National Day အမျိုးသားနေ့

တန်ဆောင်မုန်းလပြည့်ကျော် (၁ဝ) ရက်နေ့ဟာ အမျိုးသားနေ့ဖြစ်ပါတယ်။ ၂ဝ၁၆ ခုနှစ်မှာ နိုဝင်္ဘာလ (၂၄) ရက်နေ့ ဖြစ်တယ်။ ဗြိတိသျှကိုလိုနီအစိုးရရဲ့ နှိပ်ကွပ်မှုပေါင်းစုံထဲက ပညာရေးစနစ်ကို စတင်ဆန့်ကျင်ရာကနေ ဖြစ်ပေါ်လာတာပါ။ ၅- ၁၂-၁၉၂ဝ ရက်နေ့မှာ ဗြိတိသျှအစိုးရရဲ့ တက္ကသိုလ်ဥပဒေကို ကျောင်းသားတွေကနေ ကန့်ကွက်ပြီး ဆန္ဒပြခဲ့ကြတယ်။ မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းတွေဆီအထိ ကူးစက်ပျံ့နှံ့ပြီး၊ လူထုကပါ ထောက်ခံအားပေးလာခဲ့တယ်။

အမျိုးသားရေးစိတ်ဓာတ်လို့ဖြစ်လာစေခဲ့တယ်။ အမျိုးသားကျောင်းတွေ၊ အမျိုးသားကောလိပ်တွေ ဖွင့်ခဲ့ကြတယ်။ တိုင်းပြည်တခုမှာရှိအပ်တဲ့ အမျိုးသားနေ့ကို ဘယ်နေ့သတ်မှတ်မလဲ စဉ်းစားလာခဲ့ကြတယ်။ ၂၄-၁ဝ-၁၉၂၁ မန္တလေးမှာ ကျင်းပတဲ့ (၉) ကြိမ်မြောက် GCBA ညီလာခံကြီးမှာ အဲဒီ ၅-၁၂-၁၉၂ဝ ရက်ဖြစ်တဲ့ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁ဝ) ရက်နေ့ကို အမျိုးသားနေ့အဖြစ် ရွေးချယ်လိုက်တယ်။ အမျိုးသားနေ့ဟာ တိုင်းပြည်တခုလုံး လွတ်လပ်ရေးရလာအောင် ကြိုးပမ်းမှုကြီးတွေထဲက တခုဖြစ်တယ်။ မလွတ်လပ်သေးတဲ့ မြန်မာပြည်လူထု စစ်မှန်တဲ့အမျိုးသားစိတ်ဓါတ်ထွန်းကာပါစေ။ စစ်မှန်တဲ့လို့ ထည့်ရတဲ့ ဝေါဟာတိုင်းမှ အတုတွေပေါ်လာလို့ဖြစ်တယ်။

ကျွန်တော်တို့ အမျိုးသားနေ့နဲ့ တချို့နိုင်ငံတွေကနေ့တွေနဲ့မတူပါ။ တချို့က နိုင်ငံကို တည်ထောင်နိုင်ခဲ့တဲ့နေ့ကိုသာ မှတ်ယူကြပါတယ်။ အများအားဖြင့် လွတ်လပ်ရေးနေ့၊ လွတ်မြောက်မှု ရစေခဲ့တဲ့နေ့တွေ ဖြစ်ကြပါတယ်။ တချို့က အဲလို လွတ်မြောက်မှုကိုရစေဘို့ အရေးပါတဲ့နေ့ကိုလည်းခေါ်ကြလို့ မြန်မာနိုင်ငံနဲ့ တူပါတယ်။  အလေးထားမှုမတူကြပါ။ စပိန်မှာ အောက်တိုဘာ ၁၂ ရက်ကို Fiesta Nacional de España လို့သတ်မှတ်တာကို တချို့နိုင်ငံတွေမှာ Columbus Day လို့ ခေါ်ပြီး ခရစ္စတိုဖါ ကိုလန်ဘတ်စ် အမေရိကတိုက်ကို စတွေ့တဲ့နေ့အဖြစ် ကျင်းပကြပါတယ်။ ကျင်းပပုံတွေလည်း မတူကြပါ။ အင်္ဂလန်နဲ့ ဒိန်းမတ်တို့မှာ အမျိုးသားနေ့ရယ်လို့ တိတိကျကျ မရှိသေးပါ။ ဂျမေကာမှာတော့ နေ့သတ်မှတ်တာကို ရက်စွဲအတိအကျမဟုတ်ပဲ သြဂုတ်လ ပဌမတနင်္လာနေ့ဖြစ်ပါတယ်။ အစ္စရေးလ်လည်းအဲလိုပဲ။ ပါကစ္စတန်ဆိုရင် အမျိုးသားနေ့က သုံးရက်ရှိတယ်။

အမျိုးသားရေးစိတ်ဓါတ်ဆိုတာက နိုင်ငံရေးအယူအဆ (အိုင်ဒီယော်လော်ဂျီ) တခုဖြစ်ပါတယ်။ တိုင်းပြည်တခုနဲ့ သက်ဆိုင်တဲ့အယူအဆပါ။ ကိုယ့်တိုင်းပြည်ရဲ့ သရုပ်လက္ခဏာကို ထင်ဟပ်စေပါတယ်။ Patriotism မျိုးချစ်စိတ်ဆိုတာနဲ့ မတူပါ။ ဒါက ပုဂ္ဂိုလ်ရေးအမူအယာသဘောဖြစ်တယ်။ ဒါကိုအခြေခံပြီး တိုင်းပြည်ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်မှုတွေကို ပြဋ္ဌာန်းပါတယ်။ အခြေခံ (၂) ချက်ရှိတယ်။ ပဌမတမျိုးက ရှေးအစဉ်အလာကိုစွဲယူထားပြီး ပြောင်းလဲလာမှုတွေအရ မွေးဖွါးရာဒေသကို အစွဲပြုတာဖြစ်တယ်။ နောက်တမျိုးကတော့ ခေတ်ပေါ်အယူအဆဖြစ်ပြီး ဖြစ်တည်နေတဲ့ အခြေအနေတွေအရ တည်ဆောက်မှု ပြောင်းစေတာဖြစ်ပါတယ်။ ဘယ်ဟာကိုယူယူ အတိတ်သမိုင်းကို အခြေခံတာတွေသာဖြစ်တယ်။

တိုင်းပြည်တခုထဲမှာနေကြတဲ့ နိုင်ငံသားတွေဟာ တမျိုးတည်းသော လူမျိုးရဲ့ ယဉ်ကျေးမှု၊ ကိုးကွယ်ရာ၊ သဘောဆောင်မှုသာရှိတယ်။ နောက်မျိုးကွဲတခုကတော့ Multinationality အမျိုးစုအများကို လက်ခံတာဖြစ်ပါတယ်။ သဘဝအားဖြင့် များတဲ့အုပ်စုကနေလွှမ်းမိုးပါတယ်။ နည်းတဲ့သူတွေကနေ မကျေနပ်တဲ့အခါ တောင်းဆိုမှုတွေဖြစ်ပါမယ်။ အဓိပ္ပါယ်ဖွင့်ဆိုမှုကို ပြန်ပြင်ရတာမျိုးလည်းရှိနေပါမယ်။ ပြည်တွင်းစစ်အထိဖြစ်နိုင်တယ်။

တိုင်းတပါးအန္တရယ်ကြုံတဲ့အခါ ဒါကို ကိုင်စွဲအသုံးချတာလည်းရှိတယ်။ ထိရောက်တယ်။ တလွဲသုံးတာမျိုးလည်း မျက်စိအောက်မှာတင် မြင်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသားရေးစိတ်ဓါတ်ရှိပြီး မျိုးချစ်စိတ်ကိုလဲ မှန်မှန်ကန်ကန် အသုံးချနိုင်ကြပါစေ။

သန်းဝင်းလှိုင် ရေးသားထားတဲ့ အမျိုးသားနေ့ (သို့မဟုတ်) မြန်မာ့သမိုင်းတွင် မော်ကွန်းတင်ထားသောနေ့ကို ဖတ်သင့်ကြပါတယ်။
http://blog.moemaka.com/2013/11/blog-post_3844.html

ဒေါက်တာတင့်ဆွေ
ဓါတ်ပုံ၊ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမှာကျင်းပတဲ့ ၁၉၉၈ (၇၈) ကြိမ်မြောက် အမျိုးသားနေ့ အခမ်းအနား၊ သဘာပတိ ဦးပညာဝရ (နယူးဒေလီ ရှစ်လေးလုံးကျောင်းဆရာတော်၊ ယခု သြစတေးလျနိုင်ငံ)။

Comments

Popular posts from this blog

Laser Eye Operation လေဆာနဲ့ မျက်မှန်မလိုအောင်လုပ်ခြင်း

Exercise after Surgery ခွဲစိတ်ထားပြီး လေ့ကျင့်ခန်းလုပ်ခြင်း

Chances of having twins အမြွာကိုယ်ဝန်လိုချင်သလား