မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Monday, September 26, 2016

Rabies မျောက်ကိုက်၍ ခွေးရူးကာကွယ်ဆေးထိုးရခြင်း

ခွေးရူးပြန်ခြင်းရဲ့လက္ခဏာနှင့် ခွေးရူးပြန်ရောဂါ ဖြစ်ဖြစ်ခြင်းမှာ ထင်ရှားတဲ့လက္ခဏာတွေကို သိချင်ပါတယ်ဆရာ။ ဒီရက်ပိုင်းအတွင်းမှာပဲ ကျွန်တော့်အသိတယောက်က ခွေးရူးပြန်သလိုလို၊ ပရောဂပူးသလိုလို ကြောင်တောင်တောင်တွေ ဖြစ်ပြီး သေဆုံးသွားလို့ပါ။ တိကျခိုင်လုံတဲ့ အကြောင်းပြချက်မသိရဘဲ သူသေဆုံးရပုံကို စိတ်ထဲမှာ ဘဝင်မကျလို့ပါ။ မသေဆုံးမီလေးလအတွင်းမှာ အိမ်မွေးခွေးလေးကိုစရင်းအမှတ်မဲ့ အကိုက်ခံရဖူးပါတယ်။ သွေးစို့ရုံလေး ဒဏ်ရာရခဲ့ဖူးပါတယ်။

အချိန်ကိုက်ပဲ၊ စက်တင်္ဘာ (၂၈) ရက်က ကမ္ဘာ့ခွေးရူးရောဂါနေ့ဖြစ်ပါတယ်။ Rabies ခွေးရူးကို Hydrophobia လို့လဲ လူသိများတယ်။ ရေကြောက်ရောဂါပေါ့။ Chickenpox ရေကျောက်ဆိုတာက တမျိုးပါ။ သတ်ပုံအကြောင်း ကျွန်တော် ရေးနေတာကို မြင်ပြင်းမကပ်ကြပါနဲ့ ကျောက် နဲ့ ကြောက် မတူတာသိပါ။

ဒေလီမှာ မျောက်တွေပေါပါသည်။ လူနာတဦး မျောက်ကိုက်ခံရလို့ အစိုးရဆေးရုံသွားပြတော့ ခွေးရူးကာကွယ်ဆေး အထိုးခိုင်းတယ်လို့ပြောပြီး ကျွန်တော့်ဆေးခန်းကို အနာလာပြ၊ မေးမြန်းဆွေးနွေးပါတယ်။ ဆေးခန်းကဆရာမများ အံ့သြနေကြတယ်။

ဟုတ်တယ်။ ခွေးရူးရောဂါဆိုတာ ခွေးသာမက တခြားတိရစ္ဆာန်တွေကနေလည်း ကူးနိုင်တယ်။ တိရစ္ဆာန်တွေဆိုတာ အိမ်မွေးရော တောနေပါ အကောင်မှန်သမျှကနေ ကူးနိုင်တယ်။ မျောက်၊ လင်းနို့၊ ကြောင်၊ မြေခွေး၊ ဝံပုလွေ၊ ရက်ကွန်း-ဝံ၊ နံစော်-ဖျံ၊ ကိုင်အုတ်-ဝံပုလွေ၊ မြွေပါ၊ အသားစား-ဖျံ၊ ဝက်ဝံ စတဲ့ အကောင်တွေကနေလည်း ခွေးရူးရောဂါရစေနိုင်တယ်။ လူ့သွားရည်ကလည်း ခွေးရူးကူးနိုင်သေးတယ်။ ကိုက်တဲ့သွားက အသားထဲနစ်ဝင်မသွားတောင်မှ သွားရည်အဝင်ခံရရင် ကူးနိုင်တယ်။

Rabies ဆိုတဲ့ စကားက (လက်တင်) ရော (သင်္သကရိုက်) ဘာသာကပါ လာတာ။ နေရာတကာမှာ ရှေးကတည်းက ရှိတဲ့သဘောဆောင်တယ်။ ကမ္ဘာမှာ တနှစ် လူ ၅၅ဝဝဝ ခွေးရူးကြောင့်သေနေရတယ်။ ထုံးစံအတိုင်း အဆိုးတွေစုနေတာ အာဖရိကနဲ့ အာရှ။ ဆင်းရဲမွဲတေမှုနဲ့ ပညာအသိနည်းပါးမှု။ ရောဂါဆိုးတွေနဲ့ စနစ်ဆိုးတွေ။

ရောဂါရှိတဲ့အကောင်ရဲ့ တံတွေးထဲမှာပါနေတဲ့ (ဗိုင်းရပ်စ်) ပိုးက အကိုက်ခံရသူရဲ့ အာရုံကြောကတဆင့် ဗဟို အာရုံကြောစနစ်ကို ရောက်လာတာနဲ့ ရောဂါလက္ခဏာတွေပြလာတယ်။ အဲဒီအဆင့်ရောက်ရင် အခုထိတော့ ကုမရနိုင်တဲ့ရောဂါ ဖြစ်တယ်။ ဒါ့ကြောင့် အကောင်ကိုက်ခံရတာနဲ့ ကာကွယ်ဆေးကိုသာ အားကိုးနိုင်ပါတယ်။ တိရစ္ဆာန်တွေအိမ်မှာမွေးထားရင် ပုံမှန်ကာကွယ်ဆေးတွေ ထိုးပေးပါ။

ခွေးရုးပြန်ရောဂါမှာ ရေကိုကြောက်တယ်ဆိုတာက ရေကိုမကြိုက်တာ၊ မုန်းတာမဟုတ်ဘူး။ ရေကို တအားသောက်ချင်ရှာလွန်းလို့ ရေမြင်တာနဲ့ မြိုချဘို့ပြင်လိုက်ရင် အာခေါင်နဲ့ လည်ချောင်းမှာ အတင်းမခံမရပ်နိုင် နာကျင်တာခံစားလာရတာကို ပြောတာပါ။ ရေမြင်ရင် တက်ချင်လာမယ်။

တချိန်တုံးက မြို့နယ်ကောင်စီဥက္ကဋ္ဌ ဆေးရုံကို ရောက်လာတယ်။ ဆေးရုံနဲ့ သူတို့အိမ်ကလည်း မျက်နှာချင်းဆိုင်။ ဥက္ကဋ္ဌ ဗိုလ်မှူးက စိတ်သဘောကောင်းလို့ လူချစ်လူခင်များတယ်။ ဆရာ ကျွန်တော့်ဇနီ့း့ ခြံထဲလျောက်ပြီး၊ အပင်တွေ ကိုင်ပုံရပါတယ်၊ တကိုယ်လုံးယားနေတယ်။ ဥက္ကဋ္ဌရဲ့ဇနီးဟာ သူတို့သားသမီးတွေအပြင် တိရစ္ဆာန်တွေကိုလဲ ချစ်တာ ကျွန်တော်သိတယ်။ လူနာကို အကဲခတ်ကြည့်တယ်။ အင်ပြင်ခေါ်တဲ့ (အလာဂျီ) ရလို့ ယားတာမျိုးမတွေ့ရပါ။ ရေ အသောက်ခိုင်းကြည့်တော့ သိပါပြီ။ လူကြီးမိတ်ဆွေတဦးရဲ့ဇနီးဖြစ်နေတာမို့ ပိုသေခြာအောင် ခရိုင်ဆေးရုံကြီး ပို့လွှတ်ပြီး၊ သမားတော်ရဲ့ အဆုံးအဖြတ်ကို ယူစေရတယ်။ သမားတော်ကလည်း ကျွန်တော့်ထင်မြင်ချက်ကို အတည်ပြုပေးတယ်။ လူနာကိုပြန်ခေါ်လာပြီး၊ တတ်စွမ်းသ၍ကုသပြုစုမှုတွေကို ဗိုလ်မှူးကတော်ရဲ့ နောက်ဆုံးရက်တွေမှာ အစွမ်းကုန် လုပ်ပေးကြရပါတယ်။

ယားယံတာကို ခွေးရူးရောဂါလက္ခဏာတွေထဲမှာ တချို့က ထည့်တာမတွေ့ရပါ။ ရောဂါအကြောင်း စုံအောင်ရေးတာထက် ကာကွယ်မှုက ပိုအကျိုးရှိမယ်ထင်တယ်။ ခွေးကိုက်ခံရရင် ရေနဲ့ဆပ်ပြာသုံးပြီး၊ ကျကျနန ဆေးပါ။ ကိုက်တဲ့ ခွေးကို ၇ ရက် တိတိ စောင့်ကြည့်ပါ။ ခွေးကို သတ်မပြစ်သင့်ပါ။ တပါတ်ကြာလို့ ခွေးကသေသွားတယ်ဆိုရင် သေခြာပြီ ခွေးရူး။ မသေခြာရင် ကံတရားသိပ်အားကိုး မနေပါနဲ့၊ Risk မယူပါနဲ့။ ကာကွယ်ဆေးထိုးပါ။

တနှစ်မှာ လူပေါင်း ၁ဝ သန်းမက ကာကွယ်ဆေးထိုးနေကြရတယ်။ အရင်က ချက်တဝိုက်မှာ ၁၄ ခါ ထိုးရတာ။ နာမှ နာ။ ထိုးပေးရသူကပါ အားနာရတယ်။ အခုပေါ် ဆေးတွေက အဲလောက်မကြာ၊ အဲလောက်မနာတော့ပါ။ အမျိုးအစား ၂ မျိုး ရှိတယ်။ Nerve tissue vaccine နဲ့ Cell culture vaccine တွေပါ။ ပဌမအမျိုးက ဈေးချိုတယ်။ ဈေးချိုတော့ အကောင်း နည်းတာပေါ့။ အခု စာရေးချိန်ကာလ အိန္ဒိယမှာ ၅ ခါထိုးရမဲ့ ARV ဆေးကိုသာ ဆိုင်တင်ခိုင်းတယ်။ ၁ လုံးကို ၃၇ဝ ရူးပီး ဈေးနှုံးလို့ရိုက်ထားတယ်။ ဝယ်တတ်ရင် ၃၂ဝ ဒါမှမဟုတ် ဒီထက်ဈေးလျော့မယ်။

တိရစ္ဆာန်မှန်သမျှ အကိုက်ခံရရင် အနာကို ဘယ်လောက် ပြဲထွက်နေနေ ချုပ်မပေးရပါ။ သက်ရှိတကောင်ကောင်ရဲ့ သွားရည်ဟာ အကိုက်ခံရသူ သွေးထဲဝင်ရင်မတည့်ပါ။ အနာကို ပိုးသန့်အောင်လုပ်၊ အသားနု ကောင်းကောင်း တက်လာအောင်စောင့်ပြီး၊ နောက်မှာ အနာရွတ်သေးချင်ရင် အနာသစ်လုပ်ပြီးမှ လှလှလေး ပြန်ချုပ်ပေးရပါတယ်။ မေးခွန်းကိုဖြေရရင် ကာကွယ်ဆေးထိုးတာ စောလေကောင်းလေဖြစ်တယ်။ မစိုးရိမ်ပါနဲ့။

ARV ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး http://doctortintswe.blogspot.com/2015/02/arv.html
SII RABIVAX ခွေးရူးရောဂါကာကွယ်ဆေး http://doctortintswe.blogspot.com/2014/11/sii-rabivax.html
Preventable rabies kills 160 people per day http://doctortintswe.blogspot.com/2015/04/preventable-rabies-kills-160-people-per.html
Rabies မျောက်ကိုက်၍ ခွေးရူးကာကွယ်ဆေးထိုးရခြင်း http://doctortintswe.blogspot.com/2016/03/arv.html

Dr. တင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.