ရေမရှိတဲ့ချောင်းထဲက မြန်မာစာ

မြန်မာစာအရေးအသား စံထားထိုက်သူတွေထဲမှာ သိပ္ပံမောင်ဝလည်းပါတယ်။ ကျွန်တော်တို့ခေတ်က ဆယ်တန်းမှာ သူ့စာတွေပြဋ္ဌာန်းတယ်။ သူ့စာတွေကို ခေတ်စမ်းစာလို့ သတ်မှတ်တယ်။ ခေတ်စမ်းဆိုတာ ခေတ်မီတာ၊ ဆန်းသစ်တာ။ ခေတ်တိုင်းမှာ လူတိုင်းက ခေတ်မီချင်ကြပါတယ်။ စကားမပီကလာနဲ့ သတ်ပုံမှားရေးတာကို ခေတ်မီတယ်ထင်နေတာ သွက်သွက်ခါအောင် မှားတယ်။

မြန်မာစာကိုဝါသနာပါလို့ စာကောင်းပေကောင်းတွေကို စာအုပ်တိုက်တွေကလည်း ပြန်ထုတ်ပေးကြတယ်။ အင်တာနက်မှာလည်း တင်ပေးကြတယ်။ ကျေးဇူးတော့တင်ပါတယ်။ အဲဒီနှစ်မျိုးလုံးမှာ အမှားတွေနဲ့ အလွဲတွေပါနေတယ်။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၄) မှာ သိပ္ပံမောင်ဝအကြောင်းပါတယ်။ အဲတာကို ရေးသားသူတွေဟာ ဦးဝန်နှင့် ဦးသိန်းဟန်တို့ ဖြစ်ကြပါတယ်။ ဦးဝန်ဆိုတာ မင်းသုဝဏ်နဲ့ ဦးသိန်းဟန်ဆိုတာ ဇော်ဂျီဖြစ်ပါတယ်။

(စ) သင်္ကြန်တွင်းက ရွှေဘိုမှာ ပူလွန်းအိုက်လွန်းတာနဲ့ ကျောက်မြောင်းမှာသွားနေတယ်။ ကျောက်မြောင်းအကြောင်း ဆောင်းပါးတစာင် (တစ်စောင် မဟုတ်) ရလိုက်လေရဲ့။ ၂၈-၄-၃၈ နေ့က ရွှေကျင်ဂိုဏ်းကြီးကို စတင်တည်ထောင်တဲ့ ရွှေကျင်ဆရာတော်ဘုရားကြီးရဲ့ မွေးဖွါးရာရွှေကျင်ရွာလေးသို့ရောက်သွားတယ်။ ရွှေကျင်အကြောင်း ဆောင်းပါးလေး တစောင် (တစ်စောင် မဟုတ်) ကိုရလိုက်ပါရဲ့။

မောင်မြသွင်တို့ ရေးတုန်းအခါကတော့ တနင်္ဂနွေတပတ် (တစ်ပတ် မဟုတ်) လျှင် နှစ်စောင်ကျရေးခဲ့ပေတယ်။ မောင်ဝတို့ကတော့ တလ (တစ်လ မဟုတ်) မှ နှစ်စောင်ကျရေးခဲ့ပေတယ်။ မောင်မြသွင်တို့နဲ့မကွာလား (၁-၈-၁၉၃၃)
ဆယ်တန်းသားတွေ စာပေအရေးအသားဖျင်းတာကတော့ မပြောပါနဲ့တော့။ ဆရာတွေကိုကမှ နေရာမကျဘဲဟာကလား။ ဆယ်တန်းမှာ သင်ကြားပြသနေကြတဲ့ မြန်မာစာဆရာတွေအထဲက ကျောင်းသုံးစာအုပ်အပြင် အခြားအလွတ်စာအုပ်ကို ဘတ်ဘူးကြတဲ့လူ ဘယ်နှစ်ယောက်ရှိသလည်းလို့ စစ်ဆေးကြည့်ပါအုန်း။ ကျောင်းသုံးစာအုပ်ကိုပင် ဟုတ္တိပတ္တိမဘတ်ပါဘဲ ရေးသားထုတ်ဝေထားတဲ့ ဋီကာတွေ၊ အဘွင့်တွေကိုသာ လက်ကိုင်ထားပြီး သင်ကြားပြသနေသည်သာများလေသည်။ အချို့မြန်မာဆရာတို့ကား ကျောင်းသားမျှလောက်မျှ မြန်မာစာမတတ်ကြ။ (၂၈-၆-၁၉၃၆)

မောင်မြသွင်အား ဗုဒ္ဓဘာသာအသင်းအကြောင်းရေးပါဟု တိုက်တွန်းလိုက်ပါသည်။ သို့သော် များစွာရေးချင်ပုံမပေါ်။ သူက စာပေဝေဘန်သူသက်သက်ဖြစ်လေသည်။ Critic ဆိုပါတော့။ မောင်ဝကလည်း Novelist ဝတ္ထုဆရာ။ တင်မောင်မြင့်ကတော့ Essayists လမ်းညွှန်ဆရာ။ သူ့နေရာနှင့်သူ့နေရာကိုး။ (၁-၈-၁၉၃၃)

မောင်မြသွင်၏ဆောင်းပါးတွင် အမှားပြင်လိုက်သည့်အတွက် သာ၍ဝမ်းမြောက်ပါ၏။ ကျွန်ုပ်တို့ကား သူတကာကဲ့သို့ အမှားပြင်ခြင်းကို မကြိုက်သူမဟုတ်။ (၂၇-၆-၁၉၃၃)

အမှားကိုဘော်ပြလိုက်တဲ့အတွက် ကျေးဇူးတင်တယ်ဗျာ။ မောင်ဝဆိုတဲ့မောင်ဝကတော့ သတ်ပုံကျရင်ဖြင့် ဖြစ်ကတတ်ဆန်းဘဲ။ ရေးချင်သလိုရေးတော့တာဘဲ။ သည်နေရာမှာ ဦးဇော်ဂျီတို့ မင်းသုဝဏ်တို့ကာ သာသဗျ။့ ဒါကြောင့်မို့ အခုတော့ဖြင့် ကဝိမျက်မှန်သတ်ပုံစာအုပ်ကြီးကို အမြဲလက်ကိုင်ထားတယ်။ ဒါတောင် တခါတခါ (တစ်ခါတစ်ခါ မဟုတ်ပါ) အမှားတွေဖေါက်ဖေါက်လာတယ်။့ (၁၁-၁ဝ-၁၉၃၇) (ဆုံး)

ကျွန်တော့်အမြင်
တချို့က သတ်ပုံစာအုပ်အသစ်တွေကိုပဲ ကိုင်ပြောကြတယ်။ မမြင်ဘူး မူးမြစ်ထင်ဆိုသလိုပါပဲ။ ကျွန်တော်တို့မြန်မာစာ ရေမရှိတဲ့ချောင်းထဲ နှာခေါင်းနှစ်နေရတယ်။ နောက်ပေါ်ဆရာတချို့ကလည်း သူတို့ထင်ရာ စွတ်စွတ်ပြောနေကြတယ်။ ရှိနေတဲ့ရေလေး ခပ်ထုတ်နေသလိုပဲ။

ဒေါက်တာတင့်ဆွေ
၂ဝ-၆-၂ဝ၁၆
၂ဝ-၆-၂ဝ၁၇

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး