မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Thursday, November 24, 2016

ထီးကလေး ရှိသေးရဲ့လား

တခေတ်မှာ တဘုရင်
စစ်အာဏာရှင် ဗိုလ်နေဝင်းတဲ့
တို့တတွေရဲ့သေမင်းပါပဲ၊
အလောင်းတွေခင်း ခေါင်းတွေနင်းပြီးတော့
သေမင်းက အဘခေါ်ရအောင်
ရက်စက်ပြခဲ့တယ်။

တိုင်းရင်းသားတွေအပေါ်မှာလည်း
အရိုင်းမင်းတပါးလို ကျင့်ကြံ
တာတေလန် ဖက်ဆစ်
ဆိုးညစ်ပေ့ ကမ်းကုန်
လမ်းမျိုးစုံ သောင်းကျန်း
ပေါ်တာထမ်း မလျော်ရာစခန်း
ဘော်ဒါလမ်းက တရွေ့ရွေ့
မရွေ့ရင် မီးရှို့
သင်တို့တတွေ ထင်ရာစိုင်း
ရိုင်းသမျ ခံရတယ်။

အများအကျိုးအတွက်
တအားကိုးရမယ်မှတ်ပါ့
အစိုးရဆိုတာ သူခိုးဓါးပြထက်
ဆိုးလှပါတကားလို့
တို့များအမြင်မှောက်
အထင်ရောက်ခဲ့ရပါတယ်။

ပြည်ထောင်စုသမိုင်းမှာ
ဒီကောင်လောက်ရိုင်းတာ ရှိမယ်မထင်ဘူး။

ပြည်ထောင်စုသား မျိုးမစစ်တဲ့
သူခိုးညစ် စစ်ဘုရင်
ဗိုလ်နေဝင်းရဲ့ တပည့်တပန်းတွေကို
အမြစ်အရင်းမကျန် တွန်းလှန်မှ
တို့တိုင်းပြည် အမှန်လှမှာမို့
မြန်မာတိုင်းရင်းသားအပေါင်း
လွတ်ကြောင်းအမှန်
ခွပ်ဒေါင်းအလံ လွှင့်ကြစို့။

ပြည်သူတွေ တခဲနက်
ညီညွတ်မှု လက်နက်နဲ့
ရက်မဆွဲပဲ လက်တွဲတိုက်ပွဲဝင်ကြစို့။

သင်းတို့တရက် အသက်ရှည်ရင်
ငါတို့အတွက် အသက်သေပြီး
ရတက်ပွေ အခက်ဝေလိမ့်မယ်။

ရက်မရှည်ကြစေဖို့
လက်တွေဆန့် တပ်လှန့်မောင်းထုတ်ကြပါစို့။ (တင်မိုး)

ကျွန်တော့် မှတ်ချက်
• တစ်ခေတ်မှာ တစ်ဘုရင် မဟုတ်ပါ။
• အရိုင်းမင်းတစ်ပါးလို ကျင့်ကြံ မဟုတ်ပါ။
• ဘော်ဒါလမ်းက တစ်ရွေ့ရွေ့ မဟုတ်ပါ။
• သင်တို့တစ်တွေ ထင်ရာစိုင်း မဟုတ်ပါ။
• တစ်အားကိုးရမယ်မှတ်ပါ့ မဟုတ်ပါ။
• သင်းတို့တစ်ရက် အသက်ရှည်ရင် မဟုတ်ပါ။

နောက်မျိုးတွေကလည်း လက်ဝါးစောင်းထက်ကြတယ်။ နိုင်ငံရေးမှာသာမကပါ။ ဗိုလ်နေဝင်းလက်ထက်ကစခဲ့တဲ့ ပေါ်လစီသတ်ပုံတွေကို နောက်မျိုးဆက်တွေက ကျေကျေနပ်နပ်အမွေဆက်ခံနေကြတယ်။ ဆရာတင်မိုးကို လေးစား အားကျပါတယ်လို့ သူတို့ထက်ပြောတတ်သူမရှိတဲ့ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ စာပေလောကကလူတွေ၊ မြန်မာစာ တာဝန်ရှိလူကြီးတွေက ထိပ်ကပါတယ်။ သတ်ပုံမှားရင် ရတက်ပွေ အခက်ဝေကြလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၂၅-၁၁-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.