ဆောင့် နှင့် စောင့်

ဆရာရှင့် ဆောင့်ခဲ့လည်း မသက်သာလို့ တွေ့လို့ပါဆရာ။ စောင့်အသုံးနှင့် ဆောင့်အသုံးလေး သိပါရစေရှင့်။

စောင့်
ဥစ္စာစောင့်
စောင့်စည်းသည်
စောင့်စားသည်
စောင့်ဆိုင်းသည်
စောင့်ထိန်းသည်
စောင့်နေသည်
စောင့်မျှော်သည်
စောင့်ရှောက်သည်

ဆောင့်
ကားဆောင့်သည်
တခုခုနှင့် ဆောင့်မိသည်
ဆောင့်တွန်းသည်
ဆောင့်ကြွားကြွား
ဆောင့်ကြီးအောင့်ကြီး
ဆောင့်ကြောင့်ထိုင်သည်

ဗေဒါပင်လေးဟာ ရေထဲမှာ ပေါလောမြောပါနေတယ်။ ရေထဲမှာ ကြွေကျနေတဲ့အုန်းလက်တွေလည်းရှိတယ်။ ရေအစီးနဲ့ လေအလာမှာ အုန်းလက်ကြွေတွေနဲ့ သူ့နံဘေးကို ဆောင့်မိတာ ခံရရှာတယ်။

သူနေတဲ့ရေထဲမှာ ဘဲအုပ်ကြီးလည်းရှိတယ်။ ဘဲတွေက ခြေနဲ့ကန်ကြောက်တာ၊ နှုတ်သီးနဲ့ထိုးဆိတ်တာ ခံရရှာတယ်။ ဒါပေမယ့် ဗေဒါပင်လေးဟာ ပွင့်ချိန်တန်ပွင့်လာတဲ့ ပြာလဲ့လဲ့ဖြူရော်ရော်ပန်းလေးနဲ့ အံကိုကြိတ်ရင်း မာန်တင်းပြီး၊ အသက်ဆက်ရှင်နေပါသတဲ့။

ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ။

မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာလှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ဗေဒါပင်လေးအဖြစ်ကို စောင့်စားရင်း ခံစားပြီး၊ ဆရာဇော်ဂျီက အဲဒီကဗျာကို ရေးဖွဲ့ခဲ့ပုံရပါတယ်။ ဗေဒါလမ်းဆိုတာ လောကဓံတရားတွေ ပြည့်လျှမ်းနေတဲ့ သက်ရှိတို့ရဲ့သံသရာသာဖြစ်ပါတယ်။ အံခဲကြပါလေ။

တစ်ချီ တစ်လံလို့ အရေးခံနေရတဲ့ မြန်မာစာ ဆောင့်ခဲ့လဲ မသက်သာ။ မြုပ်လေတဲ့ မဗေဒါ ပြန်ပေါ်လာပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၄-၁-၂ဝ၁၇
၂၄-၁-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး