Birth Control Interview တားဆေးတားနည်း အင်တာဗျူး
(ကန်တော့)
ဆရာရှင့်။ ကျမ့ ရဲ့ အမျိုးသမီးသတင်းဝက်ဆိုက်ကပါ။ အမျိုးသားတွေ သားကြောဖြတ်တာနဲ့ပတ်သက်ပြီး ကျန်းမာရေးရှုထောင်ကနေ ဆရာ့ကို အင်တာဗျူးလုပ်ချင်လို့ပါဆရာ။
၁။ ကလေးမလိုချင်လို့ သားကြောဖြတ်တာက အမျိုးသားရော အမျိုးသမီးရော လုပ်လို့ရလား။
သားကြောဖြတ်လို့ အလွယ်ခေါ်တာကို ဆေးပညာအရပြောရရင် အမျိုးသားသားကြောဖြတ်တာနဲ့ အမျိုးသမီး သားအိမ်ပြွန်ဖြတ်တာ။ နှစ်မျိုးလုံး လုပ်ကြပါတယ်။ ပိုလွယ်ကူတဲ့ အမျိုးသားကိုသားကြောဖြစ်တာက အရေအတွက် နည်းတယ်။
၂။ ဆေးပညာအရ သားကြောဖြတ်တဲ့ အမျိုးသမီးနဲ့ အမျိုးသားမှာ ဘယ်သူက ပိုပြီး နောက်ဆက်တွဲ ဆိုးကျိုး သက်ရောက်မှုများနိုင်လဲ။
နှစ်မျိုးလုံးက မျိုးပွားလမ်းဟော်မုန်းနဲ့ မဆိုင်တဲ့အတွက် နောက်ဆက်တွဲဖြစ်တာတွေ မရှိပါ။ မျိုးပွါးနိုင်တဲ့ မမျိုးဥနဲ့ ကျားသုက်ပိုတို့ မတွေနိုင်ခြင်းကလည်း တူတယ်။ ဒါပေမဲ့ လက်တွေ့မှာ နောက်ဆက်တွဲဖြစ်တာတွေကို ကျန်းမာရေး မေးခွန်းတွေအရ ရှိတယ်လို့ ပြောပါရစေ။ ပဌမအချက်ကတော့ သားကြောဖြတ်ပြီးနောက်မှ သားသမီးရချင်လို့ မေးလာသူတွေ မနည်းလှပါ။ အဲတာကြောင့် သားကြောဖြတ်မေးခွန်းလာတိုင်း ဆုံးဖြတ်ချက်မှာ စိတ်မစောဘို့ သတိပေးရတယ်။ ဒုတိယတချက်ကတော့ အရပ်ပြောတွေကြောင့်ဖြစ်စေ ကိုယ်တိုင်စိတ်အထင်ကြောင့်ဖြစ်စေ သားကြောဖြတ်ပြီး မျိုးပွားမှုဆိုင်ရာမှာ ပိုတယ် လိုတယ်လို့ ထင်ကြတယ်။ အဲတာ မမှန်ပါ။ အောင်မြင်မှုရာခိုင်နှုန်းလည်း မတူပါ။ ယေဘုယျပြောရရင် အမျိုးသမီးဆိုရင် ဗိုက်ကနေခွဲစိတ်ရလို့ သတိထားစရာတွေပိုများတယ်။ ကလေးဖွားပေးရင် တပြိုင်တည်းလုပ်လို့ရတယ်။ ယောက်ျားတွေကို လူမသိသူမသိလုပ်ကြလို့ သတိထားစရာတမျိုး ပိုတယ်။
၃။ ဆေးကဒ်တို့၊ ထိုးဆေးတို့လို သန္ဓေတားဆေးတွေက အမျိုးသမီးတွေအတွက် ဆိုးကျိုး ကောင်းကျိုး ဘာတွေရှိလဲ။
ကိုယ်ဝန်တားနည်းတွေ အများကြီးရှိတယ်။ တားဆေးကဒ်ကို တကမ္ဘာလုံးမှာ အများဆုံးသုံးပါတယ်။ တကမ္ဘာလုံးမှာ မျိုးပွါးနိုင်တဲ့အရွယ်ရှိ အသက် ၁၄ နှစ်ကနေ ၄၄ နှစ် အမျိုးသမီးအားလုံးရဲ့ ၉၉% ဟာ တားနည်းတခုခုကို သုံးဖူးကြပါတယ်။ လက်တွေ့သုံးနေသူပေါင်း ၆၂% ရှိတယ်။ တားနည်းသုံးပေမဲ့ ၁၀% တို့ဟာ မထင်မှပဲ ကိုယ်ဝန်ရလာကြတယ်။
တားနည်းတားဆေးဆိုင်းမှာ အားသာချက်တွေ အားနည်းချက်တွေရှိတယ်။ စားဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ ရင်သား ကြီး-တင်း-နာ၊ နို့ရည်ထွက်၊ ဗဂျိုင်းနားစို၊ ကိုယ်အလေးချိန်တက်၊ စိတ်ကျ၊ စိတ်မူပြောင်း၊ စိတ်ကမခိုင်းပဲ ကိုယ်လှုတ်ခြင်း၊ ဝမ်းပျက်၊ ပျို့၊ အန်၊ ကိုယ်ရောင်၊ ခေါင်းကိုက်၊ မျက်ကပ်မှန် အဆင်မပြေဖြစ်၊ အသားဝါ၊ ရာသီမမှန်၊ သွေးဖိအားတက်၊ ဆီးချိုတက်၊ အရေပြားအနီပြင်ထွက်၊ ဗဂျိုင်းနားပိုးဝင်။
တခြားနည်းတွေမှာလည်း မတူတာတွေရှိတယ်။ ဥပမာ Copper IUD သုံးတဲ့ အမျိုးသမီး ၁ဝဝဝ ယောက်မှာ ၆ ယောက် ကိုယ်ဝန်ရတာ တွေ့ရတယ်။ ဟော်မုန်းပါ IUD သုံးတဲ့သူ ၁ဝဝဝ ယောက်မှာ ၂ ယောက် ကိုယ်ဝန်ရတာ တွေ့ရတယ်။ အများဆုံးအကြောင်းရင်းက ပစ္စည်းထွက်ကျတာ မသိလိုက်လို့ဖြစ်တယ်။ မွေးပြီးကာစ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ ထည့်ပြီးနောက် တနှစ်အတွင်းမှာ ဖြစ်တာများတယ်။ ကလေး မမွေးဘူးသေးသူတွေလဲ ဖြစ်တယ်။
သတိထားစရာတွေလည်းရှိတယ်။ ပိုက်ဆံပိုကုန်ကျတယ်။ ရာသီဆင်းတာ များတတ်တယ်။ တချို့မှာ ဗိုက်နာတာ ပိုနိုင်တယ်။ ကြားရက် သွေးနည်းနည်းဆင်းချင်ဆင်းမယ်။ လူ ၁ဝဝဝ မှာ ၁ ယောက် သားအိမ်ကနေ ဖေါက်ထွက်သွားတတ်တယ်။ လူ ၁ဝဝ မှာ ၂ ယောက်ကနေ ၁ဝ ယောက်လောက် ထွက်ကျတတ်တယ်။ ထည့်ကား ပဌမနှစ်အတွင်း အဖြစ်များတယ်။ ဟော်မုန်းသတ္တိတွေရှိမယ်။ ရင်သားတင်းတာ-နာတာ၊ စိတ်မူပြောင်းတာ၊ ခေါင်းကိုက်တာ နဲ့ ဝက်ခြံထွက်တာတွေ ဖြစ်တယ်။ သိပ်မများလှပါ။ တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ခြင်း ဖြစ်မလား စိုးရိမ်တာရှိပေမဲ့ ထည့်စဉ်ကရှိနေခဲ့လို့ ဖြစ်တာများတယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေ ရှိနေစဉ် မထည့်ပါနဲ့။
၎။ သားကြောဖြတ်တဲ့အခါ ဘာဖြစ်လို့ အမျိုးသမီးတွေပဲ ဖြတ်ကြတာလဲ။
ဘာကြောင့်လဲ ဆရာဝန်တွေအနေနဲ့ မသိပါ။ မိသားစုတွေရဲ့ အဆုံးအဖြတ်အဖြစ်ပါတယ်။ လူမှုရေးအခက်အခဲ ရှိတတ်တယ်။ အဲတာက စုံတွဲတခုစီအပေါ်မူတည်တယ်။ ဆေးသုတေသနလုပ်ရ ခက်တယ်။ ဖြေကြမှာ မဟုတ်။
၅။ သားဆက်ခြားဖို့အတွက် အမျိုးသားတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိ အရေးကြီးလဲ။ ဘာကြောင့်ပါလဲ။
ဒီအရေးမှာ ကျား-မ ခွဲပြောရတာ ခက်တယ်။ ကျွန်တော်မြင်တာ တခြားအမြင်တွေနဲ့ ကွဲလွဲနိုင်တယ်။ လိင်ကတဆင့် ကူးစက်ရောဂါရှိနေသူဟာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် အတူတူပဲ။ အဓိကပြောလိုတဲ့ ရောဂါတွေက အိတ်ခ်ျအိုင်ဗွီနဲ့ အသည်းရောင်ဘီတွေဖြစ်တယ်။ အဲတာတွေရှိနေရင် ကိုယ်ဝန်ရှိနေစဉ်၊ ကလေးမွေးဖွါးနေစဉ်နဲ့ ကလေးနို့တိုက်နေချိန်တွေမှာ ကလေးကိုကူးနိုင်တာရှိတယ်။ အသေးစိတ်တော့ ဒီနေရာမှာ မဖြေတော့ပါ။ ယောက်ျားတွေမှာ ပိုသတိထားစရာရှိပါတယ်။ အတူနေဘက်များလေလေ သတိထားစရာပိုလေလေ။
၆။ သားဆက်ခြားဖို့အတွက် အကောင်းဆုံး ရွေးချယ်မှုက ဘယ်နည်းလမ်းဖြစ်နိုင်မလဲ။
အကောင်းဆုံးဆိုတာ ဘာလဲ။ လွယ်ကူခြင်း၊ ဈေးသက်သာခြင်း၊ နေ့စဉ်မလိုအပ်ခြင်း၊ ကိုယ်အလေးချိန် တက်ခြင်း၊ အသက် ၃၅ နှစ်ကျော်အမျိုးသမီးဖြစ်ခြင်း၊ ကလေးချိုက်တိုက်နေရချိန်ဖြစ်ခြင်း၊ စတာတွေကို ကြည့်ရပါမယ်။ တဦးချင်းကို ကြည့်ရတယ်။ တဦးတည်းမှာလည်း ကာလမတူရင် နည်းရွေးတာ မတူနိုင်ပါ။ နောက်တချက်က အောင်မြင်မှုနှုန်း ကြည့်ရမယ်။
ဘယ်လိုဆုံးဖြတ်မလဲ
(၁) ကိုယ်ဝန်တားနည်းများရဲ့ ထိရောက်မှု အများဆုံးနည်းတွေ
• အရေပြားအောက် ဆေးချောင်း၊ သားအိမ်ထဲထည့်ပစ္စည်း၊ သားကြောဖြတ်ခြင်းများ၊ = 99%
• ထိုးဆေး၊ = 97%
• စားဆေး၊ (ဗဂျိုင်းနား) ကွင်း၊ = 92-95%
• (ကွန်ဒွမ်)၊ သားအိမ်ဝအဖုံး-အပိတ်၊ ဆေးမြှုပ်၊ = 84-89%
• ဝေရာမဏိ = ၁ဝဝ%
(၂) ထိရောက်မှု အနည်းဆုံးနည်းတွေ
• အကာအကွယ် လုံးဝမသုံးခြင်း = 85%
• သုက်ပိုးသတ်ဆေး တမျိုးတည်း = 29%
• နေ့ကောင်းရက်သာ ရွေးနည်း = 25%
• အမျိုးသမီးသုံး (ကွန်ဒွမ်) = 21%
• သုက်ရည် အပြင်စွန့်ထုတ်နည်း = 18%
၇။ အမျိုးသား သားကြောဖြတ်ဖို့ ဥပဒေအရ တားမြစ်ထားတာမျိုးရှိတယ်ပြောတယ် အဲဒါ ဆရာကြားဖူးလားလို့။
မသိပါ။ ဆောရီး။
၈။ လိုအပ်ရင်သုံးရန် အချက်အလက်များ
အမျိုးသမီးသားအိမ်ပြွန်ဖြတ်နည်းမှာ မအောင်မှု ၁% ကနေ ၁့၁% ရှိတယ်။ အဲတာ ယူအက်စ်အေသုတေသနအရ ပြောတာ။ ခွဲစိတ်နည်းမဟုတ်တဲ့နည်းသုံးရင် မအောင်မြင်မှု ၁့၈၅% အထိရှိတယ်။
အမျိုးသားသားကြောဖြတ်နည်းကို လေ့လာမှုရလဒ်တွေ မတူကြပါ။ ယူအက်စ်အေမှာ ၀့၁% သာရှိတယ်။ မြန်မာပြည်မှာ လူမသိအောင်လုပ်ကြတာတွေနဲ့ ကျွမ်းကျင်မှုနည်းသူတွေကလုပ်ပေးနေကြလို့ မအောင်မြင်မှု ရာနှုန်းများတယ်။ ကိန်းဂဏန်း မသိပါ။
စနစ်ဘယ်လောက်ကျအောင် စစ်ဆေးသလဲရှိသေးတာ။ ယောက်ျားကိုဖြတ်ပြီးနောက် သုက်ထုတ်ခြင်း အကြိမ် ၂၀ တိတိ နောက် ဒါမှမဟုတ် ၃ လနေမှ သုက်ပိုးပါ မပါစစ်ရတယ်။ အမျိုးသမီးတွေကိုလည်း ခွဲစိတ်ပြီးနောက် ၃ လနေမှသာ အာမခံတယ်။
ခွဲစိတ်ပြီးနောက် အလုပ်ပြန်လုပ်နိုင်တဲ့ အချိန်ကာလ မတူပါ။ ယောက်ျားတွေက နှစ်ရက် သုံးရက်နဲ့ ရနိုင်တယ်။ ဒါပေမဲ့ အဲလိုနေရာမှာလုပ်တဲ့ခွဲစိတ်ကုသမှုတိုင်းမှာ အကြောရောင်တာဖြစ်တာများတယ်။ ခွဲစိတ်စဉ်က ကိုင်တာတွယ်တာ၊ ခွဲပြီး အနေအထိုင်တွေကြောင့် နလံထတာကြာတတ်တယ်။
ကုန်ကျစရိတ်။ မြန်မာပြည်မှာ မသိပါ။ ယူအက်စ်အေမှာ ယောက်ျားသားကြောဖြတ်တာက ဈေးသက်သာတယ်။
ဒေါက်တာတင့်ဆွေ
၁၀-၁-၂၀၁၉

Comments
Post a Comment