasound ၃ ကြိမ် ရိုက်လျှင်လဲ due date ၃ မျိုးထွက်ပါသည်။ OG due date နဲ့ ultrasound due date ကြားကရက်ပိုင်းကို ဖြစ်နိုင်ချေဟု သတ်မှတ်လို့ရပါသလားဆရာ။ ပထမအကြိမ်ရိုက်သော ultrasound due date အဖြေသာမှန်သည်ဟု ပြောကြသည်မှာ ဟုတ်ပါလားဆရာ။ ကျေးဇူးတင်ပါတယ် ဆရာရှင့်။

၂။ ဆရာရှင့် သမီးရဲ့ due date ကအခုလထဲပါ။ ကိုယ်ဝန်ရှိကာစ ultrasound ရိုက်တုန်းက ၆လပိုင်း ၃၀ ရက်လို့ပြောပါတယ် သမီးရဲ့ OG ကလဲ အဲ့ရက်ပဲပြောပါတယ်။ အခု ၉ လကျော်မှ ultrasound ထပ်ရိုက်တော့ ၆ လပိုင်း ၁၆ ရက်လို့ ပြောပါတယ်။ စောရင်တပတ် နောက်ကျရင်တပတ်ပဲလို့ပြောပါတယ် သမီးသိချင်တာက date တွေက အဲ့လို ပြောင်းတတ်ပါသလားရှင့် အဲ့လိုပြောင်းလဲတာကကော စိုးရိမ်ရလားရှင့်။ သမီးကအခုထိနေလို့လဲကောင်းပါတယ်။ ဘာမှထူးခြားတာလဲမဖြစ်ပါဘူးရှင့်။ အကုန်ပုံမှန်ကောင်းနေပါတယ်။ ဆရာ့ကို ကျေးဇူးတင်ပါတယ်ရှင်။

ကိုယ်ဝန်အသက်ကို (၁) LMP နောက်ဆုံးရာသီလာတဲ့နေ့နဲ့တွက်နည်း (၂) အာလ်ထွာဆောင်းနည်းတွေနဲ့တွက်တယ်။
အာလ်ထွာဆောင်းက တခါရိုက်ရင် တမျိုးလိုလိုထွက်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှေ့-နောက် ၁-၂ ပါတ်ကွာနိုင်တယ်။
စိုးရိမ်စရာမရှိပါ။

LMP တွက်ရင် နောက်ဆုံးရာသီလာစဉ်က ပထမဆုံးသွေးဆင်းတဲ့ရက်ကိုယူရတယ်။ EDD ခန့်မှန်းမွေးမဲ့ရက် သိချင်ရင် နောက်ဆုံးရာသီလာခဲ့တဲ့လထဲက ပဌမဆုံးသွေးဆင်းခဲ့တဲ့ LMP ရက်ထဲကို ၉ လ နဲ့ ၇ ရက် ပေါင်းထည့်ရတယ်။ အာထွာဆောင်းရိုက်ရင်လဲ တခါရိုက်ရင်တခါ သန္ဓေရဲ့ အနု-အရင့်ကို မှန်းပေးမယ်။ ဘယ်နှစ်ပါတ် နဲ့ ဘယ်နှစ်ရက် ရှိပြီလို့ ရေးကြတာများတယ်။ အာထွာဆောင်းရိုက်တဲ့နေ့စွဲထဲကနေ သန္ဓေဘယ်လောက် ရင့်နေပြီ ဆိုတာကို နုတ်လိုက်ရင် ကိုယ်ဝန် စရှိခဲ့တဲ့နေ့ LMP ကို သိနိုင်တယ်။ အဲဒီထဲကို ၉ လ နဲ့ ၇ ရက် ပေါင်းရင် ခန့်မှန်းမွေးမဲ့ရက် EDD သိလာတယ်။

အာထွာဆောင်း ရီပို့တ်ရေးတဲ့ ဆရာဝန်တွေက ရက်-လ-နှစ်လို့ မရေးကြတာ ဂွကျတယ်။ ရက်သတ္တပါတ်နဲ့ ရက်ကိုပဲ ရေးတယ်။ ကိုယ်ဝန်ဆောင်မှတ်တမ်းမှာ ရက်သတ္တပါတ်ကိုသာ ယူတယ်။ လကိုမယူဘူး။ နုတ်တဲ့အခါ သင်္ချာတော့ သုံးရတယ်။ ရက်-လ-ခုနှစ် ကိုက်အောင် ရက်သတ္တပါတ် နဲ့ ရက် ကို လဖွဲ့ယူရတယ်။ တခြားနေရာမှာ ဘာသုံးသုံး မွေးလူနာကို သင်္ချာတွက်ရင် တလမှာ ၄ ပါတ်၊ တလမှာ ရက် ၃ဝ ထား တွက်ကြရတယ်။ ပြက္ခဒိန်ကို မကြည့်ပါနဲ့။ ဘယ်နည်းနဲ့တွက်တွက် ကွက်တိမွေးလာတာ နည်းတယ်။

ကလေးကိုတိုင်းထွာပြီး ကွန်ပြူတာပါ အညွှန်းကိန်းတွေအရ ပျမ်းမျှတွက်ချက်ပေးတယ်။
(၁) CRL ခေါင်းထိပ်ကနေ တင်ပါးစွန်းအထိအရှည်၊ ကိုယ်ဝန် ၇-၁၃ ပါတ်မှာစတိုင်းလို့ရတယ်။ တိကျတယ်။ နောက်တခါ ထပ်ရိုက်ပေမဲ့ ဒီကိန်ဂဏန်းက မပြောင်းရဘူး။

(၂) BPD ခေါင်းဘေးနှစ်ဘက်အကွာအဝေး၊ ကိုယ်ဝန် ၁၃ ပါတ်နောက်ဆိုရင် တိုင်းလို့ရတယ်။ အဲဒီအချိန်မှာ 2.4 cm ရှိနေရာကနေ မွေးခါနီးရင် 9.5 cm ရှိလာမယ်။ ကလေးခေါင်းအရွယ်အစား မတူတတ်တာများလို့ မွေးမဲ့ရက်တွက်ဘို့ရာ ဒီဂဏန်းကို သိပ်အားမကိုးထိုက်ဘူး။

(၃) FL ပေါင်ရိုးအရှည်၊ ကလေးတွေက အရပ်ရှည်မှာ မတူတတ်တာများလို့ မွေးမဲ့ရက်တွက်ဘို့ရာ ဒီဂဏန်းကို သိပ်အားမကိုးထိုက်ဘူး။ ၁၄ ပါတ်မှာ 1.5 cm ရှိရာကနေ မွေးကာနီးရင် 7.8 cm ရှိလာမယ်။

(၄) AC ဗိုက်အဝန်း၊ အရေးကြီးဆုံး ကိန်းဂဏန်းဖြစ်တယ်။ ကလေး အသက်ထက် အရွယ်အစားနဲ့ ကိုယ်အလေးချိန်ကို ပိုသိသာတယ်။ မွေးမဲ့ရက်တွက်တာမှာတော့ သိပ်အားမကိုးရဘူး။

စောမွေးတဲ့ကိုယ်ဝန်
• ကိုယ်ဝန် ၂၃ ပါတ် = ၁၇%
• ကိုယ်ဝန် ၂၄ ပါတ် = ၃၉%
• ကိုယ်ဝန် ၂၅ ပါတ် = ၅ဝ%
• ကိုယ်ဝန် ၂၆ ပါတ် = ၈ဝ%
• ကိုယ်ဝန် ၂၇ ပါတ် = ၉ဝ%
• ကိုယ်ဝန် ၂၈-၃၁ ပါတ် = ၉ဝ-၉၅%
• ကိုယ်ဝန် ၃၂-၃၃ ပါတ် = ၉၅%
• ကိုယ်ဝန် ၃၄ ပါတ်ကျော် = ၁ဝဝ% အသက်ရှင်လမ်းရှိသည်။

ယမုန်နာဆေးခန်းလေးမှာ မွေးပြီးသူ ၂ဝ၄ ယောက်ထဲမှာ အတိအကျမွေးသူ ၅ ယောက်ပဲ ရှိတယ်။
• ၁ ရက်စောမွေး ၃ ယောက် (ကျား = ၁၊ မ = ၂)
• ၁ ရက်နောက်ကျမွေး ၈ ယောက် ( ကျား = ၃၊ မ = ၅)
• ၂ ရက်စောမွေး ၃ ယောက် (ကျား = ၁၊ မ = ၂)
• ၂ ရက်နောက်ကျမွေး ၁ ယောက် (ကျား = ၁)
• ၃ ရက်စောမွေး ၂ ယောက် (ကျား = ၁၊ မ = ၁)
• ၃ ရက်နောက်ကျမွေး ၂ ယောက် (ကျား = ၁၊ မ = ၁)
• ၄ ရက် စောမွေး ၁ ယောက် (မ = ၁)
• ၄ ရက် နောက်ကျမွေး ၄ ယောက် (ကျား = ၃၊ မ = ၁)
• ရက်အတိအကျ မွေးသူ ၅ ယောက် (ကျား = ၂၊ မ = ၃)

ဒီစစ်တမ်းက ဒေလီမှာနေကြရတဲ့ မြန်မာနိုင်ငံသား၊ ၉ဝ% ချင်းတိုင်းရင်းသားတွေ ဖြစ်တယ်။ မြန်မာတနိုင်ငံလုံးကို အဲလိုစစ်နိုင်ရင် သိပ်စိတ်ဝင်စားဘို့ကောင်းတဲ့ အချက်အလက်တွေ သိနိုင်တယ်။

မေးတဲ့သူတွေ မပူပါနဲ့။ (၁) ဗိုက်စနာရင် (၂) အရည်ဆင်းရင် (၃) သွေးဆင်းရင် မွေးပေးမယ့်ဆေးခန်း-ဆေးရုံသွားပါ။ ကြားထဲမှာ စိတ်ကိုအပြုသဘောဆောင်ပါလေ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)