A long time ago တခါတုန်းကပေါ့

ကွန်မင့်တခု ဖတ်ရပါတယ်။ အရင်တုန်းက မြန်မာ့ပညာရေးဟာ အာရှမှာ နာမည်ကြီးပဲတဲ့ ဖြစ်နိုင်တယ်။ ဆရာတို့လို အရွယ်ကောင်းတုန်းက ပညာတက်တွေဟာ ယခုခေတ်ပညာတက်ဘွဲ့ရတွေပေါ့။ တော်တော်ကွာပါတယ်တဲ့။

ကျွန်တော်တို့ဆေးကျောင်းတက်ခဲ့တာ လွန်ခဲ့တဲ့ (၅ဝ) နှစ်လောက်ကပါ။ ကျွန်တော်တို့အရင်က မြန်မာပြည်ဟာ ဒေသတွင်းမှာ အစစအရာရာ ထိပ်တန်းစာရင်းဝင်ခဲ့တာ အမှန်ဖြစ်ပါတယ်။ ကျောင်းသုံးပထဝီစာအုပ်မှာ မြန်မာနိုင်ငံသည် အာရှတိုက်မှ ထိုးထွက်လျှက်ရှိသော ကျွန်းစွယ်ကြီးသုံးခုအနက် အင်ဒိုချိုင်းနားကျွန်းစွယ်တွင်ပါဝင်လို့ ပါတယ်။ ကျွန်းစွယ်အားကစားပွဲမှာ မြန်မာ့ဂုဏ်ဆောင်တွေ ထွန်းပြောင်ခဲ့တယ်။

ဆီကိုရေချိုး ဆေးရုံးမီးလှုံခေတ်က အဲဒီခေတ်ထက် စောတယ်။ ဆီဆိုရင် နှမ်းဆီနဲ့ မြေပဲဆီစစ်စစ်။ ဆီစက်တွေက နည်းသေးတော့ တောမှာ နွားနဲ့ဆွဲရတဲ့ ဆီဆုံတွေက အိမ်တိုင်းမှာရှိတယ်။ ဆီစစ်မစစ်ဆိုတာ မေးခွန်းမဟုတ်ခဲ့ပါ။

ဖဆပလခေတ်မှာ ဝန်ကြီးတွေက တိုင်းပြည်ဘဏ္ဍာငွေကို ကုန်အောင်သုံးရမှန်းမသိလို့ နောက်လူတွေက ပြောကြတာ ဖတ်ဖူးတယ်။ ပုဂ္ဂလိကခေတ်မှာ ဟံသာအေးနိုင်လွန်၊ ရွှေကျီးနိုင်လွန်၊ ကြက်ဆင်ဖဲထီး၊ ပွင့်ကောင်း ငပိနဲ့ ငံပြာရည်၊ ဂျစ်ကားပုဆိုး၊ အင်းလေးလုံခြည်၊ မန္တလေးပိုးကြူ၊ ရွှေတောင်လုံခြည်၊ မုဒုံချိတ်၊ အမရပူရချိတ်၊ ရခိုင်ချိတ်။ အကောင်းစားတွေ စာရင်းအရှည်ကြီးရှိတယ်။

အစစအရာရာ ကျဆင်းဆုတ်ယုတ်လာတာ ၁၉၆၂-၆၃ ပြည်သူပိုင်ခေတ်ကစတယ်လို့ပြောရင် ငြင်းနိုင်သူ မရှိလောက်ပါ။ ကျွန်တော်တို့က ဆေးကျောင်းရောက်ကြပြီ။ ခွဲတမ်းစနစ်နဲ့ မှောင်ခိုစနစ် တပြိုင်တည်းပေါ်လာတယ်။ ကောလိပ် ကျောင်းသားတွေ တနှစ်တခါ အင်္ကျီစတဝတ်စာ၊ ပုဆိုးချောတထည်၊ ကိုယ်တိုက်ဆပ်ပြာတခဲ၊ သွားတိုက်ဆေးတဗူးသာ ဝယ်ခွင့်ရကြတယ်။

ပညာရေးစနစ်က ဝန်ကြီးတယောက်ပြောင်းရင် တမျိုး။ အင်ဒိုချိုင်းနားကျွန်းစွယ်မှာ ထိပ်ကရှိခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဟာ အထည်ကြီးပျက်ဖြစ်လာတော့တယ်။ ဆောရီး။

စနစ်မကောင်းပေမယ့် လူတွေရဲ့ ကြံရည်ဖန်ရည်က ကျမသွားလို့ ကျွန်တော်တို့ခေတ်ကို နောက်လူတွေက ကောင်းခဲ့တယ်လို့ ထင်မှတ်ကြရတာပါ။ ကျွန်တော်တို့ကတော့ ကိုယ့်အရင်ခေတ်ကလူတွေကိုသာ ပိုပြီးအထင်ကြီး အားကျကြတာ။ ကျောင်းဆရာ၊ စာရေးဆရာ၊ ကဗျာဆရာတွေက တော်ကြလို့ သူတို့စာတွေ ကနေ့အထိ အားကိုး အားထားနေရတယ်။ မြန်မာစာသတ်ပုံမှာ အဲဒီခေတ်ကရေးတာတွေက မှန်ကန်သင့်မြတ်တယ်လို့ ကျွန်တော် သက်သေခံပစ္စည်းအဖြစ် တင်ပြနေတာတွေဟာ အလကားမဟုတ်ပါ။

တချိန်မှာ လူကြီးမင်းတို့ခေတ်က သူတို့ခေတ်ထက် ပိုကောင်းတယ်လို့ နောင်လာနောက်သားတွေက ပြောကောင်း ပြောကြပါလိမ့်မယ်။ ကျွန်တော်တို့တိုင်ပြည်ကြီး ဘယ်ကိုဦးတည်နေပါသလဲ။

ဒေါက်တာတင့်ဆွေ
၂၂-၁-၂ဝ၁၈
၂၂-၁-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး