Majority Rule ဘာတွေ များနေသလဲ

မင်္ဂလာပါဆရာ၊ ဆေးပညာနဲ့မဆိုင်တဲ့ကျွန်တော်သိချင်တာလေးတခု မေးခွင့်ပြုပါ။ ကျွန်တော်တို့တိုင်းပြည်မှာ လူတော်တွေ အများကြီးရှိဖူးတယ်လို့ ကြားဖူးပါတယ်။ ခေတ်အဆက်ဆက်ရှိလာတာ ယနေ့အထိပါ။ လူကောင်းတွေလည်း အများကြီး ရှိပါတယ်။ ဒါပေမဲ့ သူများနိင်ငံနှင့်နှိုင်းယှဉ်လျှင်ဘာကြောင့်တိုးတက်မှု နှေးကွေးရတာလဲ။ ရှိနေတဲ့လူတော်တွေက မကောင်းလို့လား။ ကောင်းနေတဲ့လူတွေက မတော်လို့လား။ လူတော်လူကောင်းနှင့် လူကောင်းလူတော် ဘယ်အသုံးအနှုန်းက ပိုပြီးသင့်တော်ပါသလဲခင်ဗျ။

တိုင်းပြည်တိုးတက်မှုအကြောင်းတော့ ဒီစာမှာ မရေးလိုပါ။

လူတော်လူကောင်း၊ လူချွန်လူကောင်းလို့ ဟိုအရင်ကတည်းက ရေးသား ပြောဆို သီကုံးခဲ့ပါတယ်။ ဗိုလ်ချုပ်နေဝင်းကနေ လူကောင်းလူတော်လို့ပြင်စေတယ်။ ကောင်းတဲ့သူ တော်အောင်လုပ်လို့ရတယ်ဆိုတဲ့သဘောနဲ့ ပြောတာလို့ထင်တယ်။ လက်တွေ့မှာတော့ မဆလပါတီဝင်ဆိုရင် ကောင်းတယ်။ တင်းပြည့်ပါတီဝင်က ပိုကောင်းတယ်။ ဗဟိုကော်မတီဝင်က အကောင်းဆုံး။ ပါတီဥက္ကဋ္ဌကြီးကတော့ နံပတ်ဝမ်း။ တိုင်းပြည်ကတော့ အယ်လ်ဒီစီ။ ၂၆ နှစ်ကြိုးစားခဲ့တဲ့ရလဒ်ဖြစ်တယ်။

အဲတာကိုကြည့်ရင် တိုင်းပြည်ရဲ့တိုးတက်မှုကိုပါ ဆက်စဉ်းစားလို့ရနိုင်တယ်။ မဆလ ဗဟိုကော်မတီဝင်တွေက နာမည် ပြောင်းပြီး ပါတီသစ်တခု ထူထောင်ထားတယ်။ သူတို့လည်း ဒိအရင်က ၂၂ နှစ်ကြိုးစားခဲ့တယ်။ တိုင်းပြည်က အယ်လ်ဒီစီ။

ဗိုလ်ချုပ်နေဝင်းလက်ထက်မှာ ပါတီပေတံနဲ့ တော်တာကောင်းတာကို တိုင်းတယ်။ စစ်အစိုးရမှာ ယူနီဖေါင်း အဝတ်အစားနဲ့ အကဲဖြတ်တယ်။ ပြီးခဲ့တဲ့ ငါးနှစ်မှာ ယူနီဖေါင်းချွတ်တာကိုပါ ထည့်သွင်းသတ်မှတ်တယ်။ အခုအစိုးရကို ပြောဘို့ရာ အလွန့်အလွန် စောသေးတယ်။

စိတ်ကောင်းစေတနာရှိသူတွေကတော့ ခေတ်တိုင်းမှာရှိတယ်။ လူရာတော့ မဝင်ကြပါ။ ပညာဆိုတာ ကုလားထိုင် ဖြစ်နေတယ်။ လစာရနေသူပြောတာကသာ အမှန်တဲ့။ ကုလားထိုင်ကလည်း အဆင့်ဆင့်။

ဒေါက်တာတင့်ဆွေ
၂၂-၆-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး