After Appendix Surgery အူအတက်ခွဲပြီးနောက်

ဆရာ သမီးအမျိုးသားကအသက် ၄၀ ပါ။ သွေးတိုးရှိပါတယ်။ လွန်ခဲ့သော ၁၀ လလောက်ကအူအတက်ခွဲရပါတယ်ဆရာ။ အူအတက်က ဗိုက်ထဲပေါက်ပြီး အစာတွေပြန့်ကုန်ပါတယ်။ ပေါ့ဆတာလည်းပါတာပေါ့။ ဗိုက်ခွဲတော့ပုပ်စော်တောင်နံတယ်တဲ့ ဆရာဝန်ပြောပြတာ။ နှလုံးခုန်မြန်လာလို့ သန့်စင်အောင်ဆေးကြောချိန်မရလိုက်ဘူးပြောပါတယ်။ အမှန်ဆိုရင်ဘတ်ကခွဲသင့်တယ်တဲ့။ အဲ့ဒါ နဲ့ခွဲပြီးနောက်ပိုင်း ပြည်ရည်တွေလို အနှစ်ရည်တွေထွက်ပါတယ်။ အဲ့အရည်တွေကိုယူပြီး ပိုးမွေးတယ်ပြောပါတယ်။ မအောင်မြင်ပါဘူးဆရာ။ ပိုးသတ်ဆေးအမျိုးမျိုးသုံးကြည့်တယ်ဆရာ။ မနိုင်ဘူး။ ၂၉ ရက်ကြာခဲ့ပါတယ်။ နောက်ဆုံးကြ ကြွက်သားအားထုတ်မှုရှိအောင် စိတ်လက်ပေါ့ပါးအောင် ကုန်ကျစရိတ်သက်သာအောင် အိမ်ပြန်ပြီး တပါတ်တခါ ဆေးလာထည့် ကြားရက်တွေမှာလည်းဆေးထည့်လို့ရအောင် သမီးကိုသေချာသင်ပေးလိုက်ပါတယ်။ ဒါပေမဲ့ဆရာ အဲ့ဒီ ပြည်ရည်တွေက မခမ်းသွားဘူးဆရာ။ ကြာလာတော့ အပေါက်ထဲကိုအ၀တ်စထိုးထည့်မှု အားနည်းတော့ အပေါက်ပိတ်လာပါတယ်။ ဆရာဝန်ကတော့ကပ်ကြေးနဲ့ထိုးထည့်တော့ဝင်တာပေါ့။ သမီးကလက်နဲ့ဝင်သလောက်ထည့်တော့မ၀င်ဘူး။ ကြာလာတော့ ပိုက်ဆံကုန်တာ ၅၀ လောက်ဖြစ်သွားတော့ နဲနဲသက်သာလာတာနဲ့ ဆက်မပြဖြစ်တော့ဘူးဆရာ။ အပေါက်ကတော့ပိတ်သွားပါတယ်။ သမီးသိချင်တာက နောက်ဆက်တွဲဆိုးကျိုးတွေ ရှိနိုင်သလား။ အရှင်းကောပျောက်ရဲ့လား။ တခါတလေ အထဲကစူးသလိုနာတယ်ပြောလို့ပါဆရာ။ ပြည်လိုအရည်တွေကဘာလို့ဖြစ်တာလဲဆိုတာရယ်ပါ။ ဆရာအားမှဖြေပေးပါ မေးရတာလည်းအားနာလှပြီ သိချင်တာလည်းတအားဖြစ်နေလို့ပါ။ အမှားပါခဲ့လျှင်လည်းခွင့်လွှတ်ပါဆရာ။ သူ့လိုအူအတက်ခွဲတာမမြင်ဖူးမကြားဖူးလို့ပါ။ မသေတာကံကောင်းလို့ ဆရာဝန်ကပြောပါတယ်။ စာရှည်သွားလို့အားနာရပါတယ်ဆရာ။ အဆင်ပြေတဲ့အချိန်မှပြောပြပေးပါဆရာ။ အားနာလွန်းလို့ပါ။ အလကားကျွေးတဲ့အလှုမှာ ၀အောင်စားပြီးတဲ့အပြင် အထုပ်ပါထုပ်ချင်တဲ့လူလို ခံစားရတယ်။ကျေးဇူးမဆပ်နိုင်ပေမဲ့ ကျေးဇူးတင်ပါတယ်ဆရာ။

ဆောရီး။ အူအတက်ရောင်တာကို စောစောခွဲနိုင်လေ ကောင်းလေ။ ပြည်တည်မှခွဲရရင် အဲလိုဖြစ်တယ်။ ပိုး + ရောင်ခြင်းက ဘယ်အထိပြန့်နေသလဲအပေါ်မူတည်ပြီး နလံထ မြန်မယ်၊ နှေးမယ်။ ပိုးသေးဆေးတွေက နိုင်ပါတယ်။

အနာဖြစ်နေသေးတာကိုလည်း ဆက်ကုသရမယ်။ ထွက်စရာမကျန်မှသာ အနာပျောက်တယ်။ ထွက်စရာကုန်မှ အသားနု တက်တယ်။ တချို့နေရာတွေကသာအသားနုတက်ပြီး တနေရရာက ထွက်စရာကျန်သေးရင် မပျောက်နိုင်သေး။

ပြည်ဆိုတာ လူတကိုယ်လုံး ဘယ်နေရာမှရှိရှိ ထွက်အောင်လုပ်ရတယ်။ ပြည်နဲ့ ပိုးကင်းသွားပေမယ့် ကြိုးစ စတာ ထွက်စရာရှိနေတာလည်း ဖြစ်တတ်တယ်။ အကုန်မပျောက်သေးရင် မန်းရည်လို့ခေါ်တာ ထွက်နေမယ်။

အနာဆိုတာ အောက်ဆုံးကစကျက်မှသာ ကောင်းတယ်။ အပေါ်က အနာကျက် အတွင်းကမကောင်းသေးရင် မပျောက်သေး။ အဆင်မသင့်ရင် ဆိုင်းနပ်စ် ခေါ် တလမ်းသွားအနာဖြစ်တတ်တယ်။ မလိုအပ်တာတွေ ခြစ်ထုတ်တာ လုပ်ရတတ်တယ်။ ကံဆိုးရင် ပြွန်ထိပ်တဖက်က အတွင်းအင်္ဂါတခုခုနဲ့ နောက်ပြွန်ထိပ်အဝက အရေပြားဖြစ်နေတတ်တယ်။ အဲတာကို ဖစ်စကျူလာခေါ်တယ်။ သင့်တော်တဲ့အချိန်မှာ ခွဲစိတ်ကုသပေးရတယ်။

အနာ ဒဏ်ရာဆေးထည့်တည်း သပ်သပ်ရေးထားတယ်။ အနာဘေးအရေပြားကို ဆေးရုံသုံးအရက်ပျံနဲ့သန့်ရတယ်။ အနာကထွက်စရာ ထွက်စေအောင်လုပ်ပြီးရင် အနာထဲကို စီပလာဒင်းဆေးထည့်ပြီး အပေါ်က ပိုးသန့်ထားတဲ့ ပတ္တီးစ၊ ဂေါ့စ်နဲ့ ဖုံးထားပေးရတယ်။ တနေ့တကြိမ်ဆေးထည့်ရတယ်။ ပြည်လိုထွက်စရာရှိတဲ့အနာဆိုရင် စိုလာရင် ဆေးထပ်ထည့်ရတယ်။ တနေ့တကြိမ်မကဖြစ်သွားမယ်။ တချို့ဆိုရင် ပြည်ထွက်ဘို့ ပြွန် စတာပါထည့်ထားပေးရတယ်။

တချို့လူနာတွေ မန်းရည်ကြောင့် အနာဘေးမှာ အပူဖူးလိုဖြစ်တယ်။ ပလာစတာကြောင့် အလာဂျီရတတ်တယ်။ ဇင့်အောက်ဆိုက် လိမ်းနိုင်တယ်။

အခုလူနာ အခြေအနေတော့ ဆရာ သေချာ မသိ။ ဆေးပညာကိုသာ ရေးတာဖြစ်တယ်။ တခါတခ်နာတာအတွက်တော့ စိုးရိမ်စရာ မရှိလောက်ပါ။ ပုံမှန်ခွဲစိတ်ထားရသူတွေလည်း ဖြစ်ပါတယ်။

• After Surgery ခွဲစိတ်ထားပြီးသူ http://doctortintswe.blogspot.com/2016/11/after-surgery.html
• Exercise after Surgery ခွဲစိတ်ထားပြီး လေ့ကျင့်ခန်းလုပ်ခြင်း http://doctortintswe.blogspot.com/2014/12/after-surgery.html
• Infections ရောဂါပိုးဝင်ခြင်းများ http://doctortintswe.blogspot.com/2016/02/infections.html
• Wound Dressing အနာ ဒဏ်ရာ ဆေးထည့်နည်း http://doctortintswe.blogspot.com/2016/12/sterilization-add-on.html

ဒေါက်တာတင့်ဆွေ
၂၆-၆-၂ဝ၁၇

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်