ကဗျာဆရာ့ အိပ်မက်

ငါပိုင်ဘဏ္ဍာ အိပ်မက်သာတည့်။

စိန်ရွှေရတနာ၊ မချမ်းသာလည်း
သြဇာအာဏာ၊ မချမ်းသာလည်း
ငါ့မှာချို့တဲ့၊ လက်မဲ့မဟုတ်
ငါ့မှာ
အနာဂတ်တွက်။ မျှော်လင့်ချက်ဟု
အိပ်မက်တလှေကြီးရှိသည်။

ငါ့အခန်းတွင်
အဆန်းတကြယ်၊ အိက်မက်ခြယ်၏။
အိပ်မက်မျိုးစုံ၊ လက်ပုံပုံ၍
မွှေးထုံချိုသင်း၊ ဈေးလိုခင်း၏။

မိုးမှောင်သောည၊ ငါဝေငှသည်
လှလှပပ၊ ရောင်ကြိုးကြွနှင့်
ဘဝအိပ်မက်၊ လူ့အိပ်မက်ဟု
စိတ်ကွက် မြကွက်ကလေးများ။

ငါ့အိပ်မက်ကို
နှစ်သက်မှသာ၊ ယူနိုင်ပါ၏။
အနာဂတ်ကို၊ ချစ်သူဆိုလျှင်
ယူလိုမည်မှာ၊ ငါသိပါ၏။

ငါ့မှာပိုင်သ၊ အိပ်မက်မျှကို
ဝေငှဆင့်လောင်း၊ ဆုမွန်တောင်းသည်
အိပ်မက်ကောင်းများ၊ မက်စေသား။

တင်မိုး (၂၅-၃-၁၉၇၃)

အိပ်မက်တစ်လှေကြီး မဟုတ်။ အဆန်းတစ်ကြယ် မဟုတ်။ ကဗျာဆရာ့သတ်ပုံ ကြုံလို့တင်ပြ ယုံလိုမှသာယုံပါလေ။

ဒေါက်တာတင့်ဆွေ
၂၂-၁-၂၀၁၉

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Alinamin F ထိုးဆေး