ပန်းပွင့်သာကြွေ စာဆိုမသေ

ပန်းတပွင့်သာ ကြွေခဲ့ပါသည်
ကဗျာစာဆို မသေတကား။

စာဆိုသေလည်း
မသေစာဆို၊ တင်စားလိုသည်
မြေကိုသက်သေပြု၍တကား။

သည်မြေမှဖွား၊ သည်မြေလားသည့်
တရားဓမ္မ၊ သံဝေဂလျှင်
ဘဝပင်မြင့်၊ လျောင်းကြွေလွင့်သော
တပွင့်မာလာ၊ အိပ်စက်ရာသည်
ကဗျာတပုဒ် သာပင်တည်း။

နိယာမလျှင်
ဘဝဖြစ်ခြင်း၊ ဆုံးပျက်ယွင်းသည့်
သေမင်းတံတား၊ လူတိုင်းသွားရာ
လမ်းပမာတည့်၊ ကြမ္မာခေါ်သံ
နာခံလျောင်းစက်၊ သည်တသက်တွင်
ကြွင်းပျက်ပြာကျ၊ မြူမှုန်စနှင့်
ဘဝမာလာ၊ မနှိုင်းသာပြီ
မဟာအောင်ပွဲ သာပင်တည်း။

ဘဝလင်္ကာ၊ စာလွှာပန်းခိုင်
မာလာမြိုင်ကား၊ ဖွေနိုင်ကြံသိ
အဘိဓမ္မာ၊ လင်္ကာငြိမ့်လေး
အမြိုက်တေးတည့်၊ သွေးသားအုပ်ချုပ်
စက်ရုပ်ခန္ဓာ၊ မမြဲသာသော
သဘောအနက်၊ ဖွင့်ဆိုချက်မျှ
ဥပ္ပဇ္ဇတိ၊ ဖြစ်ဘိပျက်ပြန်
အဖန်ဖန်လျှင်၊ သဏ္ဍာန် ရုပ် ဒြပ်
ဖွင့်ချပ်ပန်းဝါ
ကြွေကာကြွေကာ တသဲသဲ
လေမှာလေမှာ တဝဲဝဲ
မြေလွှာမြေလွှာ တဖွဲဖွဲ
ရိုက်မစဲလျှင်၊ ကြွေကွဲသူတိုင်း
မျက်ရည်မှိုင်းမြ၊ လွမ်းဆွတ်ကြသည်
တသ ဝမ်းနည်း မဆုံးတည်း။

စာဆို့အတွက်၊ ဆွေးရတက်ကြောင့်
ကျေးငှက်လည်းဆိတ်၊ တောလည်းတိတ်ခဲ့။

စာဆို့အတွက်၊ လွမ်းရတက်ကြောင့်
သစ်ရွက်လည်းနွမ်း၊ စမ်းရေခန်းခဲ့။

စာဆို့အတွက်၊ ကြွမ်းရတက်ကြောင့်
မိုးထက်ကောင်းကင်၊ ကြယ်လည်းစင်ခဲ့။

တကယ်ဆိုလျှင်၊ စာဆိုသင်၏
ပန်းပင်မျိုးစေ့၊ လေဝေ့ရာပျံ
ပန်းဝတ်ဆံနှင့်၊ ညှာတံကူးလူး
ပန်းဖူးဖူးကို၊ ဆွတ်ခူးဖွေရှာ
ပန်းလိပ်ပြာတို့၊ နေရာအနှံ့
ဆွတ်ပျံ့လင်္ကာ၊ ဝတ်မှုန်လွှာခင်း
ကြိုင်လွှမ်းသင်းအောင်၊ စွမ်းဆောင်ရှေ့ပြေး
သင့်တေးလင်္ကာ၊ ထိုပဏ္ဏာသည်
မေတ္တာစမ်းအိုင် ဖြစ်ခဲ့သည်။

အနုပညာ၊ သင့်လက်ရာကို
ဇရာမနိုင်၊ သူလာပြိုင်လည်း
နိုင်ခဲ့လင်္ကာ၊ မရှုံးပါတည့်
ကောဇာသက္ကရာဇ်၊ လ နှစ် ရွှေ့ပြောင်း
စာရွက်ဟောင်းမှ၊ စာကြောင်းစာလုံး
ပုလဲကုံးတို့၊ ရှေးတုန်းကလို
နဂိုပကတိ၊ ရှိမြဲရှိ၍
သင့်ဝိညာဉ်များ၊ ယင်းကိုယ်စားလျှင်
ကျန်ထားကြွင်းရစ်၊ သစ်မြဲသစ်သည်
ပုရစ်ဖူးမြ ဝေဝေတည်း။

သင်ထားခဲ့ရာ၊ ရတနာကား
သန္တာမြရွဲ၊ ဝတ်လဲတန်ဆာ
မဟုတ်ပါတည့်၊ လူ့ရွာနေအိမ်
ရိပ်ငြိမ်ဟန်ဆောင်၊ လောကဘောင်၏
နက်ယောင်နှင့် တိမ်၊ ခြူးလိမ်နွယ်ခက်
လျှပ်တပြက်နှင့်၊ တစက္ကန့်တွင်း
ဖြစ်ခြင်း ပျက်ပုံ၊ စိတ်ကြေးမုံ၏
တွေ့ကြုံခံစား၊ တရားနှင့်ယှဉ်
ဝိညာဉ်အမြုတေ၊ သင့်အမွေသည်
မိုးမြေဆုံးတိုင်၊ မပျောက်နိုင်ပြီ
ကျောက်တိုင်ထယ်ထယ်၊ ထီးထီးတည်း။

သေခြင်းတရား၊ တံခါးဖွင့် ပိတ်
ရင်ထိတ်စရာ၊ မဟုတ်ပါတည့်
ညမှာကြယ်ပျောက်၊ နေ့ပန်းကောက်၍
မိုးသောက်သော်မှ၊ နိုးမထသို့
ဘဝဟူသည်၊ မြူချည်လဲဝါ
ပွင့်ဝတ်လွှာကား၊ ဝေ့ရာမုန်တိုင်း
လေပြင်းစိုင်းရာ၊ လွင့်လွင့်ပါလည်း
စာဆိုခြေရင်း၊ မြေတလင်းဝယ်
သေမင်းအိပ်စက်ခြင်းသာတည်း။

သင်မသေမီ
ကေသီဆံမြင့်၊ ပန်ပါလင့်ဟု
တပွင့်ပန်းမျှ၊ မဆက်သမိ
ခုမှသင်သေ၊ ကျမျက်ရေဖြင့်
ပန်းခွေချရင်း၊ ငါ့ရင်တွင်းဝယ်
ခံပြင်းစိတ်မှ၊ လှိုက်လှိုက်ကြွ၍
နောင်တမုန်တိုင်း၊ သောကလှိုင်းသည်
ပြိုင်းပြိုင်းတိုက်ခတ်ပါလေသတည်း။

ငိုသံ ရှိုက်သံ၊ ဆူညံသောင်းသောင်း
သင့်အလောင်း၏၊ ငွေခေါင်းနံဘေး
လူဖွေးဖွေးပြည့်၊ ပို့သည့်ဈာပန
စည်ကားစွလည်း၊ ဘဝရတနာ
သင့်လင်္ကာတို့၊ သန္တာပုလဲ
ရွှန်းရွှန်းကဲသည့်၊ မြရွဲစိန်စစ်
ကျောက်ဆစ်နီလာ၊ သင့်ကဗျာကို
ဘယ်ခါဖတ်ရပါ့မည်နည်း။

သင့်ကျေးဇူးကား
ပျံ့ကျူးဒီပါ၊ အလင်္ကာတည့်
ပမာပင်လယ်၊ ဝှန်းကျယ်တနှိုင်း
ပန်းတိုင်းပွင့်ရာ၊ မြေသြဇာသည်
လင်္ကာ ရေသောက်မြစ်နှယ်တည်း။

ရုပ်ကလာပ်သာ
လောင်ပြာအဖြစ်၊ ကြွင်းကျန်ရစ်လည်း
သစ်ခဲ့လင်္ကာ၊ သင့်ကဗျာမူ
စိုက်ထူမော်ကွန်း ခိုင်ခိုင်တည်း။

စာဆိုသေလည်း
မသေစာဆို၊ တင်စားလိုသည်
မြေကိုသက်သေ ပြု၍တကား။

အော် ပန်းတပွင့်သာ၊ ကြွေခဲ့ပါသည်
ကဗျာစာဆိုမသေတကား။

ကွယ်လွန်သူ ငွေတာရီသို့ကဗျာကို ဒေါင်းနွယ်ဆွေကရေးခဲ့ပြီး သွေးသောက်မဂ္ဂဇင်း (၁၉၅၈ ခု၊ မေလ) နှင့် ကဗျာ့ပုလဲကုံးစာအုပ် (၁၉၅၉ ခု) တွေမှာ ဖေါ်ပြခဲ့ပါတယ်။

ကျွန်တော်ထင်တာကတော့ စာဆိုမသေ ပန်းပွင့်လည်းကြွေ၊ သတ်ပုံတွေပါ ချွေခံကြရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး