Diseases from a Toilet ရေအိမ်သာမှာ ဘာသတိထားရမလဲ

ဆရာ မင်္ဂလာပါရှင့် ကျွန်မစိတ်ထဲမှာ ထင့်နေတာလေး မေးခွင့်ပြုပါဆရာ။ ကျွန်မအသက် (၂၈) ပါ။ ကုမ္ပဏီဝန်ထမ်း တဦးပါ။ ကျွန်မအခုမေးချင်တာက အိမ်သာသုံးစွဲမှုကနေ ဖြစ်လာနိုင်တဲ့ ရောဂါတွေပါဆရာ။ ကျွန်မတို့နိုင်ငံမှာ အများပိုင်နေရာ Supermarket တို့လိုနေရာမျိုးမှာတော့ အိမ်သာကို ကျား/မ ခွဲခြားထားပါတယ်။ အလုပ်နဲ့ ကုမ္ပဏီတော်တော်များများမှာတော့ ကျား/မ ရောသုံးစွဲကြတာများတယ်ဆရာ။ ဘိုထိုင်အိမ်သာဆိုတော့ (မရိုသေစကား) အမျိုးသားတွေ အိမ်သာက ထွက်လာပြီးရင် ဆီးစက်တွေကို အိမ်သာခုံပေါ်မှာ တွေ့ရတယ်ဆရာ။ တချို့အမျိုးသမီးတွေ ထွက်လာပြီးရင်လည်း တွေ့ရပါတယ်။ အိမ်သာတူတူသုံးစွဲရာကနေ ဘယ်လိုရောဂါပိုးဝင်ရောက်နိုင်လဲဆိုတာ မေးပါရစေရှင့်။ ရှောင်ရန် ဆောင်ရန်ရောပါဆရာ။ ရုံးမှာ အမျိုးသား ၅၀နဲ့ အမျိုးသမီး ၁၀၀ ၀န်းကျင်ရှိပါတယ်။ အိမ်သာက ၃ လုံးပဲရှိပါတယ်။ ကျား/မ မခွဲထားပါ။ ကျေးဇူးတင်ပါတယ်ဆရာ။

ချရေးရရင်တော့ စာရင်းကရှည်မယ်။ ခြောက်သလိုလည်းဖြစ်အုန်းမယ်။ အမျိုးသမီးတွေ ဆီးလမ်းမှ အပြင်က (အောက်က) နေ ဆီးအိမ်ထဲအထိ ပိုးဝင်လို့ ဆီးအောင့်တာနဲ့ အဖြူဆင်းတာ ကူးစက်ခံရနိုင်တယ်။ လိင်ကတဆင့်ကူးစက်ရောဂါတွေ ကတော့ သီအိုရီအရသာ မဖြစ်ဘူးမပြောနိုင်ပါ။ အဲတာကြောင့် အမျိုးသမီးတွေ တကိုယ်ရေသန့်ရှင်းရေးလုပ်နည်း စာတပုဒ် ရေးထားပါတယ်။

နယူးယောက်တိုင်းမ်သတင်းစာမှာ မနှစ်ကဇွန်လထဲမှာ မေးတာကိုဖြေထားတယ်။ ၁၉၉၁ ခု ဗြိတိသျှမှာ သားဖွါးမီးယပ် ဆေးခန်းတခုကိုလာပြကြတဲ့ အမျိုးသမီးပေါင်း ၅၂၈ ယောက်ကို ဆာဗေးလုပ်တော့ ဆီးသွားမှာကို ထိုင်စရာမှာ ၁၂% ကသာ ထိုင်စရာကို အခင်းစက္ကူနဲ့ကျကျခင်းပြီးမှထိုင်တယ်လို့ဖြေပါတယ်။ သိပ်တော့ စိုးရိမ်စရာမများလှပါ။ လိင်ကတဆင့် ကူးစက်ရောဂါဟာ အိမ်သာကနေရလာတာလို့ပြောနိုင်တာ မရှိသေးပါ။ အဲလိုပိုးတွေက လူ့ကိုယ်ထဲမှာသာ ပျော်ကြတယ်။ ရေအိမ်သာလို အေးပြီး မာတာမျိုးမှာကြာကြာမရှင်နိုင်ကြပါ။ တခြား E. coli, shigella နဲ့ streptococcus ပိုးတွေကတော့ ရှိနိုင်တယ်။ Hand sanitizer လက်ဆေးရည်နဲ့ Antiseptic wipes ပိုးသေဆေးပါစက္ကူ သုံးနိုင်ပါတယ်။ အနာအဆာရှိသူကတော့ ပိုသတိထားရမယ်။

အညစ်အကြေးကနေ ပါးစပ်ထဲကို တနည်းနည်းနဲ့ ရောက်နိုင်တယ်။ ယင်ကောင်ကတဆင့်လည်း ဝင်တယ်။ Fecal–oral transmission (စအို + ပါးစပ်) လမ်းကနေ ဝမ်းလျော၊ ဝမ်းကိုက်၊ တိုက်ဖွိုက်၊ သူငယ်နာအကြောသေ၊ အသည်းရောင်အေ၊ သန်ကောင်စတာတွေ ကူးစက်နိုင်တယ်။ ပိုးနာမည်တွေကတော့ Adenovirus, Campylobacter, Coxsackievirus (hand-foot-mouth disease), Enteroviruses, E. coli, Giardia, Hepatitis A, Pinworms, Polio, Rotavirus Salmonella, Shigella, Worms နဲ့ Toxoplasmosis တွေဖြစ်တယ်။

အသည်းရောင်ရောဂါများ၏ ကူးစက်ပုံများ၊
• (A) နှင့် (E) တို့သည် (စအို) မှ ထွက်၍ (ပါးစပ်) သို့ ဝင်သည့် လမ်းကြောင်းက ကူးစက်သည်။
• (B) သည် အတူနေခြင်း၊ လိင်လမ်းကြောင်း၊ သွေး၊ ဆေးထိုးအပ်၊ ကလေးအား မိခင်တို့မှတဆင့် ကူးသည်။
• (C) သည် ဆေးထိုးအပ်မှ ကူးသည်ကများသည်။
• (D) သည် ထိတွေ့ခြင်းနှင့် ဆေးထိုးအပ်တို့မှ ကူးသည်။ (B) ရှိနေလျှင် ဖြစ်တတ်သည်။

လူတွေမှာ အနံ့ကို လက်ခံနိုင်တာနဲ့ မကြိုက်တာ အတော်မတူကြပါ။ တချို့က အနံနည်းနည်းရတာကို သတိထားမိတယ်။ တချို့ကဖါသိဖါသာနိုင်တယ်။ ဆေးလိပ်သောက်တဲ့သူတွေက တော်တော်တန်တန်အနံကို ဂရုမထားကြပါ။
အနံ့ထဲမှာပါတဲ့ ဓါတ်တွေကနေ ကျန်းမာရေးကိုသက်ရောက်စေနိုင်တယ်။ ဘာမှမဖြစ်တာ၊ မခံနိုင်တာ၊ ဆိုးတာအထိ ဖြစ်နိုင်တယ်။ အသက်ရှူလမ်းကိုထိခိုက်စေနိုင်တယ်။ ချောင်းဆိုး၊ အသက်ရှူကြပ်၊ ပျို့အန်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ မိုင်ဂရင်းရောဂါနဲ့ စိတ်ဖိအားများ။ ဆေးသုတေသနလုပ်ရတာမလွယ်ပါ။ မီးဖိုကညှော်ကို မေးကြတယ်။ အထောက်အထားပါတဲ့အဖြေ မပေးနိုင်သေးပါ။

ဆီးနံ့ရစေတဲ့အကြောင်းတရားတွေရှိတယ်။ ဆီးအိမ်ရောင်ခြင်း၊ ရေဓါတ်နည်းခြင်း၊ ဆီးချိုရောဂါ၊ ဆီးထဲ (ကီတုန်း) ဓါတ်တွေပါခြင်း၊ ယောက်ျားဆီးကျိတ်ရောင်ခြင်း၊ ဆီးလမ်းပိုးဝင်ခြင်း၊ မွေးလမ်းပိုးဝင်ခြင်း၊ Amoxicillin, Ampicillin, Ciprofloxacin, Nitrofurantoin, Norfloxacin, Ofloxacin, Sulfamethoxazole and trimethoprim, Trimethoprim, Trovafloxacin ဆေးတွေကြောင့် ဆီးနံ့ပြောင်းခြင်း၊ အစားအသောက်၊ အသည်းအလုပ်မလုပ်၊ မေပယ်လ်ဖျော်ရည် ဆီးရောဂါ၊ စအို-ဆီးလမ်းပြွန်ဖြစ်ခြင်းတွေရစေနိုင်တယ်။

အခုစာပါသတိထားစရာတွေက ရေအိမ်သာမှသာမဟုတ်ပါ။ အများသုံးနေရာတွေမှာပါလိုတယ်။ ဥပမာ ကား၊ ဘတ်စကား၊ တည်းခိုခန်း၊ ဟော်တယ်၊ အားကစားရုံတွေနဲ့ Gym တွေ။

ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၆
၂၁-၆-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး