ထီးလိုမင်းလို

သတင်း = ပုဂံငလျင်ကြောင့် ပျက်စီးသွားခဲ့ရတဲ့ ထီးလိုမင်းလိုစေတီတော်ကြီး ပြုပြင်ဘို့ခွင့်ပေးလိုက်တဲ့ ဂေါပကအဖွဲ့ကို စစ်ဆေးသွားမှာဖြစ်

ပုဂံခေတ် နရပတိစည်သူမင်း နတ်ရွာစံချိန်မှာ သားတော်ငါးပါးရဲ့အလယ်မှာ ထီးဖြူစိုက်စေပြီး အဓိဋ္ဌာန်ပြုခဲ့ရာမှာ ဇေယျသိခ်ဘက် ထီးတော်ညွတ်ခဲ့တာမို့ ထီးကလဲလို မင်းကလဲလိုတာကိုအစွဲပြုပြီး စေတီတော် (၁၈၁၂) ကို ထီးလိုမင်းလို ဘွဲ့အမည်ပေးခဲ့ပါတယ်။

ထီးဟာ ၂ဝ၁၅ ရွေးကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆွယ်လက်ဆောင်ဖြစ်ခဲ့ပါတယ်။ ၂ဝ၁၅ မတ်လထဲတုံးက ပြည်ခိုင်ဖြိုးပြန်ကြားရေးဝန်ကြီးဌာနကနေ ဖိုတိုရှော့လုပ်ထားတဲ့ဓါတ်ပုံထဲမှာ ပညာရေးဒုတိယဝန်ကြီးနောက်က ထီးကို ကိုယ်ရောင် ဖျောက်ထားခဲ့တယ်။ ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တုံးကတော့ နဝတ သစ်တောဝန်ကြီး ဗမခ သိန်းအောင်ကနေ တရုပ်မဟာယနဘုန်းကြီးကို ထီးမိုးပေးနေတဲ့ပုံနဲ့အတူ မြန်မာ့အဖိုးတန်သစ်တွေကို လှူလိုက်တဲ့သတင်း ဖတ်ရဖူးပါတယ်။

၁၉၉၈ ခုနှစ် သြဂုတ်လ ၁ဝ ရက်နေ့က ဒေါ်စုရဲ့ခရီးစဉ်တခုအတွင်း ရန်ကုန်-ပုသိမ်လမ်းပေါ်က အညာစုရွာအနား တံတားလေးတခုမှာ ရှေ့ဆက်သွားမရအောင် ထောက်လှမ်းရေးတွေက ပိတ်ဆို့ထားပြီး၊ နောက်ရက် ဒေါ်စုခေါင်းပေါ်မှာ ရောင်စုံထီးကြီးမိုးပေးထားတဲ့ ဓါတ်ပုံထွက်လာပါတယ်။ အဲဒီ ထီးမိုးအမိန့်ပေးခဲ့သူဟာ ဗိုလ်ချုပ်နေဝင်းရဲ့ ထီးတော်မိုးလို့ ခေါ်ခံရသူ ဗခက ခင်ညွန့်ဖြစ်တယ်။

သူ့နောက်မှာ တယောက်ခြားဝန်ကြီးချုပ်ဖြစ်လာပြီးနောက်မှာ သမတဖြစ်လာသူ ဦးသိန်းစိန်နဲ့ ထီးလိုမင်းလိုစေတီတော် ပြုပြင်ရေးကန်ထရိုက်ရတဲ့ ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအဖွဲ့ ဆက်စပ်နေတယ်လို့ သတင်းတွေထဲမှာ ဖတ်ရတယ်။

ပုဂံသားတို့
ဆောင်ဓားတဖက်၊ ပန်းတဖက်ဖြင့်
နှစ်သက်ဖွယ်ရာ၊ ဆင်မြန်းလာသော
အလင်္ကာပင်စည်၊ တို့တိုင်းပြည်ကား
အရည်အသွေး မမွန်လော။ (တင်မိုး)

ဒေါက်တာတင့်ဆွေ
၁၇-၁၁-၂ဝ၁၆
ဓါတ်ပုံ = ရန်ဝင်း (တောင်တံခါး)

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး