Qatar ကာတာ အရေးအခင်း

ဆော်ဒီအာရေးဗီးယား၊ အီဂျစ်၊ ဘာရိန်းနဲ့ ယူအေအီးနိုင်ငံတွေက ကာတာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်လိုက်ပြီဆိုတဲ့သတင်းကို ၅-၆-၂ဝ၁၇ နေ့ကတင်ခဲ့ပါတယ်။ အခုဆက်ပြီး ဖိအားပိုပေးလာကြတာကို ကာတာကလက်သင့်မခံနိုင်ကြောင်း ပြောလိုက်တယ်။ တောင်းဆိုချက် (၁၃) ချက်ထဲမှာ အယ်ဂျာဇီးရာ တီဗွီသတင်းဌာနာကို ပိတ်ဘို့လည်းပါတယ်။

ကျွန်တော် နယူးဒေလီမှာ နေစဉ်က အယ်ဂျာဇီးရာကို အင်တာဗျူး ၄-၅ ခါပေးခဲ့ရတယ်။ ၂ဝဝ၇ သံဃာတ်ေများ လှုပ်ရှာမှုကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာစဉ်က ဖြစ်ပါတယ်။ အယ်ဂျာဇီးရာကို ကာတာအစိုးရက ငွေထောက်ပေးထားတာပါ။ ငွေအလွန်သုံးနိုင်လို့ ဘီဘီစီ၊ စီအင်အင်စတဲ့ နာမည်ကြီး မီဒီယာတွေက ဝါရင့် သတင်းသမားတွေကို လခပိုပေးပြီးသုံးနေတာဖြစ်တယ်။

ကာတာနိုင်ငံကနေ အစ္စလာမ်မစ် စစ်သွေးကြွတွေကို ထောက်ပံ့ပေးနေတာထင်ရှားတွေ့ရလို့ဖြစ်ပါတယ်။ ယီမင်နိုင်ငံမှာ တိုက်နေတဲ့ အာရပ်ညွန့်ပေါင်းစစ်ဆင်ရေးထဲက ကာတာတပ်ဖွဲ့တွေရုပ်သိမ်းတော့မယ်လို့ ဆောဒီနိုင်ငံက ပြောပါတယ်။ အဲဒီလေးနိုင်ငံက သံတမန်အဆက်အသွယ်သာမက လေကြောင်းနဲ့ လေကြောင်းဆက်သွယ်ရေးတွေကိုပါ ဖြတ်တောက်မှာ ဖြစ်ပါတယ်။ ကာတာလေကြောင်းလိုင်းဟာ နိုင်ငံတကာလေယာဉ်ခရီးတွေ အများကြီးတိုးချဲ့ထားတာပါ။ ကျွန်တော် ဒေလီကနေ ရှီကာဂိုကိုလာတော့ ကာတာလေကြောင့်းစီးခဲ့ရတယ်။

အဲလိုအာရပ်နိုင်ငံတွေက ဆန်ရှင်ဒဏ်ခံနေရလို့ ကာတာကို အီရန်နဲ့ တူရကီနိုင်ငံတွေကနေ အစားအသောက်နဲ့ ကုန်ပစ္စည်းတွေ ပို့ပေးနေရတယ်။ အာရတ်လေးနိုင်ငံက အဲဒီ ၂ နိုင်ငံနဲ့ဆက်ဆံရေးကိုပါလျှော့ချဘို့တောင်းဆိုတယ်။

ကာတာဟာ ၂ဝ၁၄ တုန်းကလည်း သံတမန်ဖိအား ၉ လကြာခံခဲ့ရသေးတယ်။ ကာတာက အကြမ်းဖက်အဖွဲ့တွေကို ငွေထောက်ပံ့ပေးနေတာ မဟုတ်ကြောင်းငြင်းပေမယ့် ပြီးခဲ့တဲ့ဧပြီလထဲမှာ ကာတာတော်ဝင်မိသားစုဝင် ၂၆ ယောက် ပြန်ပေးဆွဲခံရလို့ ဆီးရီးယားအခြေစိုက် အယ်လ်ကိုင်ဒါအဖွဲ့နဲ့ အီရန်လုံခြုံရေးအဖွဲ့ကို ငွေ ၁ ဘီလီယန်ပေးရွေးခဲ့တာရှိတယ်။ ပြန်ပေးဆွဲတာက အီရန်အစိုးရကနေထောက်ကူနေတဲ့ အီရတ်ကီရှီယာအဖွဲ့ဖြစ်တယ်။

နိုင်းအလဲဗင်းခေါ်တဲ့ နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အဆောက်အဦးကြီးနှစ်ခုကို လေယာဉ်ပျံတွေနဲ့ တိုက်ပြီးဖျက်ဆီးခဲ့စဉ်က လေယာဉ်မောင်းသူ ၁၉ ယောက်ထဲမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံသား ၁၅ ယောက်ပါတယ်လို့ ဝီကီလိခ်သတင်းအရသိရတယ်။ ဆောဒီကလူအနည်းငယ်ကလည်း အကြမ်းဖက်မှုကို ထောက်ကူနေတာရဲ့ သက်သေတခု ဖြစ်တယ်။ အစိုးရကိုယ်တိုင်က အကြမ်းဖက်အုပ်စုတွေကို ကူညီနေတာကတော့ ကာတာနိုင်ငံဖြစ်တယ်။ မကြာသေးခင်က အမေရိကန်သမတ ဒေါ်နယ်ထရမ့် ဆော်ဒီအာရေးဗီးယားကိုသွားခဲ့တယ်။ နှစ်နိုင်ငံပူးတွဲပြီး အကြမ်းဖက်မှုဘဏ္ဍာငွေ ထောက်ပံမှု တားဆီးရေး ဒေသတွင်းဗဟိုဌာနတခုဖွင့်ကြောင်း ဆောဒီကကြေညာတယ်။ အမေရိကန်က အဲလောက်အထိ လုပ်တာနဲ့ မကျေနပ်သေးပါ။

ကာတာဟာ ကမ္ဘာ့အကြီးဆုံး သဘာဝဓါတ်ငွေ့သိုက်ကြီး ဆော့သ်ပါးစ်ကို အီရန်နဲ့ မျှဝေပိုင်ဆိုင်ထားပါတယ်။ LNG ဓါတ်ငွေ့ အများဆုံးတင်ပို့နေတဲ့နိုင်ငံဖြစ်တယ်။ ၂ဝ၂၂ ဖီဖါ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်ရအောင် လာဘ်ထိုးခဲ့တယ်ဆိုတဲ့သတင်းလည်း ထွက်ထားတယ်။ အလွန်ချမ်းသာတယ်။ ဒါပေမယ့် ၂ ဘီလီယန်ကျော်ချမ်းသာသူရှိသလို တလမှာ ဒေါ်လာ ၃၅ဝ သာ ရတဲ့သူတွေလည်းရှိတယ်။

ကာတာနိုင်ငံမှာလူဦးရေ ၂့၅ သန်းရှိတာ၊ အမျိုးသမီးဦးရေက ၇ သိန်းမပြည့်ဘူး။ အဲလိုလူဦးရေအချိုးမမျှမှုဟာ တခြားနိုင်ငံတွေက အလုပ်သမားယောက်ျားတွေများလာလို့ဖြစ်တယ်။ ကမ္ဘာ့ဖလားဘောလုံးပွဲပြင်ဆင်မှုတွေအတွက် အလုပ်သမားတွေသွင်းနေတယ်။ အိန္ဒိယနဲ့နီပေါနိုင်ငံကလာကြတာများလို့ ဟင်ဒူဘာသာဝင်တွေက မွတ်ဆလင်နဲ့ ခရစ်ယာန်ပြီးရင် တတိယအကြီးဆုံးအုပ်စုဖြစ်တယ်။

ဆန်ရှင်ခေါ် ဒဏ်ခတ်အရေးယူမှုဟာ မြန်မာနိုင်ငံနဲ့ ရင်းနှီးပါတယ်။ စစ်အစိုးရလက်ထက်မှာ တလျှောက်လုံးခံခဲ့ရတယ်။ ယူအက်စ်နဲ့ ဥရောပနိုင်ငံတွေသာမကပါ ကနေဒါ၊ သြစတေးလျနဲ့ ဂျပန်အထိပါတယ်။ ကုလသမဂ္ဂအထိ မပါနိုင်အောင် တရုပ်နဲ့ရုရှားက စစ်အစိုးရဘက်ကနေ ကာပေးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းဆီးထာတာ၊ လူ့အခွင့်အရေးတွေ ပြောင်ပြောင်တင်းတင်း ချိုးဖေါက်တာ၊ ကလေးစစ်သားအသုံးပြုတာ၊ လုပ်အားအခမဲ့ စေခိုင်းတာတွေကြောင့် ဒဏ်ခတ်ပို့ဆို့အရေးယူခဲ့တာဖြစ်တယ်။

ဆန်ရှင်ကို ထိရောက်တယ်၊ မထိရောက်ဘူး စသဖြင့် ငြင်းကြတယ်။ ဒေါ်စုကပဲ ဆန်ရှင်တောင်းသလို မုသားပြောကြတယ်။ ကျွန်တော်က ဆန်ရှင်လုပ်သင့်တဲ့ဘက်ကနေ ခံငြင်းခဲ့တယ်။ ဘာ့ကြောင့်ချမှတ်သလဲဆိုတာတွေမရှိတော့ ဆန်ရှင်တွေ ရုပ်သိမ်းသွားတယ်။ ဆုံးမတာနားမထောင်တဲ့ကလေးကို မိဘတွေက ထိုင်ထလုပ်ခိုင်းသလို၊ ခိုင်းတာမလုပ်လို့ ဆရာတော်က ကိုရင်တွေကို သဲဒဏ်၊ ရေဒဏ်ချသလိုပါပဲ။ ဆန်ရှင်ကိုပြစ်တင်သူတွေ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ နေရာတွေရကြတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၆-၂ဝ၁၇
ညနေ ၇ နာရီ၊ ၄၁ မိနစ်။

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး