After Surgery ခွဲစိတ်ထားပြီးသူ

၁။ ဆရာ ကျမအသက် ၃၀ပါ။ ဗိုက်ခွဲကလေးမွေးထားတာ ၂လရှိပါပြီ။ ဗိုက်ခွဲချုပ်ရိုးပြန်ပွင့်တဲ့အကြောင်းသိချင်လို့ပါဆရာ။ ဆောင်ရန်ရှောင်ရန်လေးတွေ ဘယ်လိုအခြေအနေမှာပြန်ကွဲနိုင်သလဲ ဖြစ်ရင်ဘယ်လိုသိနိုင်လဲ အချိန်ဘယ်လောက် ကြာရင် စိတ်ချရပြီလဲ အလေးအပင်ဘယ်လောက်မနိုင်လဲ ဗိုက်အဆီပေါင်အဆီကျတဲ့ လေ့ကျင့်ခန်းလေးတွေ ဘယ်တော့လောက် လုပ်လို့ရပြီလဲ သိချင်လို့ပါဆရာ။ အမှားပါရင်ခွင့်လွတ်ပါ လေးစားပါတယ်ဆရာ။

၂။ ဆရာရှင့် သမီးက ကလေးမွေးထားတာ ၂ လခွဲရှိပါပြီ။ ခွဲမွေးတာပါရှင့်။ သားသားက နည်းနည်းထွားပြီး weight က ၂ လပြည့်တုန်းကတင် 5.3 kg ရှိပါတယ်။ Breast feeding only ပါ။ ချီထားရရင် ချုပ်ရိုးက နည်းနည်း နာပါတယ်ရှင့်။ ကိုယ်ခွဲမရှိတော့လည်း ချီနေရပါတယ်။ ဘယ်လိုအစားအသောက်တွေစားရမလဲ၊ ရှောင်ရမလဲ ပြောပြပေးစေချင်ပါတယ်ရှင့်။ ပြီးတော့ သမီး exercise လုပ်ချင်တာ ဘယ်တော့လောက်လုပ်လို့ရမှာပါလဲရှင့်။ အချိန်ရရင် ဖြေကြားပေးစေလိုပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင့်။

၃။ ဆရာရှင့် ကျွန်မ အသက် ၃၅နှစ်ပါ။ သားဦးကိုယ်ဝန်ကို ခွဲမွေးထားပါတယ်ဆရာ။ မွေးပြီးတာ ၃ လခွဲရှိပါပြီ။ မနေ့က ဗလာစာအုပ် ၂ ဒါဇင်ထုပ်တွေကို မမိပါတယ်။ ထိုင်ရက် ရွှေ့မိတာမျိုး ထိုင်ရာက ထရာအချိန်မျိုးတွေမှာ တဆစ်ဆစ်နာလို့ အတွင်းချုပ်ရိုးတခုခုဖြစ်သလားကြောက်မိပါတယ်။ အဲ့ဒါကြောင့် ခွဲစိတ်ထားသူဟာ ဒဏ်ရာကို အချိန်ဘယ်လောက်ထိ ဘယ်လိုစောင့်ရှောက်ရတယ်ဆိုတာ သိပါရစေဆရာရှင့်။ ပြီးတော့ ခွဲစိပ်ထားတဲ့နေရာ အပေါ်ကစမ်းရင် အကျိတ်တွေလို အမြောင်းလိုက် စမ်းမိနေတာနှင့် ဒဏ်ရာဝန်းကျင်မှာထုံပြီး အနည်းငယ်နာတာဟာ ပုံမှန်ပဲလားဆိုတာ သိပါရစေရှင့်။

၎။ တရက်ကို အိပ်ထမတင် အခါ ၂ဝဝ နေ့တိုင်းလုပ်ပါတယ်။ ကိုယ်ဝန်စရကတည်းက နားထားတာ ခုကလေး ၆ လ ပြည့်ပါပြီ။ ဗိုက်ခွဲမွေးတာပါ။ အိပ်ထမတင်ပြန်လုပ်လို့ရပြီလားရှင့်။

၅။ ကျွန်မက ၃၃ နှစ်ပါ။ ၃ နှစ်အရွယ်သမီးတယောက် ရှိပါတယ်။ အိမ်ထောင်သက်က ၅ နှစ်ရှိပါပြီ။့ ရက်နေ့က ရေအိတ်ရယ် အူအတက်ရယ်ထုတ်ထားပါတယ်။ ရေအိတ်က သားဥပြွန်မှာပါ ဆေးရုံကနေ တပတ်နေ ဆင်းရပါတယ်။  တပတ်တခါပြန်ပြရပါတယ်။ ၁ နှစ်အတွင်းကိုယ်ဝန်ဆောင်လို့မရပါ၊ အလေးအပင် မမနဲ့ အညှော်မခံနဲ့ မှာထားပါတယ်။ ချုပ်ရိုးကိုဆေးနေ့တိုင်းထည့်ပါတယ်။ အပေါ်ယံက အနာကျက်နေပါပြီ။ ကလေးချီရင် ချုပ်ရိုးက နာပါတယ်။ တခါတရံ အထဲကနာပါတယ်။ အပေါ်ယံကအနာ လုံးဝကျက်ပါပြီ။ သူများတွေကပြောလို့ပါ၊ အတွင်းချုပ်ရိုး မကျက်ရင် ဗိုက်ပြန်ဖွင့်ရတယ်၊ ပြန်ချုပ်ရတယ်၊ အလေးအပင်မရင် သားအိမ်ကျတယ်၊ ဗိုက်ခွဲပြီး ၆ လလောက်နေမှ အထဲက ချုပ်ရိုးကျက်တယ် ပြောကြလို့ စိတ်ပူလို့ပါ။ အိမ်အလုပ်တဘက် ကလေးတဘက်နဲ့ လူခွဲလုံးဝမရှိပါဘူး။ ရေအိတ်တည်တာ ဟော်မုန်း အပြောင်းအလဲကြောင့်လို့ ပြောပါတယ်။ တားဆေးမသုံးသင့်ဘူးပြောလို့ ယခု ကွန်ဒွမ် သုံးပါတယ်။ ရေအိတ်က ပြန်ဖြစ်တတ်ပါသလား။ တားဆေးတွေကြောင့် ဟော်မုန်းအပြောင်းအလဲဖြစ်ပြီး ရေအိတ် သွေးလုံး အသားလုံး ဖြစ်တတ်တယ်ပြောတာဟုတ်ပါသလား။ သမီးလေးကိုရိုးရိုးမွေးတာပါ။ ဗိုက်ခွဲပြီးကြောက်နေလို့ပါ။ ဆောင်ရန်ရှောင်ရန် လေးသိပါရစေရှင့်။

၆။ ဆရာရှင့် ဗိုက်ခွဲပြီး ကလေးမွေးထားတဲ့ အမျိုးသမီး တယောက်အနေနဲ့ ဘယ်အချိန်လောက်မှာ လေ့ကျင့်ခန်း စလုပ်နိုင်ပါသလဲ။ ဝိတ်ချတာဘယ်လိုနည်းနဲ့ချနိုင်ပါမလဲ။ အခု ဒုတိယကလေးကို ခွဲမွေးတာ အတွင်းအနာက အခု ၂ လခွဲအထိ သိပ်မကျက်ချင်ဘူး ဖြစ်နေတယ်။ စမ်းမိရင်နာနေတုန်းပါပဲ။ အတွင်းချုပ်ရိုးက အနားစပ်မှာ လုံးလုံးလေး ဖြစ်နေတယ်။ ပြဿနာများရှိနိုင်မလား ဆရာ။ သားဦးတုန်းကတော့ ဘာမှမနာခဲ့သလိုပါပဲ။ သူငယ်ချင်းလဲ သူ့ ဒုတိယကလေး ၂ နှစ်ကျော်တာတောင် နာနေတုန်းလို့ပြောပါတယ်။ ပြီးတော့ ဗိုက်ခွဲ ကလေးမွေးတဲ့အခါ ချုပ်ရိုး ၃ ခါ ချုပ်ရတယ်လို့ ကြားဖူးပါတယ်။ အသေးစိတ် ဖြေကြားပေးနိုင်မလားရှင့်။

၇။ ကျွန်မ အသက် ၂၈။ အိမ်ထောင်မရှိပါ။ ဗိုက်ခွဲပြီး သွေးရည်ကြည်အိတ် ခွဲထုတ်ထားတာပါဆရာ။ ခုခွဲထားတာ ၁ လ ရှိပါပြီဆရာ။ ဆိုင်ကယ်မောင်းလို့ရမရသိချင်လို့ပါဆရာ။ ၄၅ ရက်၊ ၁ လ၊ ၂ လ၊ ဘယ်ဟာမှန်လဲ သိချင်ပါတယ်ဆရာ။ ၃ လလောက်အလေးမ မရဘူးလို့လဲပြောပါတယ်ဆရာ တချို့ကျတော့ ၆လ လောက်မ မရဘူးလို့ပြောပါတယ်ဆရာ။ ညှော်ရှောင်ရမယ်ဆိုရင် ဘယ်လောက်ကြာကြာရှောင်ရမှာလဲ သိချင်လို့ပါဆရာ။ အငြင်းပွားနေရလို့ပါလို့ မှန်ကန်တဲ့အဖြေသိချင်လို့ပါဆရာ။

ဗိုက်ခွဲတာတိုင်းမှာ အရေပြား၊ အဆီ၊ ကြွက်သား၊ အရွတ်လွှာ၊ ဗိုက်ဖုံးလွှာဆိုပြီး၊ ၄ ထပ်၊ အဆင့်ဆင့် ခွဲရ၊ ချုပ်ရတယ်။ ကလေးဖွါးတာဆိုရင် သားအိမ်ကိုလဲ ၃ ထပ်ချုပ်ပေးရတယ်။ ချုပ်ရိုးဆိုတာ ကြာလေအသားကျလေဖြစ်တယ်။ တလခွဲနောက်မှာ လူကောင်းလိုပါဘဲ။ အိမ်အလုပ်တွေလဲ တဖြေးဖြေးချင်းပိုပိုလုပ်နိုင်ပါတယ်။ ချုပ်ရိုးမှာ လုံးလုံးလေးတွေ စမ်းတွေ့တာက စိုးရိမ်စရာမရှိပါ။ အရေပြားကိုချုပ်တဲ့ အပ်ခြည်၊ အောက်က အလွှာတွေကို ချုပ်တဲ့ အသားဖြစ်ချုပ်ကြိုး (ကက်ဂတ်) တွေက အမာရွတ်ဖြစ်စဉ်မှာ စုနေလို့သာဖြစ်ပါမယ်။ ကြာလေး အသားကျလေ ဖြစ်မယ်။ တကယ်လို့ နေရာတခုစီလောက်မှာ အနာလို ပန်းရောင်၊ အနီရောင်နေရာလေးတွေ ရှိရင်တော့ အထဲက ချုပ်ရိုးစလေး ထွက်ချင်လို့နေမယ်။ ထုတ်ပေးလိုက်ရင် ပျောက်သွားပါမယ်။

နာတာမှာ ခံစားမှု မတူတာရှိတယ်။ ဗိုက်ကို တခါမကခွဲရသူတွေဆိုရင် သတိထားစရာတခုရှိတယ်။ တခါခွဲတိုင်း တွယ်ကပ်ဖြစ်စဉ် ဖြစ်ကြရတယ်။ တွယ်ကပ်မှုကြောင့် နာတတ်တယ်။ Adhesion ခွဲစိတ်ရရင် တွယ်ကပ်မှု ဖြစ်တယ် စာတပုဒ်သပ်သပ် ရေးထားပါတယ်။ လိုအပ်ရင် စစ်ဆေးပြုပြင်ပေးမယ်။

ခွဲစိတ်မှုမှာ အသေးစားနဲ့ အကြီးစားရှိတယ်။ ဗိုက်ခွဲရရင်တော့ အကြီးစားထဲမှာပါမယ်။ မေ့ဆေးနဲ့ခွဲတာနဲ့ ခါးထုံဆေးနဲ့ ခွဲရတာတွေလဲ အကြီးစားလို့ ယေဘုယျ ပြောနိုင်တယ်။ အနာ၊ ဒဏ်ရာနဲ့ ခွဲစိတ်နာတွေက အပေါ်ယံအရေပြား ကျက်ဘို့ (၈) ရက်ထက်မစောင့်ရပါ။ ခေါင်းပိုင်းဆို (၅) ရက်သာကြတယ်။ ချုပ်ရိုးဖြေတဲ့ရက်တွေ ဖြစ်ပါတယ်။ အရိုးကျိုးထားတာက အချိန်ပိုယူပါမယ်။ အရေပြားအောက်က အဆီ၊ ကြွက်သားနဲ့ အင်္ဂါအစိတ်အပိုင်းတွေလဲ ရက်တူလောက်မှာ အနာကျက်ပါတယ်။ အကြမ်းဖျဉ်း နှစ်ပါတ် (၁၄ ရက်) ဆိုရင် အနာကောင်းကောင်းကျက်ပြီလို့ ပြောနိုင်တယ်။ ပိုးဝင်လို့ အနာရင်းတာ၊ ချုပ်ရိုးကြောင်းဟသွားတာ၊ ပွင့်သွားတာ မဟုတ်ရင်ပြောတာဖြစ်ပါတယ်။

ဗိုက်ကိုအကြီးစားခွဲစိတ်မှုလုပ်ပြီး ချုပ်ရိုးကြောင်းတခုလုံး ဟထွက်တာမျိုးက ရက်စေ့လို့ ချုပ်ရိုးဖြေတဲ့ရက်မှာဘဲ ဖြစ်တယ်။ ကျွန်တော့်ဆရာဝန်သက်တမ်းအတွင်း အနည်းဆုံး (၃) ယောက်လောက်တွေ့ရဘူးတယ်။ အဲလိုလူမျိုးကတော့ ပိုစောင့်ရမယ်။ ခွဲစိတ်ပြီးနောက် မေ့ဆေး၊ ထုံဆေးပျယ်တာနဲ့ လှုပ်ရှားမှုစနိုင်တယ်။ စလဲစသင့်တယ်။ (ဟာနီယာ) အူကျတာကို ခွဲစိတ်တာ၊ (ပလပ်စတ) ခွဲစိတ်တာစတဲ့ တချို့ ချွင်းချက်ကလွဲရင် ပြောတာဖြစ်ပါတယ်။ အသက်ကြီးသူတွေဆိုရင် ခြေထောက်လှုပ်ရှားမှုကို မဖြစ်မနေလုပ်စေတယ်။ လမ်းလျှောက်နိုင်တာလဲ ရက်မကြာပါ။

အညှော်ဆိုတာတော့ ဆေးသုတေသနမရှိပါ။ သားအိမ်ကျတာက မခွဲရတဲ့သူတွေမှာလဲ ဖြစ်တယ်။ ခွဲထားသူတိုင်း ဘယ်ရောဂါကိုခွဲခွဲ Incisional hernia ချုပ်ရိုးကျွံတာ တချို့မှာဖြစ်တယ်။ အတွင်းချုပ်ရိုးတနေရာ အားနည်းလို့ (ပြေသွားလို့) ဖြစ်တာပါ။ ချုပ်ရိုးကောင်းသူတွေ မဖြစ်ပါ။ နောက်ကလေးယူတာက ခွဲပြီးနောက် ကြာလေကောင်းလေးပါ။ သိပ်လဲစိုးရိမ်စရာမရှိပါ။

လေ့ကျင့်ခန်းလုပ်တာမျိုးအတွက် အနည်း-အများနဲ့ အပြင်း-အပျော့ကွာမယ်။ ဘာလုပ်လုပ် ဖြေးဖြေး၊ နည်းနည်းကနေ စသင့်တယ်။ ၄ ပါတ်ဆိုရင် မခွဲစိတ်ခင်ကလို လုပ်နိုင်ပါပြီ။ ခွဲထားတဲ့နေရာအတွက်သာ စောင့်ကြရတာဖြစ်ပါတယ်။ လက်ကို ခွဲထားသူက ဗယ်လီလေ့ကျင့်ခန်း လုပ်လို့ ရပါတယ်။

လေ့ကျင့်ခန်းနဲ့အတူ၊ အစားအသောက်နဲ့ လိုမဲ့ဆေးတွေလဲ ကူသင့်တယ်။ ဥပမာ မျှတလုံလောက်တဲ့ အာဟာရ စားသောက်ရမယ်။ (တရှူး) တွေ အသစ်ဖြစ်စေအောင် (ပရိုတင်း) ဓါတ် မနည်းစေရပါ။ ကြွက်သား အားကောင်းအောင် (ပိုတက်ဆီယမ်) အပိုဆောင်းလိုနိုင်တယ်။ ဗီတာမင် (စီ) လဲ ၅ဝဝ မီလီဂရမ် သောက်တာ ကောင်းပါတယ်။

အမျိုးသမီးတွေ တင်ပါးဆုံနေရာ၊ မွေးဖွါးလမ်းမှာ ခွဲစိတ်ရသူဆိုရင် (ကီဂယ်လ်) လေ့ကျင့်ခန်းလိုမျိုးကတော့ (၂) ပါတ် ထက်ပိုပြီး စောင့်စရာမလိုပါ။ သားအိမ်နဲ့ မွေးလမ်း၊ ဆီးလမ်းအားကောင်းစေဘို့လုပ်နည်းကို ဆိုလိုတာပါ။ စာတပုဒ် ရေးထားပါတယ်။

ဖတ်နိုင်တဲ့စာတွေ -
- After Surgery ခွဲစိတ်ထားပြီးသူ http://doctortintswe.blogspot.com/2014/12/after-surgery.html
- Surgical wound ခွဲစိတ်ဒဏ်ရာ http://doctortintswe.blogspot.com/2014/12/surgical-wound.html
- Exercise after giving birth ကလေးမွေးပြီး လေ့ကျင့်ခန်းလုပ်ခြင်း http://doctortintswe.blogspot.com/2015/12/exercise-after-giving-birth.html
- Exercise after Surgery ခွဲစိတ်ထားပြီးသူ လေ့ကျင့်ခန်းလုပ်ခြင်း http://doctortintswe.blogspot.com/2014/12/exercise-after-surgery.html
- Surgical Adhesion ခွဲစိတ်ရရင် တွယ်ကပ်မှုဖြစ်တယ် http://doctortintswe.blogspot.com/2014/11/surgical-adhesion.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး