Gitanjali ဂီတဉ္စလီ

မြသန်းတင့်၊ ဇော်ဂျီ၊ မင်းသုဝဏ်နဲ့ ပါရဂူတို့ စုပေါင်းရေးတဲ့စာအုပ်က လက်ရွေးစင်တဂိုးဝတ္ထုတိုများ။ ဝေယံဘုန်း ဘာသာပြန်စာအုပ်က ကွန်းခိုရာ ရာဘင်ဒြာနတ်တဂိုး။ လှမိုး (ပညာရေး) က ရာဗိန္ဒြာနတ်တဂိုး လို့ရေးတယ်။

စာဖတ်နည်းလွန်းသူတွေက တခါတလေ စာရေးဆရာကို အမျိုးသမီးလား အမျိုးသားလား မသိကြပါ။

စာဖတ်သက် နုလွန်းသေးတဲ့ သော်တာဆွေကို ရှုမဝဦးကျော်နဲ့ မိတ်ဆက်ပေးတော့ ရှုမဝလို့သာပြောနေကြတာ ဦးကျော်ရုပ်ရည်က ပြောသလောက်မဟုတ်ပါဘူးတဲ့။

တဂိုးကို အိန္ဒိယကလို့ တချို့ သိချင်မှသိကြတယ်။ သတ်ပုံကိုလည်း ကပျက်ကချော်ကများလာတော့၊ တစ်ဂိုးလို့ရေးသူတွေ၊ နတ်ဆိုတာနဲ့ တန်ခိုးလို့မှတ်သူတွေ ရှိမလာဘူးမပြောနိုင်ပါ။ တဂိုးရဲ့ ဂီတဉ္စလီကိုလည်း မဟာဂီတနဲ့ မမှားကြစေလိုပါ။

အကြင်အရပ်၌ စိတ်သည် ကြောက်ရွံခြင်း ကင်း၏။ ဦးခေါင်းကို မော်၍ မော့ထားနိုင်၏။
အကြင်အရပ်၌ အသိပညာရှာရာတွင် အတားအဆီးမရှိ လွတ်လပ်၏။
အကြင်အရပ်၌ ကိုယ့်အချင်းချင်း မကြင်မနာ မကျဉ်းမြောင်းသော တံတိုင်းအကာအရံတို့ဖြင့် ကမ္ဘာလောကကို အစိတ်စိတ် အမွှာမွှာဖြစ်အောင် ခွဲခြားထားခြင်းလည်း မရှိ။
အကြင်အရပ်၌ ပြောဆိုသောစကားတို့သည် သစ္စာအနက်မှ စီးဆင်းယိုထွက်၏။

ကျွန်တော့်အတွက်တော့ အကြင်အရပ်ဆိုတာ မြန်မာပြည်ပါ။ အနှစ်နှစ်ကျော်နေဖူးခဲ့တဲ့ အိန္ဒိယနဲ့ အခုနေရတဲ့ နိုင်ငံတွေကို မဆိုလိုပါ။ အကြင်အရပ်၌ ပြောဆိုသော စကားတို့သည် သစ္စာအနက်မှ စီးဆင်းယိုထွက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၀-၁-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး